မင်္ဂလာပါ......

Sunday 27 September 2009

အမှတ်မရှိတဲ့ ငါ


(၁)
အမှားတွေကို ချစ်နေတာလား
လွဲချော်မှုတွေကို ခုံမင်နေတာလား
ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အရာတွေပဲလား
စိတ်ကူးထဲက နိုးထပြီး
မနက်မိုးလင်းလို့ ထကြည့်
အော် တစ်နေ့စာအဆာရှာထွက်ကြတဲ့
ငှတ်ကလေးတွေက ငါ့ကိုလှောင်လို့ ပြောင်လို့
ကိုယ့်ပိုင် ဘာသာစကားနဲ့ ကိုယ့်ဖာသာကြေနပ်
ကိုယ့်ဘဝ ကိုယ့်ဖွင့်ဆိုချက်နဲ့ ကိုယ် သာယာ
ဒါတောင် အပြစ်က မလွတ်ချင်ဘူး တဲ့။
(၂)
လူထဲက လူတစ်ယောက်အဖို့
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
အပြီးထိ ကြည့်မည့်သူမရှိလဲ ပြီးသည်ထိတော့
ဆက် ကရမှာပဲ။
အသွားမတော် တစ်လှမ်း အစားမတော် တစ်လုပ် တဲ့
ရွေးခြယ်ခွင့် နဲ့ ဝေးနေကြမှတော့
ဖြစ်သလို ကြုံသလို သာ ဆက်ရမှာပဲ
ကိုယ့်စိတ်နဲ့ကို ရူးနေကြတာပါပဲ။
ဘာလုပ်လုပ် ဘာတွေးတွေး
ဘာမှကို အရသာမတွေ့ဘူး
ဘာမှကို ခံတွင်းမတွေ့ဘူး။
တစ်ခုခု ကို လုပ်မယ်ကြံရင် တစ်ခုခုက ဖျက်နေတယ်။
ဘာလဲဆိုတာလဲ အပြောရခက်တယ်
ဘာမှ နားမလည်တာတွေ ရေးမိမှတော့
ဘာမှ နားမလည်တာတွေ ဖတ်ရမှာပေါ့။
သမရိုးကျ ဖြစ်စဉ်မှာ ဒါတွေ မပါခဲ့ဘူးဆိုတာ
ကျုပ်တို့ မတွေ့ကြုံခဲ့ဘူးတော့ ဖြစ်သလို ကြုံသလိုဆက် ကဖို့လွဲပြီး
အခြားဘာမှ မရှိပါဘူး။
(၃)
ကိုယ့်ကိုကိုယ် အမှတ်ပေးထားပါရက် နဲ့
အမှတ်မရှိခဲ့မှတော့ ဘယ်သူ့အမှတ်ကိုမျှော်ရမှာတဲ့လဲ။
ဖြစ်စဉ်များစွာကို အကြိမ်ကြိမ်ကောက်ချက်ချ
တစ်နေ့သာ ကုန်သွားတယ်
လူတွေ ပုံမှန်အသက်ရှူက မရပ်ဘူး။
ပုံလောင်နေပါတယ် ဆိုမှ
ပူလောင်မှုတွေက ကူးဆက်
ဆက်ကပြရမယ့် လူဘဝဇာတ်ခုံ မသိမ်းသေးသမျှ
ကပြကြရမှာပဲ။
ပွဲပြီးသွားရင် တစ်ခုပဲ လိုတယ်။
မိုး မလင်း ဖို့ ။
တကယ်မိုးလင်းမှာကို ကြောက်နေသူအတွက်ရယ်ပါ။
ရှင်သန်နေကျ သစ်ပင်တွေ
သီဆိုနေကျ တေးသံတွေ
တစ်ဖြေးဖြေး နွေရာသီ ဆန်လို့လာတယ်။
ဘာမှ အကြောင်းပြချက် အသစ်မလိုပါဘူး
ကိုယ်ရှင်သန်ခဲ့တဲ့ ကာလတစ်လျှောက်မှာတင်ကို
ကိုယ့်မှတ်ကြောက်ကို ပြန်ကြည့်လို့ရပါသေးတယ်။
အဆိပ်ပင် ကို ရေမလောင်းမိတဲ့ ငါ မဖြစ်သေးသမျှ
အမေ့အိမ်ကို ငါပြန်ခွင့်ရှိတယ်။
လူ့ ဘဝက ခဏလေးရယ်ပါ
အရိုးပြိုင်းပြိုင်းထနေတဲ့ တောအုပ်ထဲမှာ
ဘယ်ကလာပြီး ခင်ဗျုားတို့လိုချင်တဲ့ သာယာမှုရှိမှာတဲ့လဲ။
အာရုံတွေက မချိုပါဘူးဆိုမှ
အမှတ်မရှိတဲ့ ငါက မနေ့က ထမင်းသိုး ဟင်းသိုးတွေကို
တက်လို့ မက်လို့ မျှော်လို့ လင့်လို့........။

0 comments:

Post a Comment