မင်္ဂလာပါ......

Wednesday 23 September 2009

ဖိုးသူတော်ကြီး ပြောပြတဲ့ပုံပြင် . . .

ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒီလိုပါ။


တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း
နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခက်တာက သူတို့နေတဲ့အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ
မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကြရင်
ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။

တစ်နေ့လဲမဟုတ်၊ နှစ်နေ့လဲမဟုတ် နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက်
ညစာတောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလဲ ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ၊ တစ်သက်လုံး ဒီလိုပဲ တောင်းစား နေတော့မှာလား။ ကိုယ့်ဖါသာ
ကိုယ်လည်း ချက်စားကြ ဦးမှပေါ့”
“ချက်တော့ ချက်စားချင်ပါတယ်ဗျာ။ ဒါပေမဲ့ မီးဖို မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျ။ ဒါမှမဟုတ် ခင်ဗျားတို့လဲ သိပ္ပံပညာရှင် တွေပဲ…
ကိုယ့်ဖါသာကိုယ် မီးဖိုလေးတစ်လုံး တောင် ဖြစ်အောင် မလုပ်တတ် ကြဘူးလား”
ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…
“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး
တည်ဆောက် ကြမယ်ပေါ့။ ဒီလိုနဲက အားလုံးသဘောတူ လိုက်ကြတယ်။
အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့ …။
မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တစ်နေရာက တစ်နေရာကို
ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်မှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင်
နောက်တစ်ယောက်က
“ဘီးတွေကြီးပဲရှိရင် ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး
ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“စက်လဲ တတ်ပြီးပြီ၊ ဘီးတွေလဲ ရှိပြီ၊ မောင်းလို့လဲ ရနေပြီဆိုတော့… တစ်ခါတည်း
လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ် ကြားလို့ လာကြည့်ကြတဲ့ လူတစ်ယောက်က
အဲဒီမီးဖိုကိုလည်း မြင်ရော ရင်သပ်ရှုမော ဖြစ်သွားပြီး…
“အို… အံမခန်း လက်ရာပဲ”
လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ
မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါလေရော… တဲ့။
ကြည့်တဲ့သူတိုင်း ကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံ
ကြားလေလေ သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရ လာလေလေ… သူတို့
လက်စွမ်းပြ ချင်လာလေလေ ပေါ့။
ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊
ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျှောက် စနစ်နဲ့ ဖွဲစည်း ပြောင်းလဲ
လို့ရအောင် တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ်
ပျံလို့ရအောင် လုပ်တယ်။ မီးဖိုကြီးက မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေး
နိုင်တယ်။
တတိယသိပ္ပံပညာရှင် ကတော့ မီးဖိုကြီး အတွင်းမှာ ကွန်ပြူတာ တစ်လုံး
တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာ မှန်သမျှကို အဲဒီ ကွန်ပြူတာ
ဖြေရှင်းပေးနိုင်တယ် ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက
မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပြူတာက
ဗေဒင် ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ချီးမွမ်းကြတယ်။
နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ
အထူးခြား အဆန်းသစ်ဆုံး အပြည့်အစုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်လေး တစ်ခုပဲ
ရှိတယ်။
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ၊ ဟင်းတွေ လိုက်တောင်းစား
နေရတာပါပဲတဲ့။

ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး လျှောက်စဉ်းစား နေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်…” လို့။

— မင်းခိုက်စိုးစံ ၏ ကတ်သီးကပ်သတ်မှ —

0 comments:

Post a Comment