မင်္ဂလာပါ......

Showing posts with label ဒီနေ့ အကြောင်း. Show all posts
Showing posts with label ဒီနေ့ အကြောင်း. Show all posts

Thursday, 1 April 2010

ငါပြန်လာမယ် ဧပရယ်

ဒီနှစ်ဧပရယ်အတွက်
ဘာလက်ဆောင်မှမလိုချင်ဘူး
ဒီနှစ်ဧပရယ်အတွက်
ဘယ်အင်တာနက် ဘယ်လိုအွန်လိုင်းမှ ရင်မခုန်ဘူး
ဒီနှစ်ဧပရယ်မှာ
ဘယ်သူ့ကိုမှ မမျှော်လင့်ဘူး
ဒီနှစ် ဧပရယ်မှာ ပိတောက်ပန်းအတုတွေကိုကျောခိုင်းမယ်။

တစ်ခမ်းရပ်ပြဇာတ်အတွက်
ကိုယ့်ဖာသာကို ကားလိပ်ချမယ်
လမ်းများပေါ်က လမ်းတစ်ခုကိုစိတ်ကြိုက်ရွေးမယ်
ဧပရယ်ကိုပြန်လာမယ်ဆိုတာ ပြောလိုက်မယ်
ဒီလောက်ပေကျံနေတဲ့ စိတ်ကို
ဧပရယ်ရေအေးအေးနဲ့ စင်အောင်ဆေးမယ်
အမေ့နားမှာ ညီမလေးနားမှာ အနီးကပ်ဆုံးနေမယ်
ငါပြန်လာပြီ ဧပရယ်။

မနှစ်ကလိုမျိုး တစ်ယောက်ကိုတစ်ယောက်
မကြည့်ရဲ ကြည့်ရဲ နဲ့ ကြည့်ဖို့မလိုတော့ဘူး
အတုတွေကို ဝတ်ဆင်ဖို့မလိုတော့ဘူး
အိပ်မက်တွေကို စားဖို့မလိုတော့ဘူး
အတွေးများနဲ့ အချိန်ကုန်ခံဖို့မရှိတော့ဘူး
တစ်ယောက်ကို တစ်ယောက် စိတ်ကောက်စရာမရှိတော့ဘူး
တစ်ယောက်ကိုတစ်ယောက် ထိုင်မျှော်နေစရာမလိုတော့ဘူး
လက်တွေ့မကျတဲ့ ခပ်ပျင်းပျင်းနေ့တွေ မရှိတော့ဘူး
ခါးသီးလွန်းတဲ့ နေ့များ ချဉ်စုပ်စုပ် ညများမလိုအပ်တော့ဘူး
သေချာတာကတော့
ငါ့စိတ်ထဲမှာ လရောင်နဲ့ မဝေးတော့သလို
နေရောင်ခြည်ရဲ့ နွေးထွေးမှုအစစ်ကို
ငါချစ်တဲ့သူတွေ နဲ့ မျှဝေခံစားတော့မယ်
နောက်ဆိုရင် သိပ်ပြီးမသေချာလို့ပါ
အားလုံးကို ခဏတော့နှုတ်ဆက်လိုက်ပါတယ်
ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နေထိုင်နိုင်ကြပါစေ။

Saturday, 20 March 2010

တူးဖော်မိတဲ့မသိစိတ်



သမားရိုးကျ မွေးဖွားလာခဲ့တာပါ
သမားရိုးကျ ရှင်သန်လာခဲ့တာပါ
ထူးခြားမှုဆိုတာ ဘာမှမရှိ
အရူးထဲက အရူးတစ်ယောက်
ဘယ်သူ့ထက်မှ ပိုမထူးခဲ့
ဘယ်သူ့ထက်မှ ပိုမရူးခဲ့
အားဆေးမလိုတဲ့ညတွေမှာ
ဒီသောကတွေကိုပဲ အရည်ကျိုသောက်ခဲ့မိတယ်။

အဆာမကြေဖြစ်မယ်တဲ့ အမေကမှာဖူးတယ်
လူတစ်ယောက်အပေါ်မှာပဲ
ဦးတည်ချက်ထားကြတာ ရာသီစာတဲ့လား
အခမ်းကျဉ်းကျဉ်းလေးပေမယ့်
ငါ့စိတ်က ဟင်းလင်းပြင်ထဲမှာပါ
တော်ပါသေးရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖတ်လေးရှိလို့
စိတ်ဖိအားတွေ များလာရင် လူရဲ့ စိတ်ထွက်ပေါက်က ဘာတဲ့လဲ
ကျင်းပနေကျ ညစာပွဲလေးတောင် ခမ်းခြောက်နေပြီပဲ
ဒီညလေးလဲ ငိုရအုံးမယ်ထင်တယ်။

ရယ်ရမလို ငိုရမလို အီလည်လည်ကြီး
ဒီအချိန်ဆို သူအိပ်နေပြီထင်တယ်
အိပ်ပျော်နေပါစေ နှစ်ခြိုက်ပျော်ရွှင်စွာ အိပ်ပျော်နေပါစေ။
ငါအိပ်ပျော်နေစဉ် နံက်ခင်မှာ
ငှတ်ကလေးတွေ တစာစာမြည်ပြီး
အစာရှာထွက်ကြတာ ငါမြင်အောင်ကြည့်မှဖြစ်မယ်။
ညနေက တွေ့လိုက်တယ်
အသံက ဘယ်လိုမှ ထွက်မလာဘူး
အရင်းနှီးဆုံး စိတ်ချင်းကပ် ဖွင့်ချလိုက်တယ်။
နဲ နဲ တော့ ပေါ့သွားသလိုခံစားမိတယ်
ဒါပေမယ့် မပြီးသေးပါဘူး။

အဝေးဆုံးကိုထွက်ပြေးချင်တယ်
ကိုယ့်ကိုကိုယ်ပြန်မမြင်ရတဲ့ နေရာ
မှောင်လွန်းနေမလား လင်းလွန်းနေမလား
သေချာတာ တစ်ခုကတော့
ငါမပိုင်တဲ့ အာရုံငါးပါးကို ငါ့ဟာဆိုတဲ့ စိတ်
မထားချင်တော့တာလေး လက်ဆောင်ပါးပေးပါ။
ဒီည လဲ နာရီသံကိုပဲ တေးသွားလုပ်ပြီး
အိပ်ရအုံးမယ်ထင်တယ်
မိုးရယ်................. မြန်မြန်လင်းပါတော့
ဒီမှာ အမှောင်ကျနေလို့ပါ။
( ဒီနေ့ လာပြီးအားပေးတဲ့ ညီမလေး ပျော်ရွှင် ငြိမ်းချမ်းပါစေ)

Tuesday, 16 March 2010

အချိန် နဲ့ နေရာ

တစ်နာရီစာလေး အတွက်လား
ငိုချပစ်လိုက်ပါ။
တစ်ဘဝစာလုံးအတွက်ဆိုရင်တော့
ရွာချပစ်လိုက်စမ်း။
အိပ်မရလို့ ထ ထကြည့်မိတယ်
သူတို့ရဲ့ကိုယ်ခန္ဓာပေါ်မှအမှိုက်များ
ငါ့စိတ်ပေါ် တဖွဲဖွဲ
နံရံတွေပေါ်မှာ အရုပ်ရေးကြည့်မိတယ်
မထင်ဘူး အချိန် နဲ့ နေရာ မှားခဲ့လို့ထင်ရဲ့။

ခဏတိုင်း အမှတ်ရမိလို့
ခဏ ခဏ ငြီးမိတဲ့ သီချင်းတွေကလည်း
အဲဒီခဏလေးမှာပဲ အရင်လို သိပ်မချိုတော့ဘူး။
ဒီနှစ် ပိတောက်ရာသီနောက်ကျမယ်တဲ့
ညီမလေး ပြောသွားတာ
ပိတောက်ရာသီအမှီ အိမ်ပြန်ရောက်ချင်တယ်။


သင်္ခါရနယ်ပယ်မှာ ပြင်မရတဲ့ အမှားရှိလား
အချိန် နဲ့ နေရာမှားနေသမျှ တန်းဖိုးမဲ့နေမှာပဲ
ဘယ်လောက်သောက်သောက် မဝဘူး
ရေကိုက ချိုနေလို့လား
ဒါမှမဟုတ်.....
ပစ္စုပ္ပန်ကိုယ်တိုင်က ခါးနေလို့လား
နက်ဖန်မှာလည်း အိပ်မက်ချိုချိုလေး မက်ချင်တယ်။
အချိန် မှန် နေရာမှန် ရောက်ဖို့အတွက်
အကိုယ့်ညီမလေး ရေ့.........
ငိုတက်တဲ့ မျက်နှာကို ခေါက်ပြီး သိမ်းထားလိုက်ကြစို့။

(ဒီနေ့ ပြောသွားတဲ့ ညီမလေး အတွက်ပါ)

Tuesday, 9 March 2010

ကြေမွသွားတဲ့ စိတ်အပိုင်းအစ

(၁)
ရာသီဥတုက ပူတာလား ကိုယ်တိုင်ပူနေတာလား
ဘာမဟုတ်တဲ့ ရာသီကိုရိုးမယ်ဖွဲ့
အဲဒီညက သူမရဲ့တရားကို နာခဲ့ရတယ်။
အဆင်မပြေပါဘူးအမေရယ်
စိတ်ဓါတ်တွေက ဘာလို့ဒီလောက် ပျက်သားလွန်းတာလဲ
သားကိုသား ရှက်လိုက်တာအမေရယ်
နားထောင်ရင်းနဲ့ပဲ အမေ့ရွာလေးကို
အိပ်မက်ပစ်လိုက်တယ်။
နောက်ပြီး သူတို့ကို အားရလိုက်တာ
နောက်ပြီး သားကိုသားအားမရလိုက်တာ
မွေးကတည်းက ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ပါဘူး။
သူတို့က အရှေ့ဆိုရင် လွယ်လွယ်နဲ့ ခေါင်းညိမ့်ခဲ့ပြီး
အနောက်ဆိုရင် လည်း ဘာကိုမှ မစဉ်းစားခဲ့မိဘူး။
ပညတ်တရား နဲ့ ပရမတ်တရား မကွဲသေးသမျှတော့
လည်ကြဖို့ပဲ ရှိတယ်(သံသရာမှာပါ)။

(၂)
တကယ်ကိုထူးခြားတဲ့ခြားတဲ့စိတ်တစ်ခု
ဆန်းလွန်းတဲ့ အတွေးတစ်ခုအလိုလိုဝင်လာတယ်။
ည က ပိုပြီး အဓိပ္ပါယ်ရှိသွားသလို
ပိုပြီးတော့လဲ အသက်ဝင်သွားတယ်။
အသက်မဲ့နေတဲ့ ညတွေအတွက် ကြေနပ်ခဲ့ပါတယ်
ဥပတိဿအရှင်ရဲ့ ဆရာကြီးကိုပဲ
အယူမှားပေမယ့် လေးစားမိတယ်။
သူမေးတာရှင်းရှင်းလေး ပါ လူမိုက်နဲ့ ပညာရှိ ဘယ်သူက များလဲ...တဲ့
တပည့်ဖြစ်တဲ့ ဥပတိဿ က အမှန်တရားကိုရှာဖွေနေလို့ထင်ရဲ့
အမှန်အတိုင်းပြောခဲ့ပါတယ် သူ့ဆရာကို
လူမိုက်က များပြီး ပညာရှိတွေ နည်းနည်းလေးပါ တဲ့။


(၃)
အဲဒီ နည်းနည်းလေးကို ဆက်ရှာရမလား
ဒါမှ မဟုတ် ဒီလိုပဲ ...................ဆက်ပြီး မှိန်းနေကြမလား။
သေချာတာ တစ်ခုကတော့ ဘယ်နေရာ သွားသွား
ဘာလုပ်လုပ် အခက်အခဲ ဒုက္ခဆိုတာဘဝတစ်ခု ရလာကတည်းက
ကပ်ပြီး ပါခဲ့ကြတာကို မေ့ချင်ဟန်ဆောင်ခဲ့ကြတာပါ။
သိသိကြီးနဲ့ မသိဟန်ဆောင်နေတာအဆိုးဆုံးကြီးရယ်ပါတဲ့။
သူ့ရဲ့ စကားတွေက ရှင်းလွန်းတော့
ကျုပ်ကိုကျုပ် အတော်လေး ရှုပ်သွားတယ်
ဘာလိုလို နဲ့ ကိုယ်အသက်ကို ပြန်ထုဆစ်ကြည့်မိတော့
ဟာ အနှစ် သုံးဆယ်တောင် ကျော်ခဲ့ပါလား။
လုပ်ချင်တာ လေးတွေတော့ လုပ်ဖြစ်အောင်လုပ်မှ ဖြစ်မယ်ဆိုတာ
သိလိုက်တယ်။စိတ်ဓါတ်ကို အမြင့်ကြီးထိ လွှင့်ပစ်လိုက်မိတယ်
အဲဒီ ညလေးမှာ ပါ။
တန်းဖိုး အကြီးဆုံး အချိန်တွေကို
ကြေမွသွားတဲ့ စိတ်အပိုင်းအစလေးများနဲ့ အတူ
ပြန်လည်ပြီး ကျမလာစေဖို့
ကျရာတာဝန်ကိုယ်စီမှာ ကြေပွန်ကြပါစို့။

Friday, 5 March 2010

ပန်ကလေးကို မနွမ်းစေချင်သူ



တကယ်ဆိုရင် ရာသီဥတုက ပူပျင်းနေမှန်းသိပါတယ်။တဖြေးဖြေးနဲ့ အချိန်တွေလည်း တစ်ရွေ့ရွေ့ ခရီးနှင်နေလိုက်ကြတာ။တစ်နာရီ ကို ဘယ်နှစ်မိုင်ဆိုတာတောင် မတွက်ခဲ့ကြဘူး။ဒီနေ့ ကမ္ဘာကြီးကတိုးတက်နေတယ် တဲ့။ဒါဆိုရင် ကျုပ်တို့ကရော ကိုယ့်အပူနဲ့ကို ပြန်လှုံမိနေကြတယ်။ ကိုယ့်မှာ အအေးဓါတ်လေး တော့ ရှိပါရဲ့ ဟိုလူက ဖဲ့ယူလိုက် ဒီလူက ဖဲ့ယူလိုက်နဲ့ ကုန်ခမ်းလု နီးပါး။မသေယုံတမယ် နေရရင် တော်ပါပြီတဲ့။လူတစ်ချို့ကတော့ ကိုယ့်ကို ကို နာမည်ကြီးဖို့အတွက် လုပ်ချင်တာတွေ လုပ်နေကြ။ ဘာကိုမှ လွယ်လွယ်နဲ့ အားမကျတက်တာ ကျုပ်မှားသလား။နိုင်ငံတကာ ပတ်စ်ပို့ရုံးကို ရောက်သွားတယ်။ လူတွေ သွားလိုက်ကြတာ။အိမ်ယာမြေ မရှိကြသလိုပဲ။ကိုယ်နဲ့ အနီးစပ်ဆုံးတွေးမိတာပါ။အခမ်းပြင်ထွက်ကြည့် တော့လဲ ပူတာပါပဲ။အခမ်းထဲ နေမိပြန်တော့လည်း အင်း မထူးပါဘူး ပူတယ်။ကိုယ့်အကြောင်းက ပူလွန်းလို့ သူတို့အကြောင်းတွေးကြည့်မိတယ်။အား.............ပူလိုက်တာ။မီးချောင်းက ဖြာကျလာတဲ့ အလင်းရောင်က မှုံနေသလား လို့ နေရောင်ခြည်ကို ယူကြည့်မိတယ်။ကိုယ့်ကို ကိုယ် ခံနိုင်ရည် မရှိသေးမှန်းသိလိုက်ရတယ်။ ဒါနဲ့များ ကိုယ့်ကိုကိုယ် လရောင် အောက် ဇွတ်စွဲသွင်းကြည့်နေမိတယ်။အားနာဖို့ ကောင်းလိုက်တာ စွမ်းအားရှိသလောက် လင်းလက်နေတဲ့ ကြယ်လေးတွေ။ကိုယ့်အလင်းရောင် ကိုယ်ပြန်ပြီး မြင်နိုင်တဲ့ တစ်နေ့ဆိုတာ မဝေးတော့ပါဘူး။ကိုယ့်အမှောင် နဲ့ ကို ပိတ်မိနေတော့ ကိုယ်ကဘယ်ကပြန်ထွက်ရမှန်းမသိ ဖြစ်နေတာ။လိုချင်တာတွေ ပိုများလာတယ်။ပိုင်ဆိုင်ချင်တာတွေ ပိုပိုများလာတယ်။မပိုင်ဆိုင်သေးတာက ကိုယ့်စိတ်။ကိုယ့်မှာရှိတာလေးနဲ့ ဘယ်လိုကြေနပ်အောင်နေရပါ့။အဲဒီ လိုချင်မှုတွေ များနေလို့ မင်းဆင်းရဲနေတာ တဲ့။ဖြစ်နိုင်ပါတယ်။ဘာမှ မလိုချင်တဲ့ စိတ်လေးကို လိုချင်တာကလည်း တကယ်ဆိုရင် လိုချင်တာပါပဲ။မနှစ်က ပရော်ဖတ်ဆာကြီးပြောတဲ့ စာသင်ခမ်းထဲတုန်းက အတွေးတွေလည်း ဘယ်စီကို အတောင်ပေါက်ပြီး ပျံသန်းကုန်ကြပါလိမ့်။နေပျော်တဲ့ စိတ်နဲ့ နေကြည့်တယ်။အဆင်ပြေတဲ့ အခါ ရှိသလို အဆင်မပြေတာတွေ လည်း ဒု နဲ့ ဒေး။ခပ်ပါးပါးလေးပဲ ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ရတယ်။ဘယ်သူ့စီမှာမှ ဦးမညွတ်ခဲ့ဘူးသလို ဘယ်သူ့ကိုမှ လဲ ဦးမော့စရာမလိုပါဘူး။ဒီလို ပဲ အချိန်တန်ရင်ပြီးသွားမှာဆိုတာ သိနေတော့ ဘာကို ဘယ်လို ခံစားရမှန်းမသိဘူးဖြစ်နေတယ်။ကိုယ့်ပတ်ဝန်းကျင် နဲ့ နေသာထိုင်သာရှိနေကြတာပဲ။လူတွေက စာအုပ်တွေထဲက စာတွေ အတော်လေးပြောတက်လာကြတော့။စာတက် ပေတက် တဲ့။ကိုယ့်အပူကို ဘယ်လို ခွါချကြမလဲ။စိတ်ထဲမှာ အမှိုက်တွေ ကပ်နေမှန်းသိရင် စိတ်နဲ့ပဲ ခွါချရမယ်ဆိုတာ သိပါလျက် နဲ့ မသိသလို နေနေတာတော့ မကောင်းပါဘူး။ပန်းကလေး ရယ် အမြဲတမ်းလန်းဆန်းနေစေချင်ပါတယ်။ဘာကိုမှ မတွေးကြဘဲ စိတ်ထဲရှိတဲ့အတိုင်း နေထိုင်ကြတာပဲ ကောင်းပါတယ်။အများနဲ့ဆိုင်တယ်ဆိုတာ သိသားနဲ့ ငါက တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာ အချစ်တဲ့လား။အပြင်မှာပူတယ် ပန်းကလေးရယ် တစ်နေရာရာမှာ တစ်စုံတစ်ရာအတွက် မင်းပွင့်လန်းနေမယ်ဆိုတာ ငါသိနေပါတယ်။ဒီလိုပဲ ငါတို့တွေ အောင်မြင်မှုတွေနဲ့ အလှဆင်ကြမယ်။အစွမ်းကုန်ပွင့်လန်းကြမယ်။စွမ်းအားရှိသလောက်အလှဆင်နိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်။

Saturday, 20 February 2010

ပြည့်နှံ့နေတဲ့ ပုံရိပ်

ကျုပ်ရဲ့ ကိုယ်ပေါ်မှာ သူ့ပုံရိပ်များနဲ့ ခြုံလွှမ်း
ကျုပ်နားထဲမှာ သူ့အသံများနဲ့ ပြည့်လျှံ
ကျုပ်ပါးစပ်ဖျားမှာ သူ့နာမည်များကို
ခဏ ခဏရွက်ဆိုနေမိ။
ကျုပ်သွေးထဲမှာ သူကအမြဲလွှမ်းမိုး
ကျုပ် စိတ်ထဲမှာတော့ သူ့စီမှာပဲတစ်ချိန်လုံး
ကျုပ်လက်ဖျားမှာ သူ့အနုအလှတွေနဲ့သွယ်လျှ
ကျုပ်ခြေထောက်မှာ သူ့စီဦးလှည့်
ဘာဖြစ်ဖြစ် သူဖြစ်ချင်တာ ဖြစ်နေတဲ့ ဘဝ
ဘာအတွက်နဲ့ ကျုပ်တို့ငိုကြွေးနေရမှာတဲ့လဲ။
တစ်ချို့လူတွေ အတွက် ရင်ကော့ ခေါင်းမော့ပြီး
ခပ်တင်းတင်း ကြည့်ပစ်မိတယ်။
ဘာဖြစ်သွားမယ်ဆိုတာမှ မသိတာ
နှစ်ဦးသဘောတူ ကြေနပ်မှုယူပြီးသာပဲ
ဘာကို စိတ်ထဲမှာ ထားရမှာလဲ
သူများအပေါ် မကောက်ကျစ်ဘူး
သူ့အပေါ် ပျက်စီးရာ ပျက်စီးကြောင်း မကြံစည်ဖူးဘူး။

ဒီလောက်နဲ့ ပြည့်စုံလုံလောက်ပြီလို့
မထင်ခဲ့ပါဘူး တကယ်လို့များသာပေါ့...
အမေ့ရွာလေးကို ပြန်ချင်တဲ့ စိတ်တောင်မေ့မေ့နေတယ်။
မနက်ဖန်တွေ ရှိနေသေးတယ်
အိပ်မက်တွေ ယှဉ်သန်ဖို့ နိုးထဖို့ဆိုတာ
အားလုံးကိုယ့်အပေါ်မှာ တည်မှီနေတယ်ဆိုတာ
သူ့အရိပ် ကျုပ်အပေါ်က မခွါသေးခင်ထိ သေချာတယ်။

နေရောင်ခြည်ရယ် သိပ်ပြီးနုညံ့လွန်းတော့
ခံယူ ထိတွေ့ရမှာ မဝံ့မရဲဖြစ်နေတယ်။
အားလုံးပုံအောပြီး လောင်ကြေးထပ်ခဲ့တာ မဟုတ်တော့
အနိုင် ၊ အရှုံးဆိုတာ ကျုပ်နဲ့ သူ့ကြား ပါးပါးလေးပါ။
တစ်ခမ်းလုံး သူ့ပုံရိပ်တွေနဲ့ ပြည့်နေတယ်
ညတိုင်း နေ့တိုင်း မျှော်နေရတာကိုက
ပျော်စရာ ကောင်းလာတယ်။
အဲဒီ ပုံရိပ်တွေမှာ ဘယ်လို အရိပ်မှ မထင်ကျန်စေချင်ဘူး။
အလင်းရောင်က မှုံပြပြ ဖြစ်နေတော့
တစ်ယောက်စိတ်ကို တစ်ယောက်သိဖတ်ကြည့်မိတယ်
ဘယ်သူနဲ့မှ ဖြစ်စဉ်ခြင်း မတူမှတော့
သူ့ပုံရိပ်တွေကို ဘယ်တော့မှ မမေ့တော့ဘူးဆိုတာလေးပါပဲ။

Thursday, 18 February 2010

ခရီးတစ်ကွေ့...

အချိန်မှန်တွန်နေကျ ဥသြသံတွေ
နားမထောင်မိတာ ကြာပေါ့
အော် ဘာလိုလို နဲ့ တစ်နှစ်သားလေးအဖြစ်
ရောက်မှန်းမသိ ရောက်လာခဲ့တယ်။
အသက်က မကြီးသေးတော့
ရင့်ကျက်မှုဆိုတာ ကျုပ်နဲ့ အဝေးကြီးမှာပါ
လူပြောသူပြောများလွန်းတဲ့
အရာတွေကို ဘာလို့လိုက်ပြီးအားကျနေပါလိမ့်။
မလိုချင်လည်း ရောက်လာမယ့်မနက်ဖန်
ပုံမှန်အတိုင်းရင်ဆိုင်လိုက်ရုံမှတစ်ပါး
ဘာမှ မရှိပါဘူး။

အပူသည်ချင်း အတူတူ
ဟန်လုပ်ပြီး ပြုံးမပြတက်ဘူး။
ဟန်ဆောင်ရတာ ပင်ပန်းပြီး ကြာရှည်မခံခဲ့တော့
မျက်နှာကြောတွေက တင်းလာတယ်။
နောက်ဆုံးတော့ ပင်လယ်ထဲကိုစီးဝင်ခဲ့ကြတယ်လို့ဆိုကြတယ်
စီးမျောလာခဲ့တဲ့ အနှစ်သုံးဆယ်
ခုမှ အထင်ကြီးစိတ်ကို မုန်းတီးခဲ့တာ
တစ်နှစ်ပဲ ရှိသေးတယ်။

ရိုးသားမှုဆိုတာ ခဏလောက်ငှါးယူလို့မရဘူးဗျ။
သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်
လူဆိုတာ ကြော်ငြာပစ္စည်းတစ်မျိုးပဲ တဲ့
ကျုပ်လို လူညံ့တစ်ယောက်ကို
ဘယ်လို ကြောငြာရပါ့။
မဟုတ်တာကြီးကို ဆက်ပြီး မလုပ်ချင်တော့ဘူး။
ကြီးလာရင် ပြင်သွားလိမ့်မယ်ဆိုပဲ
ကိုယ်ပေါ်မှာ အစာအိမ်အတွက် သွေးစုပ်တဲ့
ခြင်တစ်ကောင်ကို စာနာကြည့်မိတယ်။
လူတွေက မကောင်းကြဘူး အကိုယ်ရယ် တဲ့
ဒါဆိုရင် အကိုယ်တို့ကောင်းရမယ်ပေါ့
ညီမရဲ့ စကားကို လူပိန်းတစ်ယောက်ထက်ပိုပြီး
ကျုပ် ဘာသာမပြန်တက်ခဲ့ဘူး။

ညတိုင်းလည်း ပူတယ်
နေ့ဆိုရင် ပိုပူတယ် အဲဒါထက် ကျုပ်ပိုပြီးပူတယ်
ဘယ်စီကို ဆက်ပြီးရွက်လွှင့်ရအုံးမယ် မသိ
အားလုံးကို ကြောင့်ကြမဲ့ နေချင်လို့ထွက်ခဲ့တာမဟုတ်ဘူး။
နယ်ပယ်သစ်မှာ အတွေးသစ် စိတ်ကူးသစ်အတွက်
နေ့တိုင်းလိုလို တော်လှန်ချင်ခဲ့တာ။
ဒါပေမယ့်....ကိုယ့်ကို ကိုယ်မတော်လှန်နိုင်သေးဘူး
စကားလုံးအကြီးတွေ မသုံးဖြစ်တော့ဘူး
အခွင့်အရေးပေးတာ များလွန်းနေပြီ
ဒီလောက်ခံသာတဲ့ ကိုယ့်ကိုကိုယ်ပဲ ကြေနပ်တယ်။
ဘာကိုမှ မျှော်လင့်ပြီး မငိုကြွေးတော့ပါဘူးမိချော ရယ်။
ခရီးတစ်ကွေ့မှာ ငါတို့တွေ
လက်တွဲတွေ မဖြုတ်သေးဘူးဆိုတာ သေချာနေပြီ ပဲ။
အားနဲ ချိနဲ့သူကို အလစ်ချောင်းသုတ်တဲ့ထဲမှာ
မပါသေးတော့ သေချာတယ် ဒီလောက်နဲ့တော့ မပြီးသေးဘူး။
ငါအများကြီး ကြိုးစားရမယ်ဆိုတာသေချာတယ်။
ခရီးတစ်ကွေ့လေးမှာ
မင်းတစ်ယောက်ကိုတော့ မမေ့သေးဘူးဆိုတာပါ။
ငါလည်း စာမရေးဖြစ်တာ ကြာပြီ။
အားပေးဖော်ရတာ ကျေးဇူးပါလို့.............။

Friday, 12 February 2010

ပျက်သားတယ်ဆိုတဲ့ စိတ်


(၁)
ကိုယ့်အရေခွံကို ညအိပ်ရာဝင်မှကြည့်မိတယ်
အတော်လေးထူနေတာ တွေ့ရတယ်။
ဒါနဲ့ အိပ်မရလို့ဆိုပြီး
အခမ်းပြင်ထွက်လမ်းလျှောက်ပြန်တော့
ဆိုးထားတဲ့ အရောင်တွေက မှောင်နေတယ်။
ကိုယ့်မျက်စိကို ပြန်ပွတ်ကြည့်မိတယ်
အမြင်မှားနေတာလားဆိုပြန်တော့
မဟုတ်ပြန်ဘူး။
(၂)
တကယ်ဆိုရင် အရသာမရှိတဲ့အချိန်တွေစားသုံးနေမိ
တစ်ထွာလောက်ရှိတဲ့ လျှာကိုအလိုလိုက်ပြီး
ပြောတာမဟုတ်ဘူး။
စိတ်မြန်လွန်းတဲ့ ကျုပ်တို့အမျိုးကို
ပြောတယ်ဆိုတာ မလွန်ဘူး။
ကိုယ့်ကိုကိုယ်လည်း အားမရဘူး ပြီးတော့..
ကိုယ့်ကိုကိုယ် အားမရဘူး။
(၃)
သိပ်ပြီးလူမှုရေးခေါင်းပါတဲ့ ကျုပ်က
ဘာလို့ စိတ်တွေတင်းနေရတာလဲ။
အဲဒီလိုပဲ ဖြစ်မှာပါ
ကျုပ်ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်
ကျုပ်လေးစားခဲ့တဲ့ လူတော်တွေ
ကျုပ်ကို အားပေခဲ့တဲ့ မိတ်ကောင်းဆွေကောင်းတွေ
ကျုပ်နဲ့ ကောင်းတူဆိုးဖတ် ဘော်ဒါတွေ
ခေါင်းပါးတဲ့ လူမှုရေးကို တင်းနေတဲ့ စိတ်နဲ့
တက်နိုင်သမျှ မှောင်သထက် မှောင်သည်ထိ
ဆေးဆိုးကြည့်မယ်။
(၄)
ဘာမှ မမြင်ရတော့ရင်တော့
အလင်းရောင်လာမယ့်စီကို မျှော်ကြတာပေါ့။
လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းကို
ကျုပ်တို့တွေ လက်ချိုးရေတွက်နေဖို့လိုမယ်ထင်လား။
ကျုပ်ကိုကျုပ် ဘာဆိုတာ မသိဘူး
ဘယ်သူ ကောင်းသလဲ ဘယ်သူ မကောင်းဘူးလဲဆိုတာ
ကျုပ်သိဖို့မလိုဘူး။
မသေချာတာတွေနဲ့ တည်ဆောက်ထားတဲ့ ကျုပ်ကိုယ်မှာ
ကျုပ်လည်း မသေချာတာတွေ ပြောတက်လာပြီ။
မရေရာတဲ့ အရာတွေ စိတ်ကူးယဉ်တက်လာပြီ။
ကောင်မလေးတစ်ယောက်ပြောသလိုမျိုး
ဗေဒင်ဆရာရဲ့ စကားကိုယုံလိုက်ရင် ကောင်းမလား။
(၅)
အဲလိုမျိုး မပျက်သားတဲ့စိတ်တွေကြောင့်
အချိန်ကုန်ခံပြီး ထင်ရာမြင်ရာ ပြောတက်တဲ့လူတွေရဲ့ ပါးစပ်များ
အမျိုးမျိုး ဖြစ်နေတာထင်ရဲ့။
မပျက်သားတဲ့ စိတ်ကို နာနာပွတ်ပေးမှတော်ကာကျမယ်။
စိတ်ကိုလာဆွပေးတက်တဲ့ အာရုံမရှိဘူး။
အဆိပ်မရှိတဲ့ သတ္တဝါလိုမျိုး
အားလုံးကို သဘောကောင်းလိုက်တာပဲ ကောင်းပါတယ်။
နောက် အနှစ် ၅၀ ဆိုရင် ကျုပ်တို့ရဲ့ ပျက်သားတဲ့ စိတ်တွေ
မပျက်သားတဲ့ စိတ်တွေ ဘယ်ရောက်နေမယ်ဆိုတာသိချင်လိုက်တာ။

Friday, 5 February 2010

စက္ကန့်သံ ရဲ့ စိန်ခေါ်မှု

(၁)
ဘာအတွက်နဲ့ရောက်လာတာပါလိမ့်
သမရိုးကျ လိမ်ဖို့ ငြာဖို့လား
လူဆိုတဲ့အရေခွံက ထူလွန်းတော့
ပါးလွှာနေတဲ့စိတ်က လုံးပါး ပါးနေပြီ။
နံရံတွေက မလုံတော့ဘူး
လျှာဖျားမှာရှိတဲ့ စိတ်ကူးလေးလား
သနားပါရဲ့......။
အားနာလို့ သိမ်းထားလိုက်တယ်။
(၂)
ဘာမှ ခေါင်းစဉ်တက်စရာမလိုတဲ့ စာပိုဒ်
အကြောင်းအရာတွေက ပြည့်စုံနေပြီပဲ။
အိပ်မရတာနဲ့ မြန်မာဇာတ်ကားတစ်ကားပြီးသည်ထိ
ဘော်ဒါတွေနဲ့ ဘော်ဒါသစ်တွေ နဲ့ ကြည့်ပစ်လိုက်တယ်။
အချစ်က လန်းတယ် .... တဲ့။
ဟာသ သက်သက်ပါ အော်ရယ်ပစ်လိုက်တယ်။
သံသရာစက်ဝန်းထဲမှာ ရောက်သွားတယ်
လက်ရှိ.......ဆိုတဲ့စာတန်းရှည်တစ်ခု
အနားက ပါးပါးလေးဖျက်လျှောက်သွားလိုက်သလိုမျိုး။
(၃)
ဒီည လ ရောင်ပျောက်နေတယ်။
ကြားနေကျ စက္ကန့်သံက ပိုကျယ်သလိုပဲ။
ဟိုဟို ဒီဒီ လျှောက်တွေးမိတယ်
ကောင်းကောင်း အိပ်ပျော်နေလောက်ပြီထင်တယ်။
ဘာကို ရိုးမယ်ဖွဲ့ပြီး ငိုကြမှာလဲကွာ။
ဘယ်သူ့ကိုမှ စိန်ခေါ်စရာမရှိရင်
တအားအော်နေတဲ့ စက္ကန့်သံကို စိန်ခေါ်လိုက်မယ်။
ငါ့ရဲ့ အနီးဆုံး ရန်သူဆိုတာ လက်ရှိ.....သွားနေတဲ့ အချိန်
ငါနဲ့ ပိုပြီးနီးတဲ့ ချစ်သူဆိုတာလည်း လက်ရှိ........လှုပ်ရှားနေတဲ့အချိန်ပဲဟေ့လို့.....။

Saturday, 30 January 2010

ခုတစ်လော ခဏ ခဏ ရောက်လာတဲ့ သီချင်း




ရေတစ်ဗွက်မျှ ဘဝ တဲ့
သီချင်းနာမည်လေးက တော်တော်လေး လှတယ်ဗျာ။ဘာဖြစ်လို့လဲ မသိဘူးမေးထဲကိုမေးလ်ထဲကိုရောက်လာ
တဲ့ စာတမ်းရှည်တစ်ခုကိုဖတ်လိုက်ရတယ်။ခေါင်းစဉ်လေးက သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလား တဲ့။အော် ကျုပ်စဉ်းစားကြည့်မိတယ်။ဟုတ်တာပေါ့ ကျုပ်တို့ ယူနေတဲ့ ဗုဒ္ဓဘာသာမှာ ကိုယ်ချင်းစာတရား ဆိုတာရှိတယ်။ဗြဟ္မစိုရ်တရားရှု့ထောင့်ဆိုတာရှိပါတယ်။စာဖတ်ရင်းနဲ့ စိတ်ထဲမှာအတော်လေး ထိတယ်။ ဒါနဲ့ပဲ အဲဒီမေးလ်ကိုမိတ်ဆွေတွေ တစ်ဆင့်ဖြန့်လိုက်တယ်။နောက်ပြီး ဝက်ဆိုဒ်ပါ ပါလာတယ်။S T A တဲ့။
Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ကူညီရေးအသင်း တဲ့။ning.com ဝက်ဆိုဒ်တစ်ခု
ရယ်ပါ။ဝင်ခဲ့ဖူးသမျှ ဝက်ဆိုဒ်တွေမှာတော့ ဒီဆိုဒ်က အတော်လေးထူးခြားနေပါတယ်။ဘာဖြစ်လို့ လဲ ဆိုတော့ လူတိုင်းမထားနိုင်တဲ့ စိတ်ထားမျိုးပါ။သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလားဆိုပဲ။အတိတ် ဘဝသံသရာတွေမှာတော့ ကျဖူးတာသေချာတယ်။ဒါက ကျုပ်ရဲ့ကိုယ်ပိုင်အယူအဆပါ။ဒီအတွက်လည်း ဘာမှငြင်းခုန်နေစရာမလိုအပ်ဘူး။အချိန်လည်း မပေးနိုင်ဘူး။ဒီဘဝက တော့ ကိုယ့်မျက်ဝန်းမှာကျဖူးသူတွေ ရှိသလို မကျဖူးသူတွေလဲ ဒု နဲ့ ဒေး ရှိနေမှာပါ။အရှင်အနုရုဒ္ဓါ မထေရ်တို့လိုမျိုး သူဌေးသားများကျပြန်တော့
မရှိဘူးဆိုတာ မကြားဖူးလို့ မရှိဘူးဆိုတဲ့ စကားကို မုန့်ထင်ပြီး အဲဒီမရှိမုန့် ယူခဲ့ပါဆိုပဲ။ဒါပေသိ ပါရမီရှင်တို့
စိတ်ဆိုတာ အာရုံလှည့်စားမှုများကို ညာဏ်မျက်စိနှင့် ကောင်းကောင်းမြင်ကြတယ်။ကျုပ်တို့နဲ့ ကတော့ မိုး နဲ့ မြေ ဆိုတဲ့ အတိုင်းတာက နီးနေပါလိမ့်မယ်။
ကိုယ့်ရဲ့နေ့စဉ်ဘဝ ဘယ်လို ယှဉ်သန်နေကြတယ်။ဘာတွေ စိတ်ကူးနေကြတယ်။ဘာတွေ လုပ်နေကြတယ် ဆိုတာ မစဉ်းစားဖြစ်တာ ကြာပါပြီ။တွေ့တိုင်းခဏ မြင်တိုင်းခဏ အရာရာ မတည်မြဲဘူးဆိုတာ ကိုယ်တိုင်တွေ့နေပါရက်နဲ့ စိတ်ဆိုတာလဲခက်တော့ ခပ်သားလား။ဆင်းရဲ ရင်လည်း အနှစ်တစ်ရာ မမြဲ ၊
ချမ်းသာရင်လည်း အနှစ်တစ်ရာ မမြဲတဲ့။အဆိုတော် ပိုးအိစံ ကလည်း တကယ်ကို တရားဓမ္မ ရလောက်စေ၏။
ပိုင်နိုင်စွာ ပီပြင်သည်ထက်ပီပြင်အောင်ဆိုသွားနိုင်တယ်။ကိုယ့်မှာ နေခဲ့ရသမျှ တစ်ခါ တစ်ခါတော့ ဒီလိုမျိုး တွေးမိပါရဲ့။လူ့ဘဝရောက်တုန်းအခိုက် တွေ့သမျှ မြင်သမျှ ကြားရသမျှ အားလုံးကိုယ်တိုင်ကြေနပ်အောင် ဘယ်လိုလုပ်မလဲ။ကိုယ့်ဖာသာကို အကြိမ်ကြိမ်မေး။ဒီလိုနဲ့ အသက်တွေ ကြီးလာလိုက်တာ။ကြည့်စမ်း .......
မှန်မကြည့်ဖြစ်တာ ကြာပြီ။အော်သံတွေ ခေါ်သံတွေနဲ့ ဆူညံနေတဲ့ဒီနေ့ တိုးတက်တယ်ဆိုတဲ့ကမ္ဘာ သူများ
ကြည့်မနေနဲ့ ကိုယ့်ကိုကိုယ်ကြည့်ကြစို့။ဟုတ်ရဲ့လား။ငါက အရမ်းနောက်ကျနေတာလား။ဒါမှ မဟုတ် ငါ့လောက် မရောက်သေးတဲ့သူတွေ မရှိတော့ဘူးလား။ကောင်းတဲ့ အလုပ်တွေကြောင့် ဒီလောက်ခံသာနေ
တာ ဒီလိုမှမဟုတ်ရင် ဒီထက်ဆိုးသွားနိုင်တယ်ဆိုပဲ သူငယ်ချင်းက မနက်စောစောပဲပြောသွားတယ်။ကောင်း တဲ့ အလုပ်မှာ ပျော်နေဖို့ ရရာဘဝ ကျရာနေရာမှာ ကြေနပ်နေဖို့ဒီလိုမျိုးမစဉ်းစားဖြစ်တာကြာပြီ။စာတွေ အကြွေးတင်နေတယ်။လုပ်မယ်ဆိုပြီး စိတ်ကူးသမျှအကုန်လွဲချော် လုပ်ချင်ခဲ့သမျှအကုန်မှားယွင်း အနဲဆုံး ကိုယ့်ကိုကိုယ်အားနာတက်ခဲ့တာ သူများကိုအားနာတာထက်ဆိုးတယ်လို့ဆိုလိုက်ချင်ရဲ့။
သူ့အတွက်လား သူပျော်ရွှင်နေပါစေ။သူ အမြဲပဲ ရယ်ရွှင်နိုင်ပါစေ။မနက်ဖန်အတွက်အိပ်မက်တွေ လှပနေစေ။
သူ့ရဲ့အပျော်ရွှင်ဆုံးနေ့ရက်တွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်ဆင်နွဲခွင့်ရရင် အဲဒီနေ့က နှစ်ယောက်လုံးရဲ့
စိတ်ကူးတွေ တောင်ပံတက်ပေးစရာမလိုပဲလွင့်နေပါလိမ့်။တိမ်ယံတွေပေါ်မှာသစ်ပင်တွေအထက်မှာ ကောင်း ကင်ပြာပြာရဲ့အောက်မှာ ကြယ်တာရာများငိုကြွေးသည်ထိ လမင်းရဲ့အနားမှာကျုပ်တို့နှစ်ယောက် တမေ့ တမော နာကြင်နေသူတွေကို နှစ်သိမ့်ပေးရင်း ကိုယ့်ရင်ဘက်ကိုအလုံခြုံဆုံးကာကွယ်နေကြလိမ့်မယ်။
ဘယ်နေ့ဆိုတာ ရောက်လာမည့် တစ်နေ့ပေါ့။
အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
နေရု (ရေခါး)

Thursday, 28 January 2010

မပြီးနိုင်တဲ့ နေ့တွေ ညတွေ


ဟုတ်ကဲ့။
ဟုတ်ကဲ့ဆိုလို့ ကိုယ့်ကိုကိုယ် သိပ်ပြီး ဟုတ်လှပြီမထင်နဲ့။လူတိုင်းပြောနိုင်တယ်။အသက်ရှင်နေသေးရင် ပြောတာပါ။သေသွားတဲ့ သူက တော့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာတဲ့လဲ။ခုတစ်လော ကျုပ်စိတ်ထဲမှာ မခံချင်စိတ်တွေ များနေတယ်ဗျာ။စိတ်ဆိုးတယ် စိတ်တိုတယ် ဆိုတာ ကျုပ်ကြားဖူးတာပါ။ကိုယ်တိုင်က အဆိပ်ခွပ်ကို သောက်ပြီး သူများကိုသေပါစေလို့ ဆုတောင်းနေသူနဲ့ တူတယ်တဲ့။ကြိုက်တယ်.... အဲဒီဥပမာကို ပြောတာပါ။အင်တာနက်ဆိုတာ ပေါ်လာမှ အဲဒီပြဿနာတွေက ဖြစ်ပေါ်လာရသလားဗျာ။လွန်ခဲ့တဲ့ အနှစ်၆၀ ကျော်လောက်က ဘာလို့ မပေါ်တာလဲ။ကိုယ့်ကို ကိုယ် သူရဲကောင်းလုပ်ချင်တာလား။ဝေးပါသေး။ခင်ဗျား သိပ်ပြီး စိတ်ကူးတွေ မယဉ်ချင်နဲ့။ဘာသာရေးဆိုတာ ဘာလဲ တဲ့။မေးလိုက်ကြတဲ့ မေးခွန်းတွေ။ကိုယ့်ကိုကိုယ်တောင်မှ ဘယ်လို မေးရမှန်းမသိဘူး။ခင်ဗျားအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ အရင်စဉ်းစားပါ။ဒါက ကျုပ်လဲ ခုချိန်မှာမို့လို့ ဒီလိုမေးတာပါ။နောက်နှစ်ဆိုရင် ကျုပ်ဒီလိုမေးမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဘာမှမဖြစ်သေးလို့ပဲ။
ကိုယ်တိုင်က ဘာမှမဖြစ်သေးသမျှတော့ ဒီလိုပဲ ဖြစ်နေအုံးမယ်။ကိုယ်တိုင်က တစ်ခုခု ဖြစ်ခဲ့ရင်ကော ဘာထူးမှာလဲ ဒီမြေပေါ်မှာကြီး ဒီဆန်ကို စား ဒီရေသောက် ဒီသွေးအသားနဲ့ အသက်ဆက်ရှင်သန် ဟုတ်သလား မဟုတ်သလား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်။အဖြေဆိုတာ မဝေးဘူး။ကိုယ့်ကိုကိုယ်သိပ်ပြီး ငဲ့နေရင်တော့ ဘယ်လိုလုပ်ပြီး အဖြေဆိုတာရှိမှာလဲ။လူတွေပေါ့ဗျာ ကိုယ့်ကိုကိုယ်လျှော့တွက်နေကြတယ်။ကိုယ်က သူများထက်စာရင် အများကြီးသာတယ်ပေါ့။ဒါဟာလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို ငှါးပြောရရင် တော့ ကျွန်ဖြစ်ခဲ့ရတဲ့အတွက် ဒီလိုမျိုးစိတ်တွေဖြစ်နေတာ။
ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ငါ့ကြောင့်မဟုတ်ဘူး သူ့ကြောင့်ဆိုတဲ့ စိတ်တွေ။ဘယ်တော့မှ အသုံးဝင်မှာ မဟုတ်တဲ့စိတ်တွေ။ဘာလို့လဲ ဆိုတော့ ကိုယ်ဟာ သိပ်ပြီးလူရာဝင်ချင်နေတာကိုးဗျ။သူများတွေ နာမည်ကြီး သလို ကိုယ်ကလည်း သိပ်ပြီးကြီးချင်နေတယ် နာမည်။ကိုယ့်ရဲ့ နာမည် ဘယ်ထဲမှာပါပါ ငါ့နာမည်ပါရင် ပြီးရောဆိုတဲ့ မြန်မာတွေ ရှိနေသမျှ ခင်ဗျား ကြီုက်သလောက်ကြိုးစား။ခင်ဗျားကြိုက်သလောက်လုပ်။ခင်ဗျားကို်ယ်တိုင် အဲဒီထဲမှာ ပါနေလိမ့်မယ်။ဒဲ့ကြီး ဘယ်တော့မှ မပြောနဲ့တဲ့။ကျုပ်အမေက ပြောဖူးတယ်။ဘယ်သူက ဘယ်လိုဆိုတာ ကျုပ်ပြောရင် ကျုပ်လဲ အဲဒီတိုင်းဖြစ်နေမယ်။ကျုပ်အဲလို မပြောချင်ဘူး။ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုကိုယ် ဗဟိုရ်ပြုပြီး စဉ်းစားတက်လာတယ်။ကိုယ့်ကိုကိုယ်ဗဟိုရ်ပြုပြီးစဉ်းစားတက်လာတယ်။ကိုယ့်ပတ်ဝန်းကျင်က သိပ်ပြီး မဟုတ်လေတော့ ဒီတိုင်းပဲ ဖြစ်မှာပါ။သူရဲကောင်းတွေက များလွန်းနေတော့ ဘယ်သူက သူရဲကောင်းပါဆိုတာ ဘယ်လိုမှ ပြောလို့မထွက်ဘူး။ကိုယ့်ကိုကိုယ်လဲ သူရဲကောင်းလား သူမရဲကောင်းလား ဆိုတာမစဉ်းစားဖြစ်ဘူး။ဟုတ်ကဲ့ မပြီးနိုင်တဲ့ နေ့တွေ ညတွေမှာ ခင်ဗျားလဲ နဲနဲတော့ ဗျာများနေလိမ့်မယ်။ ခင်ဗျားရဲ့ ခင်ဗျားကို ခင်ဗျားကြော်ငြာကိစ္စအတွက်ပါ။မှန်နဲ့ ကြည့်ပြီး ရန်ဖြစ်နေမယ့် အစား ကိုယ့်ကိုကိုယ် မဟုတ်ဘူးထင်ရင် ရေချိုးလိုက်။မျက်နှာသစ်လိုက်ပါ။ဒါမှ မဟုတ် လမ်းလျှောက်ပစ်လိုက်။ငါဘာလဲဆိုတာတော့ စဉ်းစားဖြစ်ပါစေပေါ့ဗျာ။
အားလုံးကိုချစ်တဲ့ နေရု

Monday, 25 January 2010

ဘဝဆိုသော အရာ


လူ့ဘဝ အမျိုးမျိုးသောဘဝ။မွေးလာကတည်းက မတူတာ ဘာလို့ ကျုပ်က လိုက်ပြီးတန်းညှိနေတာလဲ။လူချင်း တူတာသော်မှ အသက်ရှူပုံချင်းကွာတယ် တဲ့။အကိုကြီးပြောခဲ့ဘူးတယ်။ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ယုံကြည် ထားတဲ့အရာတစ်ခုရှိတယ်။ရေရှည်မှာ ရိုးသားမှုဆိုတာကိုပါ။ကျုပ်မရိုးသားရင် ကျုပ်ခံရမှာပဲ။ခင်ဗျား မရိုးသား ရင်ခင်ဗျားခံ။ခုတစ်လော ကျုပ်စိတ်ထဲမှာ စိတ်ခုနေတာ ရှိတယ်။သူငယ်ချင်းဆိုတာရယ် ချစ်သူဆိုတာရယ် မိတ်ဆွေဆိုတာရယ်အများကြီးပါပဲ။ကျုပ်က ကျုပ်ရဲ့မွေးရပ်မြေကို မချစ်လို့ ဘယ်မြေကို ချစ်ရမှာလဲ။ကိုယ့်ကို ကိုယ်လူစွမ်းကောင်းလုပ်ချင်တဲ့သူတွေနဲ့ပဲ တွေ့နေရတယ်။အတော်စိတ်ပျက်စရာကောင်းတယ်။တကယ်ပါ အဟုတ်ပြောတာ ခင်ဗျားတို့လဲ တစ်နေ့မဟုတ် တစ်နေ့တော့ တွေ့ရအုံးမှာပါ။ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ တကယ်စိတ်ပျက်စရာကောင်းတယ်။သူငယ်ချင်းကို မေးခဲ့ဖူးတယ်။အားနာတယ် ဆိုတာ နေရာတိုင်းမှာ ကောင်းလာလို့။ဟာ ကိုယ့်လူ တဲ့ နေရာတိုင်းတော့မကောင်းဘူးတဲ့။သူက ဖြေတယ်။ကျုပ်က လွန်ကုန်ပြီ။ ဘာတက်နိုင်မှာလဲ ပြီးပြီးမှတော့ ကိုယ်လဲ ဘာမှ မတက်နိုင်ဘူး။ကျုပ်လဲ တစ်ခြားသူဆိုရင် ဘာရမလဲ။ဟုတ်ကဲ့ ကျုပ်စိတ်ထဲမှာ ရှိတာတွေ ပြောခဲ့တာပါ။ကျုပ်ကို ချစ်တဲ့သူတွေက ပြောတဲ့စကားတွေ နားမထောင်ခဲ့ဘူး။ဘာမှ မဟုတ်တဲ့ စိတ်ခံစားမှုနောက်ကို လိုက်ခဲ့မိတာ။ခုတော့ ဖြစ်နေပုံက ကျုပ်က ခုမှ သင်ခန်းစာ ရသတဲ့လေ။နောက်မျိုးဆက်သစ်တွေ ဘယ်လိုပြောရပါ့။စကားလုံးတောင် ရှာလို့မတွေ့ဘူး။
(၁)
ဘယ်အချိန်မဆို ကိုယ့်ကိုကိုယ်အောက်က နေ နေရတာကောင်းတယ်ဆိုတဲ့ ပုံစံကြီး ဟုတ်တဲ့ အခါ ဟုတ်ပေမယ့် မဟုတ်တဲ့အခါ မဟုတ်ဘူးဆိုတာ သိလာတယ်။ကိုယ်က ငဲ့သလို သူတို့က ငဲ့ချင်မှ ငဲ့ကြတာ။ဒါကို ဟိုအကောင်သိချင်မှ သိမှာ။မြန်မာတွေရဲ့ စိတ်ထဲမှာ မြန်မာ မြန်မာချင်းချမယ် ။မြန်မာကို မြန်မာက အနိုင်ယူမယ် ဒါကိုပဲ အဟုတ်ကြီးထင်နေကြမှာသေချာတယ်။သူရဲကောင်းပေါ့လေး သူတို့စိတ်ထဲမှာတော့ ထင်နေကြမှာအသေချာပဲတစ်ချို့ပါ ။ ကျုပ်ကတော့ မြန်မာချင်းချဖို့ လား ဝေးပါသေး။စိတ်ကူးထဲတောင် မယဉ်ဖူးဘူး။ ကိုယ်က ဘယ်နေရာကနေ ကူညီရမလဲ ဘယ်လိုနေရာမှာ နေရမလဲ။အချိန်မရွေးဘဲ။ဒါက ကျုပ်အတွက် အမှန်တရားပဲ။သေချင်လဲ သေပေါ့။လူမှန်ရင် တစ်နေ့ သေရမှာပဲ။မွေးလာမှတော့ မသေမည့်သူ ဘယ်သူရှိလဲ။လိုချင်တဲ့ လောဘတွေ မလိုချင်တဲ့လောဘတွေ ဘာတွေလဲ။ဟုတ်ကဲ့ ကျုပ်ရဲ့ စာတွေက မပြီးသေးဘူး။ကျုပ်ကို ကျုပ်ကြေနပ်သည်ထိ ဆက်ရေးနေမယ်။ပျံသန်းခြင်းအတက်ပညာ ဘယ်သူမှ သင်ခဲ့သည်မဟုတ်။ဟုတ်တယ် ကျုပ်တို့က ငှတ်တွေ မဟုတ်ဘူး ဒါပေမယ့် ငှတ်တွေလို ဖြစ်နေတယ်။တကယ်တမ်းငှတ်တွေလို မကျင့်နိုင်ဘူး။ငှတ်တွေမှာ သူတို့ရဲ့ တောင်ပံသာလျင် ဝန်ရှိတယ် တဲ့။ကျုပ်တို့ကရော တောင်ပံတွေထက်လေးလံတဲ့ဝန်တွေကို သယ်ဖို့ကြံဆောင်နေကြတယ်။ဒီဘဝထဲမှာရယ်မှာ ပါ။အတိတ်ဆိုတာ သံသရာဆိုတာ ထားပါအုံးဒီဘဝမှာတင်ကိုပဲ ခင်ဗျားတို့ ကျုပ်တို့ ဟုတ်လို့လား သူများကို မကြည့်ပါနဲ့ ကိုယ့်ကိုကိုယ်ပဲ ကြည့်ပြောမယ်။ဒီလိုမျိုး ပြောလိုက်တော့ အချင်းချင်း ထိုးနှပ်ကြရုံက လွဲပြီးဘာဖြစ်လာမှာလဲ။ဒါပဲ ရွှေမြန်မာတွေရဲ့ စိတ်ထဲမယ် ဒီလိုမျိုး ရှိမယ်။ခင်ဗျားတို့ ကျုပ်တို့ ပြောနေတဲ့ နောင်လာ နောက်သား မျိုးဆက်သစ် ဂျနရေးရှင်း ဆိုလား ဘာဆိုလား ကိုယ်တိုင်ကမှ မဟုတ်ရင် သူများကို ဟုတ်လိမ့်မယ်ဆိုတာ မတွေးနဲ့ အဝေးကြီး။ပေးဆပ်တဲ့သူတွေက ပေးဆပ်လို့ ယူတဲ့ သူတွေက ယူလိုက်ကြတာ မြင်မကောင်း ရှုမကောင်း ကြည့်တက်ရင် မြင်ပါလိမ့်မယ်။
(၂)
တစ်ခါ တစ်ရံ စဉ်းစားမိတယ်။ဘုရားလောင်း တေမိမင်းသားကိုအားကျမိတယ်။ဘာမှ မပြောရင် အကောင်းဆုံးဆိုတာ သေချာတယ်။အဲလို မပြောပြန်ရင်လဲ သိပ်ပြီး မဟုတ်ချင်ပြန်ဘူး ပတ်ဝန်းကျင်က ဒီပတ်ဝန်းကျင်ကြောင့်ပဲ အမျိုးမျိုး ဒုက္ခတွေ ကြုံရမယ်။မွေးလာတုန်းကတော့ တစ်ယောက်ထဲပါပဲ။သေရင်လဲ တစ်ယောက်တည်း သေရမှာဆိုတာ သိပါရက်နဲ့ ဘာလို့အဖေါ်ကို တောင့်တ မက်မောနေရတာလဲ။ကိုယ်ဟာ ပါရမှ မပြည့်သေးလို့ ဒါပဲ ရှိတယ်။ညီမလေး က ပြောတယ် လူမှုဒုက္ခတွေ ဘယ်လောက်များတယ် ဘယ်လိုရှုပ်တယ် သိပါတယ်။ကိုယ်တိုင်တောင်ဒုက္ခတွေ ဒါလောက်များနေမှတော့ လူမှုဆင်းရဲ မိသားစုဆင်းရဲ များဘယ်လောက်များမယ်ဆိုတာတွေးမိပါတယ်။
ဘဝဆိုသောအရာမှာ ဘယ်လိုအရာမှ သက်သက်သာသာမရှိဘူးဆိုတာ ကျုပ်ကောင်းကောင်းသိပါတယ်။ ဒီနေ့ရောက်မှ ကျုပ်ညီမ ဘာတွေ ရေးထားတယ်ဆိုတာ ဖတ်ကြည့်မိတယ်။ကိုယ့်ကို ချစ်တဲ့သူက ကိုယ်ဆင်းရဲမှာကို မလိုလားဘူး။မိသားစု ဆွေမျိုး အသိုင်းအဝိုင်း အားလုံးပေါ့။မလိုလားတဲ့သူတွေက ဆန့်ကျင်ဘက်ပေါ့ ဆင်းရဲလေ စိတ်မချမ်းသာလေ သူတို့ပျော်လေ။ဒါက လူ့ရဲ့သဘာဝပါ။တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားတိုင်းတော့ မဟုတ်ဘူး။မခံချင်စိတ်တွေများလွန်းတောက ဘယ်က စပြီး လုပ်ရမှန်းမသိဘူး။
ဒီနေ့ခေတ်မှာ လူဖြစ်တာကိုက ပုံစံမဟုတ်ခဲ့တာ ဒီတော့ အကောင်းဆုံးဖြစ်အောင်နေယုံမှ တစ်ပါး အခြားမရှိ။မနေနိုင်ရင် အပြင်ထွက်နေယုံပဲ ရှိတယ်။ဘယ်သူ့ကိုမှ အနှောက်ယှက်ပေးစရာမလိုဘူး။အရာရာ ငါပါမှ ဆိုတာ မရှိတော့ဘူး။ငါ့ကြောင့် အားလုံးရှုပ်နေတယ်ဆိုတာ ဘယ်သူမှ မတွေးဖြစ်ဘူး။ဘာလို့လဲ ဆိုတော့ သူတို့ ပြောပြောနေတဲ့ မာန အတ္တဆိုတဲ့ စိတ်တွေကြောင့်ပေါ့။ဘာဖြစ်ဖြစ် သူများကိုပဲ အပြစ်ပုံချတက်တဲ့ ကျုပ်တို့ရဲ့စိတ်တွေ လွှင့်ပစ်လိုက်။သိပ်ပြီးတော့ အသုံးမဝင်ဘူး။ဘာမှကို သုံးမရတာ။
ကိုယ်တိုင်အရာရာမှာ ကောင်းမယ်ဆိုတာ မရှိသေးသရွေ့ သူများတွေ စိတ်ကောင်းရှိမယ်ဆိုတာ မမျှော်လင့်နဲ့ ကျုပ်လဲ အဲလို တွေးခဲ့တာ ပဲ ။မဟုတ်ဘူးဗျ ။တကယ်ကို မဟုတ်တာ။ကျေးဇူးတင်ပါတယ်။ဒီထိအောင်ဖတ်ပေးတဲ့အတွက်။ဒါက ကျုပ်ရဲ့ ဒီနေ့အကြောင်းပါ။ နောက်လည်း ဒီနေ့အကြောင်းတွေ ရေးရအုံးမယ်။


Saturday, 9 January 2010

မိုးရွာတဲ့ ဆောင်းရာသီ


ဝင်လာတဲ့ဆောင်းလေက နွေးထွေးလွန်းတယ်။အေးစက်စက် အပြုံးနဲ့ ပြုံးပြနေတဲ့သူမက သိမ်မွေ့ငြင်သာမှုတော့ရှိပါရဲ့။ကိုယ်တိုင်က ပူလောင်နေခဲ့လေတော့ ဆောင်းလေရဲ့ အအေးဓါတ်က တိုက်ရိုက်မထိမှန်ဘူး။အခါတိုင်းဆိုရင် နံရံကိုထွင်းဖောက်လာတဲ့ဆောင်းက ကြမ်းလွန်းတော့ နံရံတွေ ပြိုကွဲ ခြုံလွှမ်းထားတဲ့ စောင်တွေက အထပ်လိုက်ကွာကျ။ဆောင်းရဲ့ အရသာကို ဘယ်လိုခံစားရပါ့။ကောင်မလေးရေ မင်းနေကောင်းအောင်နေပါ။ဘာမှမဖြစ်ပေမယ့် ငါစိုးရိမ်တက်နေပြီ။ငါ့ကိုယ်ငါ ဘယ်လိုစိုးရိမ်ရမှန်းမသိဘူး။ ငါ့ရဲ့ တောင်တန်းမြို့လေးလည်း အရမ်းခိုက်ခိုက်တုန်နေမှာ သေချာတယ်။ငါ့ရဲ့ နားခိုရာ အိမ်လေးလည်း တုန်ခါနေမှာ အသေချာပေါ့။သတိရလိုက်တာ အဲဒီမလိုချင်ခဲ့တဲ့ ည တာရှည်ဆောင်းညလေး....။အဲဒီရင်ခွင်လေးမှာ ငါ့အတွက် လိုအပ်နေရင် ခုညမှာပဲ အပြေးသွားလိုက်ချင်တယ်။ငါပိုင်တဲ့ ဆောင်းရသီလေးမှာ မိုးရွာတာ လှလိုက်တာ။ညီမလေးကို ပြောပြရအုံးမယ် ဒီညလည်း ဘယ်လို အိပ်ပျော်ရပါ့။အိပ်တိုင်းမပျော်တဲ့ ည ပျော်တိုင်း မအိပ်တဲ့ ညတွေမှာ ဟောဒီဆောင်းညတွေက ကျုပ်ရဲ့ မဟေသီလေးပေါ့။နာတာရှည် ခံစားနေရတဲ့ ဝေဒနာအပိုင်းအစလေးများနဲ့ ခရီးထွက်ခဲ့မိတာ ကျုပ်ရဲ့ ဆောင်းမင်းသမီးလေးသိမှာပါ။
မိုး......................။မိုး.........ဆိုတဲ့ ကောင်မလေးရယ် ငါရဲ့ဆောင်းညလေးမှာ မင်းအလည်လာတာမဟုတ်ဘူး ငါအသေချာ သိနေတယ်။နှင်းမကျပေမယ့် မင်းက သိပ်လှနေတယ်။ငါတို့ရဲ့ဆောင်းည မှာမင်းလည်း ပျော်နေစေချင်တယ်။ဆောင်းပီသဖို့ထက် ငါရဲ့ဆောင်းညလေးမှာ မင်းရှိနေရင် ကြေနပ်တယ်။အမေရိကား ရောက်နေတဲ့ သူငယ်ချင်းက ပြောတယ်။ဒီမှာ အပူပေးစက်နဲ့ နေရတယ်တဲ့။အင်း.........ငါ့ရဲ့ဆောင်းညလေးအတွက် သူငယ်ချင်းကို ဘယ်လိုပြောရပါ့။ငါတစ်ယောက်တည်း ဘာသာမပြန်တက်တာသေချာတယ်။ဟိုနေ့က ကိုရီးယားက ကောင်မလေးက သူတို့ရဲ့ဆောင်းရာသီကိုပြောပြရင်းဓါတ်ပုံတွေ ပို့ပေးနေတယ်။ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျုပ်ရဲ့ ဆောင်းညလေးက လှလွန်းနေတော့ သူတို့ဆောင်းညတွေကို အရောင်ခြယ်ကြည့်မိတယ်။ဖြူဖြူဖွေးနေတဲ့ အဲဒီကောင်မလေးနဲ့အတူ ကျုပ်ရဲ့ အိပ်မက်ထဲက ဆောင်းရာသီမှာ အပြေးကလေးထွက်ပြေးမိတယ်။ဘယ်သူမှ မပါဘဲ ပြေးနေသလားလို့ လှည့်ကြည့်မိပြန်တော့ ညီမလေးက နောက်က မောလို့တဲ့။ဒီဆောင်းမှာ မှ ရွာရက်လိုက်တာ မိုးရယ်။ မနိုးချင်သေးဘူး။ဒီဆောင်းညလေးကို သာသာလေး ကြည့်နေချင်မိတယ်။ပြီးရင် မိုးရွာတဲ့ ဆောင်းနဲ့ လက်ထက်တော့မယ်။မလင်းလိုက်ပါနဲ့မိုးရယ်။ငါဟာ မနက်မိုးမလင်းသေးပေမယ့် ငါဟာအိပ်မက်က မကြာခင်နိုးထတော့မှာပါ။
အိပ်မက်က ကြာရှည်လွန်းတယ်။ငါ့နံရံတွေ ပြိုကွဲနေပါစေ။ငါ့တံခါးတွေ ပွင့်ထွက်သွားပါစေ။ငါ့ တောင်ပံတွေ ငြောင်းနေပါစေ။ငါ့ရဲ့ မျက်လုံးတွေ နီရဲနေပါစေ။ငါ့ရဲ့ အိပ်ယာလေး တွန့်လိတ်နေပါစေ။အဲဒီကောင်မလေးစီကို အရောက်ပြန်မယ်။မိုးရွာတဲ့ ဆောင်းရာသီမှာ ငါဟာအိပ်မက်က နိုးထတော့မယ်။
ဓါတ်ပုံပို့ပေးတဲ့ ကိုရီးယားက ကောင်မလေး ကျေးဇူးတင်ပါတယ်။
အိပ်မက်ထဲက နေရု

Wednesday, 30 December 2009

ပြာသိုလ်လပြည့်ည တမ်းချင်း


ရွာတုန်းက ရွာယဉ်ကျေးမှုအရ ခံတွင်းမတွေ့။ မြို့ရောက်ပြန်တော့ မြို့ယဉ်ကျေးမှုနဲ့ အစဉ်မပြေ။အင်း ...ဒီလိုနဲ့ နိုင်ငံခြားကို သွားချင်တဲ့စိတ်က အဓမ္မကြီးကို ဖိအားပေးနေပြန်တော့ နိုင်ငံခြားဆိုတာကြီးကို သွားဖို့ အကြောင်းက ကြုံလာပြန်တယ်။အမေရယ် ဘယ်သွားသွား ဘာလုပ်လုပ် သား ဘာကိုမှ ခံတွင်းမတွေ့သေးဘူး။
ကျုပ်ကို မွေးခဲ့တဲ့ ဒီဇင်ဘာ ပြန်တွေးကြည့်ပြန်တော့ အင်း လူတွေ တော်တော် ပျော်ကြတာပဲ။ကျုပ်လည်း ပျော်ပါတယ်။လွတ်လပ်ပေါ့ပါး နေကြတယ်လေ။ကိုရီးယားက ကောင်မလေးက ပြောတယ် အမေရယ်။အပြင်မှာ နှင်းတွေ ပိတ်နေတာပဲ တဲ့။သူ့လက်တွေ ကပ်နေလို့ စာတောင်မရိုက်နိုင်ဘူးဆိုပဲ။နှင်းတွေ ကျနေတာ ကြည့်ချင်လိုက်တာ။ဒီလို ညမျိုးမှာ အမေလည်း သားကို သတိရနေမှာ သေချာတယ်။ဘာစားစား ဘာသောက်သောက် ခံတွင်းမတွေ့လို့ စိတ်ညစ်ညစ်နဲ့ ကော်ဖီတစ်ခွပ်ပြီး တစ်ခွပ်သောက်ပစ်လိုက်တယ်။ အမေသိရင် ပြောမှာ သေချာတယ်။ကော်ဖီတွေ တအားမသောက်နဲ့ ကျန်းမာရေး နဲ့ မညီညွတ်ဘူးလို့ ဒေါတ်တာ တွေ ပြောတယ် ဆိုတဲ့ အမေ့ရဲ့ အသာယာဆုံး စိုးရိမ်တဲ့ အသံ ကြားယောင်မိပြန်တယ်။ အမေရယ် ဘယ်သူ့ကိုမှ သား အပြစ်မတင်ချင်တော့ပါဘူး။သားအကြောင်း အမေသိနေတာပဲ။ သားရဲ့ ဘေးမှာ အမေရှိနေတယ်ဆိုတာ သားသိလို့ ဘယ်သွားသွား ဘာလုပ်လုပ် ဘာကိုမှ သားမကြောက်ဘူးအမေ။ကျုပ်တို့ ရွာ တောင်သူတွေ ရကြမှာပါ။မိုး........... အပြစ်မရှိတဲ့ မိုးကို သားမပြောတော့ပါဘူး။တောင်သူ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရွာမှာ အလှူအတန်းက မပျက်ဘူးမလားအမေရယ်။ဒါဆို ကျုပ်တို့ မြန်မာလူမျိုးတွေ ငတ်မသေနိုင်ပါဘူး။ ပညာတက်မထွန်းကားတဲ့ ရွာငယ်လေးမှာ ရှင်သန်ရတာ ဂုဏ်ယူစရာကောင်းတယ် အမေရဲ့။ ဘာကြောင့်လဲဆိုတာတော့ သားလည်း မသိဘူး။အမေ့လိုပဲ ခပ် အ အ လေး နေပစ်လိုက်မယ်။ဒီနေ့ ဘာနေ့လည်း အမေသိလား။အမေက သားထက်ပိုသိပါတယ်။သား သမီးတွေ အများကြီး တစ်ဦးတစ်ယောက်များ ထွန်းပေါက်မလားဆိုပြီး စိုက်ပျိုးခဲ့တဲ့ အမေ့ နဲ့ အဖေတို့ရဲ့ မျက်လုံးတွေမှာ အဖေ တို့ အမေတို့ ရဲ့ လက်ဖဝါးပြင်မှာ သက်သေတွေ ရှိနေတာပဲ အမေ ရယ်။သိပ်ပြီး သတိရတာပဲ ။ကျန်ခဲ့တဲ့ သူတွေ သတိရ မရဆိုတာ သားမသိဘူး။သား ကတော့ ဒီ ပြာသိုလပြည့်နေ့က သားကို တစ်သတ်လုံး သတိရစေခဲ့မယ်ဆိုတာ သိတယ်။အမေရယ် ဒီလောက်နှစ်သက်စရာကောင်းတဲ့ လပြာသိုလ်မှာ သားဘာလို့ အားလုံးကို အမှတ်ရစေခဲ့တာပါလိမ့်။နောင်တော်တို့လည်း သားကို ကောင်းကောင်းမှတ်မိကြမှာပါ။အမေသားကို မျှော်ရင်း ပျော်နေမယ်ဆိုတာ သားထင်နေတယ်။ချမ်းအေးလွန်းတဲ့ ဆောင်းည ရဲ့ နာတာရှည်အရသာတွေ နဲ့အတူ အမေတို့ ပျော်ရွှင်နေပါစေ။အိမ်ရှေ့က ရေနွေးကြမ်းဝိုင်းလေးမှာ စကားကျယ်ကျယ် ပြောတက်တဲ့ ဦးကြီးက ကျုပ်အကြောင်းပြောနေလိမ့်မယ်။ဘာမှ မပြောဘဲ ဟိုဟို ဒီဒီ ငေးနေတက်တဲ့ စကားနဲတဲ့ အကိုတစ်ယောက်ကတော့ တွေးနေမှာသေချာတယ်။ငါ့ ညီ ဘာတွေ လုပ်နေပါလိမ့်။ နေရောင်ခြည် ရဲ့ နွေးထွေးမှု ၊ လရောင် ရဲ့ အေးမြမှုနဲ့ နဲ နဲဝေးနေတာတော့ သေချာတယ်။အခမ်းကျဉ်းလေးထဲက အသက်ရှူသံ ခပ်ပြင်းပြင်းလေးများကိုနားမဆင်ချင်ပါနဲ့ဗျာ။အားလုံး ကောင်းကြပါတယ်။ဘယ်သွားသွား မိတ်ဆွေ သူငယ်ချင်းတွေက သိပ်ပြီး ကောင်းကြပါတယ်။အိပ်မက်က မက်ထားပြီးမှတော့ အကောင်အထည် မဖေါ်နိုင်ရင် သားအရှုံးပေးရာ ရောက်မှာပေါ့။ကျုပ်အမေ နဲ့ ညီမလေး တို့ ကောင်းကောင်းနားလည်မှာပါ။ ဟောဒီ ပြာသိုလ်ပြည့်နေ့ တုန်းက မန္တလေးမှာ နောင်တော် နဲ့ ခံတွင်းမတွေ့မိတာလေးတွေ ဖွင့်အန်ခဲ့ဘူးတယ်။ အစာမကြေတိုင်း အန်ရတာ များလွန်းတော့ ရင်ဘက်တွေ အောင့်အောင့်လာတယ်ဗျာ။ဒီည တော့အမေ့ရွာက အမေအိမ်လေးမှာ အမေ နဲ့ ရွာကို သတိရရင်း နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေ ဘော်ဒါတွေ အတွက် ပြာသိုလ်လပြည့်ည တမ်းချင်း နဲ့အတူ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Thursday, 29 October 2009

ဘယ်သူ့ကိုမှ အနှောက်အယှက်မပေးလိုသူ


ဟုတ်ကဲ့ ကျုပ်နဲ့ အရင်းအနှီးဆုံးသူတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ဘယ်သူက ဘယ်သူ့ကိုမှ ဘယ်လိုပဲဖြစ်ဖြစှ်စိတ်ကသိကအောက်ဖြစ်အောင်မလုပ်ကြပါဘူး။ဟုတ်ပါတယ်။ကိုယ့်ရည်မှန်းချက် ကိုယ့်ရည်ရွယ်ချက်နဲ့ ကို ရှိပါတယ်။ ဒါက လူတစ်ယောက်ကို ဖီးဖြစ်လို့ ရေးတာ မဟုတ်ဘူး။ဒီဘလောဂ်လုပ်တယ် ဆိုကတည်းက ကိုယ့်အတွက်မရည်ရွယ်ပါဘူး။ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ အတွက်ရည်ရွယ်ခဲ့ပါတယ်။ကိုယ်နဲ့ မသက်ဆိုင်သူတွေ အတွက်လုံးဝမရည်ရွယ်ပါဘူး။သံသရာမှာ ဆွေမျိုးမတော်ဘူးသူ မရှိပါဘူး။ဟုတ်တယ် ဒါက ကျုပ်ရဲ့ ယုံကြည်ချက်သက်သက်မျှပါ။လူပဲဗျာ ကိုယ်ယုံကြည်ရာပဲ ကိုယ်ယုံကြည်မှာပေါ့။ကျုပ်နဲ့ ကျုပ်ညီမလေး ကြားမှာ သိပ်ပြီးတက်မက်လွန်းစရာကောင်းတဲ့ ငွေကြေးတွေ မပါဘူး။ခင်ဗျားသိပ်ပြီး တက်မက်လွန်းတဲ့ ကျော်ကြားမှုတွေ မပါဘူး။ဟန်ဆောင်မှုတွေ မပါဘူး။ကိုယ့်ကို ကိုယ်ငါဘာဖြစ်တယ်ဆိုတာမျိုးတွေ မပါဘူး။ ဒါမျိုးတွေ ပါလာတယ် ဆိုမှ တော့ ဘယ်ကလာ ငြိမ်းချမ်းမှု သာယာမှု အေးချမ်းမှုဆိုတာ ပါမှာလဲ။ကိုယ့်ကို ကိုယ် သိပ်ပြီးအထင်ကြီးတယ်ဆိုတဲ့ လူတစ်ယောက်မှာ ဘာတွေရှိမယ်လို့ထင်လဲ။ကျုပ်တို့ဘဝမှာ သိပ်ပြီးယုံကြည်ကိုးစား အားထားရလွန်းတဲ့ မြတ်စွာဘုရားကိုကြည့်ပေါ့။သူ့ကိုသူ သိပ်ချစ်လွန်းလို့ သူဘုရားဖြစ်အောင်လုပ်ခဲ့တာလား။စဉ်းစားပါ နာစိန္တယန္တော ပုရိသော ၊ ဝိသေသမဓိဂစ္ဆတိ ။တဲ့ ။လူ့ငနွားတွေ ကြားမှာ ကျုပ်ကိုကျုပ်လူဖြစ်ချင်တယ်။ကျုပ်ရဲ့ ဆွေမျိုးတွေ ကျုပ်ရဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ လူဖြစ်စေချင်တယ်။ကျုပ်ဆရာတွေ ကျုပ်ဆွေမျိုးတွေ ကျုပ်နိုင်ငံက လူတွေ လာမထိနဲ့ ဘယ်ကောင်ကိုမှ ထည့်မစဉ်းစားဘူး။ဒါတွေက ကျုပ်ဘကြီးက ပေးခဲ့တဲ့ သတ္တိတွေပဲ။ကျုပ်ဦးကြီးက ပေးခဲ့တဲ့ သတ္တိတွေပဲ။တကယ်သတ္တိရှိမှ ယှဉ်ပြိုင်နော့ ။ခင်ဗျား အခုအသက်ရှင်နေတာ ခင်ဗျားအဖေ ခင်ဗျား အမေ ခင်ဗျား ဆွေမျိုး ခင်ဗျားဆရာတွေရဲ့ သွေးတွေဆိုတာ မေ့နေပြီထင်တယ်။သူများကို ကြွားဝါယုံ သက်သက်လောက်လား ရပါတယ်။သူများအပေါ်မှာ မနာလိုယုံသက်သက်လား ။သိပ်ပြီးရတာပေါ့။တစ်သွေးတည်း မဟုတ် တစ်သားတည်းမဟုတ်သူသည် ဘယ်တော့မှ ကိုယ်နဲ့တူသူမဖြစ်နိုင်ပါ။ဗီဇနိယာမ ၊ ကမ္မနိယာမ ၊ ဥတုနိယာမ ၊ စိတ္တနိယာမ ဆိုတဲ့ နိယာမသဘောတွေ ကျုပ်ဖတ်ကြည့်ခဲ့တယ်။ဘယ်သူကိုမှ အနှောက်ယှက်မပေးလိုသူ မဟုတ်ဘူး။သူများတွေ စိတ်ဆင်းရဲနေမှ သူများတွေ ဒုက္ခရောက်နေတာကို ကြည့်ချင်နေသူ သူများဒုက္ခရောက်နေရင် သူက အလိုလိုနေရင်းပျော်နေတာ သေချာတာပေါ့ မျိုးချစ်စိတ် ဗီဇသွေး ဘာတစ်ခုမှမရှိသူ။လိုအပ်ရင် သူ့ကိုယ်သူတောင် စော်ကားဝံ့သူ ကျန်တာတွေ မပြောချင်ဘူး။ဟုတ်ကဲ့ ကျုပ်လည်း ဘယ်သူ့ကိုမှ အနှောက်ယှက် မပေးပါရစေ နဲ့။သူများတွေ လဲ ကျုပ်ရဲ့ အနာဂတ်လမ်းခရီး မနှောက်ယှက်ပါစေသတည်း။

Wednesday, 28 October 2009

ဒီနေ့ အကြောင်း


ဒီနေ့ အဖေနဲ့တွေ့တယ်။အဖေနဲ့ တွေ့တယ် ဆိုရင် အမေနဲ့လည်းတွေ့တာ ပဲပေါ့။အဖေဆိုတာ နေမင်း အမေဆိုတာ လမင်း ။လူတွေ ရှင်သန်နေတာ ဒီလိုမျိုး အလင်းရောင်တွေကြောင့်ပါ။ဘယ်သူ ဘာငြင်းမှာ လဲ။ ဟုတ်တယ် ကိုယ့်ကိုကိုယ် မစဉ်းစားနိုင်တဲ့ လူတစ်ယောက်အနေနဲ့ သူများအကြောင်းပဲ စဉ်းစားနေသူအတွက် ငြင်းစရာ ရှိကောင်းရှိမှာ ပါ။တကယ်ဆိုရင် အဆိုးဆုံးက အကြောက်တရားပါ။ကိုယ့်ကို ကိုယ်ကြောက်ခြင်း သူတစ်ပါးကို ကြောက်ခြင်း။လူတွေကိုယ်ပြောပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်သိသလောက်ပြောတာပါ။ ဒါပေမယ့် အားလုံးနဲ့ သက်ဆိုင်နေမှာပါ။ခင်ဗျားကိုယ်တိုင်ဖတ်နေတာပဲ။ဟုတ်တယ် လူဆိုတာ တိုက်ရိုက်ထိမှန်စေချင်ရင် ဘယ်တော့ မှ တိုက်ရိုက်မပြောရဘူးတဲ့။အနုညံ့ဆုံး အငြင်သာဆုံး ပြောနိုင်ရတယ် တဲ့။ခက်တာက အဲဒါပဲ။တစ်ချို့လူတွေကျပြန်တော့ ဒီလိုမဟုတ်ပြန်ဘူး။တိုက်ရိုက်ပြောမှ သိကြပြန်သတဲ့လေ။ ဟုတ်တယ် အဲလိုလူမျိုးတွေ အတွက် အဲလိုပြောရမှာ ပဲ။ပြောတိုင်းလည်း မဟုတ်ပြန်ဘူးဗျ။ပြောသာ ပြောရတယ် စကားသာအဖက်တင်တယ်။ဘာမှ ပြောင်းလဲမလာဘူး။ဒါက ကျုပ်သိသလောက်ပဲ ပြောတာပါ။ကျုပ်မသိတာတွေ အများကြီးရှိမှာပါ။လူတွေက ခက်တာဗျ။ ဒီနေရာမှာ ငါအနိုင်ရတယ်ဆိုပြီး လုပ်ချင်ကြတာ တကယ်တော့ သူရှုံးနေတာ သူ မသိဘူး။အချိန်တွေပြောင်းလာသည်နှင့်အမျှ လူတွေကိုယ့်ကို ကိုယ်ပြောကြည့်ပါ။သူများတွေကို ပြောမည့်စကား ကိုယ့်ကိုကိုယ်အရင် ပြောကြည့်ပါ။လန်ထွက်သွားရုံသာမက လွတ်တောင်ထွက်သွားအုံးမယ်။ ဒါ့ကြောင့်ကျုပ်က သူများကိုယ်ပြောမယ့်စကားတွေကို ကိုယ့်ကို ကိုယ်အရင်ဆုံးပြောကြည့်တယ်။ကိုယ်တိုင်ခံနိုင်ရည်ရှိရင် အိုခေ သူများတွေ လဲ ခံနိုင်လိမ့်။ဒီလိုမှ မဟုတ်ရင် မဟုတ်သေးဘူး။ကိုယ်တိုင်ခံနိုင်ရည်ရှိရင် သေချတယ် အဲဒါ သူများလည်း ခံနိုင်ရည်ရှိမှာ ပဲ။ကျုပ်ပြောတာ ကျုပ်မြင်သလောက်လေးရယ်ပါ။ကျုပ်မမြင်နိုင်တာတွေ အများကြီး ရှိတယ်။လူတွေကို ကျုပ်လေ့လာကြည့်တယ်။အဲဒီလို ပါပဲ လူတွေလဲ လူတွေကို လေ့လာကြည့်မှာပါ။အနဲ နှင့် အများ ဒါတော့ကွာမှာပေါ့။ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါဘူး။ အဲဒီထက်ပိုပြီး ကျုပ်နဲ့ အနီးစပ်ဆုံးလူတွေကို အဲဒီထက်ပိုပြီး အနီးစပ်ဆုံးလူတွေကို ရည်ရွယ်ပါတယ်။ကျုပ်ညီမလေးကို မရည်ရွယ်ပါ။ကျုပ်ညီမလေးသည် ကျုပ်အပေါ်မှာ လုံးဝကို မိန်းမ မဆန်ပါ။ မိန်းကလေးဆိုသော်ငြားလည်း လုံးဝပွင့်လင်းတယ်။ဟန်ဆောင်မှု ကင်းတယ်။သူများတွေ ဒုက္ခရောက်မှာကို မလိုလားတဲ့ ကျုပ်ရဲ့ အမေနဲ့ ကျုပ်ရဲ့ညီမ။ကျုပ်သိပ်ပြီးချစ်တယ်။သူများတွေ ဒုက္ခရောက်တာကိုမှ သိပ်ပြီးပျော်တက်တဲ့ သူတွေကိုမဆိုလိုပါ။ဒီနေ့ဗျာ ..........ကျုပ်တကယ်ထိတယ်။အဖေ နဲ့ အမေ ပြီးတော့ ကျုပ်ရဲ့ ညီအကိုမောင်နှမ ကျုပ်ဆွေမျိုးတွေ ကျုပ်ရဲ့ ရွာ ကျုပ်ရဲ့ မွေးရပ်မြေ ကျုပ်ရဲ့တိုင်းပြည် ကျုပ်ရဲ့ မျှော်လင့်ချက် ငှတ်ကလေးတွေ တကယ်ကို သတိရတာပါ။ပစ္စုပ္ပန်မှာ ကျုပ်အကောင်းဆုံးလုပ်တယ်။ လူတွေ ကိုယ်နဲ့ပတ်သက်တာကို အကောင်းဆုံးလုပ်ကြသလို ကျုပ်တို့မလုပ်သင့်ဘူးလား။လုပ်ကို လုပ်ရမယ်။ဒီနေ့အကြောင်းကို ကျုပ်ရေးလိုက်လို့ နဲနဲ တော့ တစ်ချို့ လန့်သွားမယ် သေချာတယ်။ခင်ဗျားခုချိန်ထိအောင် ဖတ်နေတာကိုက ကျေးဇူးပါ ။ တကယ်ကျေးဇူးတင်ပါတယ်။ ကိုယ့် ကို ကိုယ် တကယ်တန်း အားမနာတမ်း ဝေဖန်ရဲသလား။စဉ်းစားပါ သေချာစွာ စဉ်းစားပါ ...........။သိပ်ပြီး ဟန်မဆောင်ချင်ပါနဲ့ ကိုယ့်လူ ။ကောင်မလေး ရေ............. မနာလိုခြင်းဆိုတာ ဘာတဲ့ လဲ။ကိုယ်တို့ တွေ အကောင်းဆုံး လမ်းကို ရွေးကြမယ်။ဘာတွေ ဖြစ်ဖြစ်ပေါ့။ညီမျှခြင်းဆိုတာ နားလည်မှုတွေ ရှိမှ ရတာပါ။ ဒီနေ့ အိမ်ကို သတိရတယ်။ နောက်ပြီး ညီမလေးကို သတိရတယ်။ပြီးတော့ ကျုပ်ကို ကျုပ်သတိရတယ်။