မင်္ဂလာပါ......

Wednesday 16 September 2009

ကူးခတ်ခဲ့သော ပင်လယ်တစ်စင်းအကြောင်း

တစ်ချို့က ဇနကမင်းသားရဲ့ အားမာန်နဲ့ဇွဲကို အားကျ တတ်တာမျိုး ရှိသလို၊ အချို့ကတော့ ကိုယ့်ဒုက္ခကို ကူညီစောင်မ ပေးမယ့် မဏိမေခလာများ ပေါ်လာလေ မလားဆိုတဲ့ သူတစ်ပါးကို မှီခိုချင်တဲ့ စိတ်ကလေးတွေ ရှိတတ်ကြပါတယ်။

ဒါပေမယ့် ”အတုယူ” တယ်ဆိုတာ ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်ဆိုတာလေးတွေကို လူတော်တော်များများက မေ့ထားတတ်ကြပါတယ်။ အခု အကျဉ်းချုပ်ပြောမယ့် ဇာတ်တော်လေးကို ဖတ်ပြီး ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်ဆိုတာကို တွေးကြည့်ကြရအောင်ပါ။

တစ်ခါက မိထိလာပြည်ကို အုပ်ချုပ်နေတဲ့ မဟာဇနက မင်းကြီးမှာ သားတော်နှစ်ယောက် ရှိတယ်။ မင်းကြီးနတ်ရွာလားတော့ အစ်ကိုကြီးက ဘုရင်လုပ်ပြီး ညီဖြစ်သူက အိမ်ရှေ့မင်းသားဖြစ်လာတယ်။ တစ်နေ့တော့ ညီတော် ထီးနန်းလုဖို့ ကြံစည်နေတဲ့အကြောင်း ကုန်းတိုက်စကားကြားရတော့ နောင်တော်မင်းကြီးဟာ သူ့ညီအိမ်ရှေ့မင်းသားကို ဖမ်းဆီးချုပ်နှောင် ထားခိုင်းလိုက်တယ်။

ဒါနဲ့ ညီတော်အိမ်ရှေ့မင်းသားဟာ အကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတော့ သူတကယ် နောင်တော်မင်းကြီးဆီက ထီးနန်းလုပ်ဖို့ မကြံပါဘူး ဆိုတာ သစ္စာဆိုပြီး တိုင်တယ်ခဲ့လို့ သူ့ကို ချည်နှောင် ထားသမျှအားလုံး အလိုလို ဖြေလျော့သွားပါရောတဲ့။ အချုပ်အနှောင်တွေ အားလုံး ပြေကုန်ပြီ ဆိုတော့ ညီတော်မင်းသားဟာ အစွန်းအဖျားတောရွားလေးတွေဆီ သွားပြီး ပုန်းခိုနေပါတယ်။ ပုန်းခိုနေရင်းနဲ့ပဲ လူသူပရိသတ်တွေ စုဆည်းပြီး အစ်ကို့ဆီက နန်းတော်ကို သိမ်းဖို့ ပြန်လာတဲ့အခါ နောင်တော်မင်းကြီးဟာ နောက်လိုက်စစ်မက်အင်အားများတဲ့ ညီတော်ကို ပြန်လည်မခုခံနိုင်ဘဲ ဘုရင့်ရာထူးကနေ ဖယ်ပေးလိုက်ရပါတယ်။

နောင်တော်မင်းကြီး ထီးနန်းအသိမ်းမခံရ ခင်မှာ ကိုယ်ဝန်အရင့်မာရှိနေတဲ့ မိဖုရားခေါင်ကြီးကို မှာချင်တာတွေ သေချာမှာပြီး ထွက်ပြေးခိုင်းခဲ့တဲ့အတွက် မိဖုရားခေါ်ကြီးဟာ အဖိုးတန်ရတနာတွေ ယူပြီး ဆင်းရဲသားအသွင်နဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မိဖုရားခေါင်ကြီးလည်း မောင်တော်ဘုရင်မှာတဲ့ အတိုင်း ကိုယ်ဝန်ကို သေချာစောင့်ရှောက်ပြီး မွေးလာတဲ့အခါ သားလေးကို အဘိုးရဲ့ နာမည်အတိုင်း ”မဟာဇနက”လို့ မှည့်ခေါ်လိုက်တာ ပေါ့။ ဇနကမင်းသားလေး ကြီးပျင်းလာတဲ့အခါ ကစားဖော်တွေက မုဆိုးမသားလို့ ခေါ်ခံရတော့ မကြာခဏ အပေါင်းအသင်းတွေနဲ့ ရန်ဖြစ်လေ့ရှိပါတယ်။

တစ်နေ့တော့ မင်းသားလေးဟာ သူ့ဘ၀ဇာတ်ကြောင်းအကုန်အစင် သိသွားပြီးတာနဲ့ အမျိုးဂုဏ်ကို ထိန်းတဲ့အနေနဲ့ အရင်ကလို့ မုဆိုးမသားလို့ခေါ်တဲ့ သူငယ်ချင်းတွေအပေါ် သည်းခံပြီး အဆင်ပြေအောင် နေထိုင်လာပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သူ့ဘ၀ကို အမြဲတမ်းပြန်တွေးပြီး ဆရာ့ဆီက တတ်သင့်တဲ့ပညာမှန်သမျှ ကြိုးကြိုးစားစား သင်ယူနေပါတော့တယ်။

ဒီထက် ပိုအရေးကြီးတာက ကိုယ့်မိခင်ကိုတောင် ဖွင့်ပြောမထားတဲ့ ရည်ရွယ်ချက်အတွက် မမေ့အောင် အောင်မြင်နိုင်မယ့်နည်းလမ်း တွေကို အမြဲတမ်းစဉ်းစားနေလေ့ရှိတာပေါ့။
နောက်တော့ မိခင်ကြီးထံ ခွင့်ပန်ပြီး မိထိလာပြည်ကို သင်္ဘောနဲ့ခရီးစတင် ထွက်ခဲ့ပါတော့ တယ်။ စာဖတ်သူအများ သိကြတော်မူတဲ့အတိုင်း ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး ပင်လယ်ထဲမှာ မျောနေတုန်း မဏိမေခလာနတ်သမီး ကယ်တင်လို့ အသက်ရှင်သွားရတာပေါ့။ ဒီနေရာမှာ စာဖတ်သူများ သတိပြုသင့်တာက ဇနကမင်းသားရဲ့ စိတ်ဓာတ်ပါ။

ယောက်ျားကောင်း တစ်ယောက်ဖြစ်ဖို့ ကမ်းမမြင်တဲ့ ပင်လယ်ပြင်ကို ကူးခတ်တာဖြစ်ပြီး တစ်စုံတစ်ယောက်က လာကယ်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကူးနေတာမဟုတ်ဘူးဆိုတဲ့ အချက်ကိုပါ။

အလုပ်တစ်ခုလုပ်တဲ့ နေရာမှာ မျှော်လင့်ချက်နဲ့ လုပ်တဲ့အလုပ်ထက် ယုံကြည်ချက်နဲ့ လုပ်တဲ့အလုပ်က ပိုပြီး ပြီးတာမြန်ဆန်သလိုပဲ ပိုပြီး ကြည်နူးပျောက်ရွှင်စိတ်နဲ့ လုပ်ခွင့်ရတတ်ပါတယ်။ဆိုတော့။ ဇနက မင်းသားဟာ မေခလာနတ်သမီးရဲ့ ကယ်မမှုကြောင့် အသက်ချမ်းသာရာ ရပြီး မိထိလာပြည် ဥယျာဉ်ထဲ မျောနေတဲ့အချိန်မှာ မင်းလောင်းရှာနေတဲ့ ဖုဿရထားဟာ သူ့ဆီကို တန်းတန်းမတ်မတ် ရောက်လာပါရော လား။

ဒါနဲ့ အလောင်းတော် ဇနကမင်းသားဟာ နတ်ရွာစံသွားတဲ့ ဘုရင့်ရဲ့သမီးတော် သီဝလိဒေ၀ီ မင်းသမီးကို မိဖုရားမြှောက်ပြီး မိထိလာပြည်ဘုရင်အဖြစ်ကို သိမ်းပိုက်တော်မူလိုက်ပါတယ်။ နှစ်အတန်ကြာတော့ ဒီဃာဝုဆိုတဲ့ သားတစ်ယောက် ဖွားပြီး မကြာခင်မှာပဲ ဥယျဉ်ထဲက သရက်ပင်နှစ်ပင်ကို ဥပမာယူပြီး ရသေ့ရဟန်း ၀တ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ မိဖုရားကြီးနဲ့ မူးမတ်တွေ တိုင်းသူပြည်သား တွေ ဘယ်လိုပဲ ငိုယိုတောင်းပန် တောင်းပန် ထွေးပြီးသား တံတွေးကို ပြန်မမြိုတော့သလိုပဲ စွန့်ပစ်ထားခဲ့တဲ့ နန်တော်စည်းစိမ်တွေကို လုံးဝမငဲ့ဘဲ ရသေ့ရဟန်းဘ၀မှာပဲ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွား ပါရောတဲ့။

တစ်ခု ကျန်ခဲ့တာက သီဝလိဒေ၀ီ မိဖုရားကြီးကိုယ်တိုင်လည်း ရသေ့မအသွင်နဲ့ ဥယျာဉ်တော်မှာပဲ အသက်ထက်ဆုံးနေထိုင် သွားတယ်ဆိုတာပါပဲ။ ကဲ မိတ်ဆွေအနေနဲ့ ဒီဇာတ်တော်အကျဉ်းလေးကို ဖတ်ပြီးတယ်ဆိုရင်ပဲ အခုလို ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်တွေကို တွေ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်လေ။

၁။အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် ဇွဲနပဲ(ကြိုးစားအားထုတ်မှု) ကြီးခြင်း(၀ီရိယပါရမီ)
၂။ကြီးမားခမ်းနားတဲ့ မင်းစည်းစိမ်နဲ့ တိုင်းပြည်ကိုသော်မှ မငဲ့ကွက်ဘဲတောထွက် ရသေ့ရဟန်းပြုခြင်း (နေက္ခမ္မပါရမီ)
၃။ကိုယ့်ကိုယ်ကို မင်းမျိုးမှန်း သိသည်နှင့် တစ်ပြိုင်နက် အမျိုးဇာတ်ကို စောင့်ထိန်းသော အားဖြင့် အနေအထိုင် ပြင်ဆင်ခြင်း။
၎။ကိုယ့်ရဲ့ ပစ်မှတ်ပန်းတိုင်ကို သေသေချာချာ သိသလို စနစ်တကျ ပြင်ဆင်ပြီးမှ နေထိုင်ဖြတ်သန်းခြင်း။
၅။ မျှော်လင့်ချက် မဲ့တော့မည့် အချိန်ရောက် နေတာတောင် မည်သူ့ကိုမှ မှီခိုအားထားစိတ် မထားဘဲ ယောက်ျာကောင်း ပီးသစွာ ကြိုးစား အားထုတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။


အဲ မယူသင့်တဲ့အစစ်ဆိုတာက မိမိတို့ဘ၀မှာ အကြောင်းကြောင်းကြောင့် အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အခြားသူဆီက အကူအညီကို မျှော်လင့်အားကိုးမနေသင့်ဘူးဆိုတဲ့ အချက်ပါပဲ။ ကိုယ်စွမ်းနိုင်သမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အခက်အခဲတွေကို ကျော်လွှားလိုက်ကြဖို့ပါ။

ဇာတ်တော်ဟောချိန်နှင့် ဟောသည့်နေရာ။ ။မဟာသက္ကရာဇ် ၁၁၇ ခု၊တန်ဆောင်မုန်းလဆန်း(၁)ရက် သောကြာနေ့ည။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်။

0 comments:

Post a Comment