မင်္ဂလာပါ......

Sunday, 27 September 2009

အမှတ်မရှိတဲ့ ငါ


(၁)
အမှားတွေကို ချစ်နေတာလား
လွဲချော်မှုတွေကို ခုံမင်နေတာလား
ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အရာတွေပဲလား
စိတ်ကူးထဲက နိုးထပြီး
မနက်မိုးလင်းလို့ ထကြည့်
အော် တစ်နေ့စာအဆာရှာထွက်ကြတဲ့
ငှတ်ကလေးတွေက ငါ့ကိုလှောင်လို့ ပြောင်လို့
ကိုယ့်ပိုင် ဘာသာစကားနဲ့ ကိုယ့်ဖာသာကြေနပ်
ကိုယ့်ဘဝ ကိုယ့်ဖွင့်ဆိုချက်နဲ့ ကိုယ် သာယာ
ဒါတောင် အပြစ်က မလွတ်ချင်ဘူး တဲ့။
(၂)
လူထဲက လူတစ်ယောက်အဖို့
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
အပြီးထိ ကြည့်မည့်သူမရှိလဲ ပြီးသည်ထိတော့
ဆက် ကရမှာပဲ။
အသွားမတော် တစ်လှမ်း အစားမတော် တစ်လုပ် တဲ့
ရွေးခြယ်ခွင့် နဲ့ ဝေးနေကြမှတော့
ဖြစ်သလို ကြုံသလို သာ ဆက်ရမှာပဲ
ကိုယ့်စိတ်နဲ့ကို ရူးနေကြတာပါပဲ။
ဘာလုပ်လုပ် ဘာတွေးတွေး
ဘာမှကို အရသာမတွေ့ဘူး
ဘာမှကို ခံတွင်းမတွေ့ဘူး။
တစ်ခုခု ကို လုပ်မယ်ကြံရင် တစ်ခုခုက ဖျက်နေတယ်။
ဘာလဲဆိုတာလဲ အပြောရခက်တယ်
ဘာမှ နားမလည်တာတွေ ရေးမိမှတော့
ဘာမှ နားမလည်တာတွေ ဖတ်ရမှာပေါ့။
သမရိုးကျ ဖြစ်စဉ်မှာ ဒါတွေ မပါခဲ့ဘူးဆိုတာ
ကျုပ်တို့ မတွေ့ကြုံခဲ့ဘူးတော့ ဖြစ်သလို ကြုံသလိုဆက် ကဖို့လွဲပြီး
အခြားဘာမှ မရှိပါဘူး။
(၃)
ကိုယ့်ကိုကိုယ် အမှတ်ပေးထားပါရက် နဲ့
အမှတ်မရှိခဲ့မှတော့ ဘယ်သူ့အမှတ်ကိုမျှော်ရမှာတဲ့လဲ။
ဖြစ်စဉ်များစွာကို အကြိမ်ကြိမ်ကောက်ချက်ချ
တစ်နေ့သာ ကုန်သွားတယ်
လူတွေ ပုံမှန်အသက်ရှူက မရပ်ဘူး။
ပုံလောင်နေပါတယ် ဆိုမှ
ပူလောင်မှုတွေက ကူးဆက်
ဆက်ကပြရမယ့် လူဘဝဇာတ်ခုံ မသိမ်းသေးသမျှ
ကပြကြရမှာပဲ။
ပွဲပြီးသွားရင် တစ်ခုပဲ လိုတယ်။
မိုး မလင်း ဖို့ ။
တကယ်မိုးလင်းမှာကို ကြောက်နေသူအတွက်ရယ်ပါ။
ရှင်သန်နေကျ သစ်ပင်တွေ
သီဆိုနေကျ တေးသံတွေ
တစ်ဖြေးဖြေး နွေရာသီ ဆန်လို့လာတယ်။
ဘာမှ အကြောင်းပြချက် အသစ်မလိုပါဘူး
ကိုယ်ရှင်သန်ခဲ့တဲ့ ကာလတစ်လျှောက်မှာတင်ကို
ကိုယ့်မှတ်ကြောက်ကို ပြန်ကြည့်လို့ရပါသေးတယ်။
အဆိပ်ပင် ကို ရေမလောင်းမိတဲ့ ငါ မဖြစ်သေးသမျှ
အမေ့အိမ်ကို ငါပြန်ခွင့်ရှိတယ်။
လူ့ ဘဝက ခဏလေးရယ်ပါ
အရိုးပြိုင်းပြိုင်းထနေတဲ့ တောအုပ်ထဲမှာ
ဘယ်ကလာပြီး ခင်ဗျုားတို့လိုချင်တဲ့ သာယာမှုရှိမှာတဲ့လဲ။
အာရုံတွေက မချိုပါဘူးဆိုမှ
အမှတ်မရှိတဲ့ ငါက မနေ့က ထမင်းသိုး ဟင်းသိုးတွေကို
တက်လို့ မက်လို့ မျှော်လို့ လင့်လို့........။

Friday, 25 September 2009

တောင်တန်းပေါ်က တစ်ည


ကျုပ်တို့သူငယ်ချင်းတစ်စု ရွာလေးတစ်ရွာသို့လေ့လာရေးရောက်ရှိသွားတယ်။သူငယ်ချင်းရဲ့ဖိတ်ခေါ်မှုလဲ ပါတာပေါ့။ရွာကိုသွားမယ်ဆိုတာနဲ့အပျိုတော်များနဲ့ အကြိုတော်လွှတ်ရတဲ့ သူ့ဒုက္ခက လဲ မသေးငယ်လှပါ။ မိုးတွေ တစ်ဖွဲဖွဲ လေတွေတဝုန်းဝုန်း ဘယ်ကိုပဲကြည့်ကြည့်တောင်တန်းတွေကိုပဲမြင်နေရတယ်။ တောင်တန်းတွေပေါ်မှာကြည့်ရင်း တောင်တန်းတွေကို ဖျတ်လျှောက်ရတာ ပျော်စရာကောင်းသလို လွမ်းစရာလဲသိပ်ပြီးကောင်းလွန်းတယ်။ဘယ်လွမ်းရမှန်း မသိမှုများနှင့် တော်တော်လေးလွမ်းတက်လာတယ်။ သူတို့မှာရှိတဲ့ ယဉ်ကျေးမှုကို အစွမ်းကုန် ပြသကြတဲ့ ရိုးသားမှုလောက်ချစ်စရာကောင်းတာမရှိဘူး။ ဒါက ပညာမတက်တဲ့ လူတန်းစားတစ်ချို့အတွက်ရယ်ပါ။ကျုပ်တို့တစ်ဖွဲ့ကြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား လမ်းမှာ ဟားတိုက်လို့ ရယ်လိုက်ကြ စ လိုက်ကြ နောက်လိုက်ကြ ပြောင်လိုက်ကြ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ဘာမှန်းမသိသေးတဲ့ ရိုးရာ ယဉ်ကျေးမှုအတွက် ကျုပ်တို့တွေ ခရီးတစ်ခုမှာ မျှော်တလင့်လင့်လေးပါပဲ။ရောက်တော့မှာ ရောက်တော့မှာဆိုတဲ့ အသံလေးကိုပဲ အင်အားပြု ဂရုထား ကျန်တာ ဘာကိုမှ အမှုမထား ဂရုမထား ။
ဒီအတက်ပြီး ရင် အဆင်းမရှိတော့ပါဘူးဆိုတာ အဲဒီက ရခဲ့တာပါ။ဘဝက ဒီလိုပါပဲ ဘာတက်နိုင်မှာလဲတဲ့ ။ ကျုပ်တို့ကတော့ ကျုပ်တို့စိတ်ထဲရှိတဲ့အတိုင်းပေါ့ ။အင်းလေ သူတို့ကလည်း သူတို့စိတ်ထဲရှိတဲ့အတိုင်း တကယ်ကို ရိုးရိုးသားသား ပါပဲ ကြေလို့ ၊ နပ်လို့ သူတို့ဘဝနဲ့သူတို့ပြောပါတယ်။ရွာကို မြင်နေရပါပြီ ဟိုးဝေးဝေးက မှုံမှုံလေးက ကျုပ်တို့သွားနေတဲ့ ရွာပဲ တဲ့။အား ပါးပါး မှားပြီ မှားပြီ လိုက်ခဲ့မိတာမှာပြီ။ကိုယ်ပေါ်မှာရှိနေသမျှ အရာအားလုံးကို ပစ်ချလိုက်တယ်။ကိုယ့်ခြေထောက်ကို သော်မှ မသယ်ချင်တော့တဲ့ အဖြစ်ကို ရောက်သွားတယ်။သူတို့ တိုင်းရင်းသူတွေက တော့ ပုံမှန်ပါပဲ။နုားလဲ မနားဘူး နောက်ပြီး မြန်မြန်လဲ မသွားဘူး။ ကျုပ်တို့ကတော့ မဟုတ်ဘူး။မြန်မြန် ရောက်ချင်လို့ သွားလေလေ ဖြေးဖြေး ရောက်နေလေ ဖြစ်နေတယ်ဗျာ။ဒါနဲ့ ပဲ နောက်ဆုံးကို ကျန်ခဲ့ရတယ်။
ရောက်ပါပြီ တကယ်ရောက်ပါပြီ ။အဲဒီရွာလေးကို ဘယ်လိုရောက်ချင်မှန်းမသိဘူး မောပန်းနေလို့နဲ့ တူတယ်။အဲဒီအချိန်ခါက ရယ်ပါ။လမ်းခရီး နန်ပုတ်ချောင်းကို ဖြတ်ကြတော့ လုပ်ပြီးသားဖောင်လေးက ပျက်နေတယ် ။ ဖောင်လုပ်ကြမယ်ဆိုပြီး ဝါးတွေ ခုပ် ကြိုးတွေ ရှာ တကယ်မလွယ်တာပါ။စာဖတ်သူ ဖောင်ဆိုတာ သိမှာပါ။တစ်ဖက်ကမ်းကိုကူးသွားဖို့ကို ပြောတာလေ။ရှိသမျှ အစွမ်းကုန်ထုပ် လုပ်ကြ ကိုင်ကြ လှုပ်ရှားလိုက်ကြတာ ဘယ်မှာရလို့လဲ ဖောင်မပြောပါနဲ့ ရှိသမျှဝါးတွေ ဆုံးတော့တာပါပဲ။တစ်ဖက်ကမ်းကို ကူးဖို့အရေးတော်တော်ခက်ခဲတယ်ဆိုတာကို သဘောပေါက်လိုက်မိတယ်။ ရေစီးကလဲ တော်တော်သန်တယ်။မတက်နိုင်ကြဘူး ဘယ်လိုမှကို မတက်နိုင်ကြတာ။တောင်ကြချောင်းရေဆိုတာ သိတယ်မလား ။သူမထင်ရင် ချက်ချင်းရေတွေက ကြီးလာတယ်။ဘာနဲ့မှ တားစီးလို့မရဘူး။ဒီ လိုနဲ့ပဲ နန်ပုတ်ချောင်းကလေးကျော်ဖို့ တော်တော်အခက်တွေ့နေတယ်။သူတို့တွေကတော့ အသာလေးပဲ ကူးသွားကြတယ်။လက်မှာလဲ အထုပ်တွေ အပိုးတွေနဲ့ အားပါးပါး ကြည့်ပြီး ကြောက်လာတယ်။လွယ်လွယ်ကူကူပါပဲ။ကြောက်နေတဲ့ ကျုပ်တို့အတွက် ဒီတောင်ကျ ချောင်းကို ဘယ်လိုကျော်လွားကြမလဲမလွယ်ဘူးနော်။ဒါနဲ့ မထူးပါဘူး ဒီတိုင်းနေရင် တော့ ဘာမှဖြစ်မလာဘူးပေါ့။ ရေတိမ်ရာကို ရှာဖွေကြတယ်။ကံကောင်းချင်တော့ ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်းကို သဘာဝအရ ပေါင်းကူးပေးထာတဲ့ နွယ်ပင်ကြီးကြီးကို တွေ့ကြတယ်။ဟာ မဆိုးဘူးဆိုပြီး လွယ်လွယ်ကူကူ ပဲကူးသွားကြတယ်။အဲဒီတွေမှာ အားလုံး လယ်ဘယ်တူတွေချည်းပဲ ဘယ်သူမှ ဆရာဆိုတာ မရှိဘူး။ခေါင်းဆောင်ဆိုတာ မထားဘူး။ဖြစ်လာရင် အကုန်ဝိုင်းပြီး ဖြေရှင်းလိုက်ကြတယ်။ ရွာတစ်ရွာကို ခဏ ဝင်နုားကြသေးတယ်။ရွာရဲ့အကြီးဆုံးစော်ဘွားက ပြောတယ်။ဘာပြောလဲ ဆိုတော့ ကျုပ်တို့တွေ ထမင်းစားလို့အပြီး ဒီမှာ မိတ်ဆွေတို့ မင်းတို့ မြေပြန့်လာကြတယ်နော်။တို့စီမှာရွှေတွေ ငွေတွေပါလာစရာမလိုဘူး။ တို့စားသလို မင်းတို့စားနိုင်ရင် တစ်ဝမ်း တစ်ခါးအတွက်တော့ နေလို့ရတယ်။အဲလိုမှ မင်းတို့မစားနိုင်ရင် အသက်တိုမယ်။တဲ့ .......။အရိုးသားဆုံးသူပြောသွားတာပါ။ဒီလိုနဲ့ စားသောက်ပြီးကြတော့ ဆေးလိပ်တွေ ကွမ်း (သူတို့ရိုးရာ ကွမ်း)တွေ နှင့်ဧည့်ခံနေသေးတယ်။ပြီးတော့ လမ်းမှာစားဖို့ ကြက်ဥတွေ ပြုတ်ပေး။အစုံပါပဲ တကယ့်ကို အစုံလုပ်ပေးလိုက်တာပါ။ခုပဲ တွေ တာ သူက ခင်မင်တက်လိုက်တာ ကြည့်စမ်း ဘာမျှော်လင့်ချက်မှလဲ မရှိဘူး။ရွာကို ဖြတ်သွားရုံလေးပါပဲ နုားခိုစရာ အိမ်မရှိတော့လို့ ခဏလေးဝင်နုားလိုက်တာပါပဲ။ဒါတင်မကသေးပါဘူး လမ်းမှာ အစောင့်နှစ်ယောက်ထည့်ပေးလိုက်ပါသေးတယ်။ဒီလို နဲ့ နန်ပုတ်ချောင်း တောင်တက်ကို အလွန် ကျုပ်တို့တွေ သွားနေတဲ့ ရွာလေးကို ရောက်တော့တာပါပဲ။ ည ........ ည..........ရောက်တဲ့ ညတုန်းကပေါ့.............သိပ်ပြီးထူးဆန်းခဲ့သော မျှော်လင့်မထားခဲ့သော အတွေ့အကြုံများ ..............ဟုတ်ကဲ့ ခဏနားပြီး ပြန်လည်တွေးနေပါရစေ။ဆက်လက်ရေးပါမည်......။

Wednesday, 23 September 2009

နုပျိုအောင် ဘယ်လိုနေမလဲ. . .


1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့

အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ

ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။

ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။



2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး

ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း

ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။







3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊

ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်

သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။

စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's

workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's!

ပဲပေါ့



4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။



5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။

ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို

ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်

သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။







6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့

တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ

ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း

ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။



7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊

ဝမ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။

ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့

ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။



8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်

ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း

ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ

မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။



9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။

အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား

တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်

ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။





10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ

ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ဖိုးသူတော်ကြီး ပြောပြတဲ့ပုံပြင် . . .

ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒီလိုပါ။


တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း
နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခက်တာက သူတို့နေတဲ့အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ
မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကြရင်
ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။

တစ်နေ့လဲမဟုတ်၊ နှစ်နေ့လဲမဟုတ် နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက်
ညစာတောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလဲ ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ၊ တစ်သက်လုံး ဒီလိုပဲ တောင်းစား နေတော့မှာလား။ ကိုယ့်ဖါသာ
ကိုယ်လည်း ချက်စားကြ ဦးမှပေါ့”
“ချက်တော့ ချက်စားချင်ပါတယ်ဗျာ။ ဒါပေမဲ့ မီးဖို မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျ။ ဒါမှမဟုတ် ခင်ဗျားတို့လဲ သိပ္ပံပညာရှင် တွေပဲ…
ကိုယ့်ဖါသာကိုယ် မီးဖိုလေးတစ်လုံး တောင် ဖြစ်အောင် မလုပ်တတ် ကြဘူးလား”
ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…
“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး
တည်ဆောက် ကြမယ်ပေါ့။ ဒီလိုနဲက အားလုံးသဘောတူ လိုက်ကြတယ်။
အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့ …။
မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တစ်နေရာက တစ်နေရာကို
ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်မှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင်
နောက်တစ်ယောက်က
“ဘီးတွေကြီးပဲရှိရင် ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး
ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“စက်လဲ တတ်ပြီးပြီ၊ ဘီးတွေလဲ ရှိပြီ၊ မောင်းလို့လဲ ရနေပြီဆိုတော့… တစ်ခါတည်း
လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ် ကြားလို့ လာကြည့်ကြတဲ့ လူတစ်ယောက်က
အဲဒီမီးဖိုကိုလည်း မြင်ရော ရင်သပ်ရှုမော ဖြစ်သွားပြီး…
“အို… အံမခန်း လက်ရာပဲ”
လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ
မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါလေရော… တဲ့။
ကြည့်တဲ့သူတိုင်း ကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံ
ကြားလေလေ သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရ လာလေလေ… သူတို့
လက်စွမ်းပြ ချင်လာလေလေ ပေါ့။
ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊
ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျှောက် စနစ်နဲ့ ဖွဲစည်း ပြောင်းလဲ
လို့ရအောင် တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ်
ပျံလို့ရအောင် လုပ်တယ်။ မီးဖိုကြီးက မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေး
နိုင်တယ်။
တတိယသိပ္ပံပညာရှင် ကတော့ မီးဖိုကြီး အတွင်းမှာ ကွန်ပြူတာ တစ်လုံး
တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာ မှန်သမျှကို အဲဒီ ကွန်ပြူတာ
ဖြေရှင်းပေးနိုင်တယ် ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက
မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပြူတာက
ဗေဒင် ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ချီးမွမ်းကြတယ်။
နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ
အထူးခြား အဆန်းသစ်ဆုံး အပြည့်အစုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်လေး တစ်ခုပဲ
ရှိတယ်။
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ၊ ဟင်းတွေ လိုက်တောင်းစား
နေရတာပါပဲတဲ့။

ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး လျှောက်စဉ်းစား နေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်…” လို့။

— မင်းခိုက်စိုးစံ ၏ ကတ်သီးကပ်သတ်မှ —

Thursday, 17 September 2009

ကိုယ်တိုင်ရွေးတဲ့လမ်း


(၁)
မလျှောက်လှမ်းချင်ခဲ့ဘူး
တကယ်ပြောတာ ကျုပ် စိတ်ထဲမှာ
မရေရာတဲ့ မသေချာတဲ့ခြေရာတွေကို
မလွမ်းနိုင်လို့ပါ။
ကမ်းခြေမှာ ထားခဲ့မိလို့လား
ဒါမှမဟုတ် ရင်......
တလိမ့်လိမ့်တက်လာတဲ့ လှိုင်းတွေကြောင့်လား။
သဲမှုံလေးတွေ ကျုပ်လက်ကြားက သဲမှုံလေးတွေမှာ
တကယ်အပြစ်မရှိကြပါဘူး။
ကျုပ်အပေါ်မှာ ငြိကပ်မှုမရှိခဲ့ရင်
တစ်စုံတစ်ယောက်အပေါ်မှာ ရှိမှာပါ။
ရှိခဲ့ဘူးတဲ့ ကျုပ်မမြင်ရတဲ့ စီးဆင်းမှုကို
ကျုပ်မလိုချင်ဘူး။
(၂)
ဘဝဆိုတာ ဘာမှမဟုတ်မှန်းကျုပ်သိတယ်။
ဒါပေမယ့် ကျုပ်ရဲ့ ကျန်ခဲ့တဲ့ ခြေရာတွေအတွက်
တစ်ခုခုတော့ ပြောခဲ့ချင်တယ်။
ပင်လယ်ကို ချစ်ခဲ့မိသူအတွက်
ကျန်တဲ့အပိုင်း အစလောက်တော့
ကောင်းကောင်းကြီးသိတာပေါ့။
သဘာဝတရားရယ်.......
ဘာလို့ ကျုပ်ကို ဟန်ဆောင်ခဲ့တာလဲ။
(၃)
ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းအတွက်
ကိုယ်တိုင်ကြေနပ်မှုရှိပါတယ်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
ကျုပ်မမှုပါဘူး။
မဖြစ်စလောက် အမာရွက်လေးအတွက်
ဘာလို့ ပင်လယ်ရေနဲ့ဆေးချင်ရတာပါလိမ့်။
ကျုပ်ကိုယ်တိုင် ကျုပ်ရဲ့ကိုယ်တိုင်ပုံတူရေးဆွဲချင်ခဲ့တာဆိုတာ
အချိန်တန်ရင် သူကိုယ်တိုင်သိပါစေ။
ကဲ ဆက်ပြီးလျှောက်ကြမယ်။
မသေမချင်း ဘာမဆိုဖြစ်ခွင့်ရှိတယ်။
ယုံတမ်းစကားတွေ မပြောတက်ဘူး။
မပြောတက်တဲ့ စကားအတွက် မယုံရင်လဲ
ဟိုး.......ရှေးရှေးတုန်းက လို့ပဲ ..............
ဟိုး.......ရှေးရှေးတုန်းက လို့ပဲ......................။

Wednesday, 16 September 2009

ကူးခတ်ခဲ့သော ပင်လယ်တစ်စင်းအကြောင်း

တစ်ချို့က ဇနကမင်းသားရဲ့ အားမာန်နဲ့ဇွဲကို အားကျ တတ်တာမျိုး ရှိသလို၊ အချို့ကတော့ ကိုယ့်ဒုက္ခကို ကူညီစောင်မ ပေးမယ့် မဏိမေခလာများ ပေါ်လာလေ မလားဆိုတဲ့ သူတစ်ပါးကို မှီခိုချင်တဲ့ စိတ်ကလေးတွေ ရှိတတ်ကြပါတယ်။

ဒါပေမယ့် ”အတုယူ” တယ်ဆိုတာ ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်ဆိုတာလေးတွေကို လူတော်တော်များများက မေ့ထားတတ်ကြပါတယ်။ အခု အကျဉ်းချုပ်ပြောမယ့် ဇာတ်တော်လေးကို ဖတ်ပြီး ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်ဆိုတာကို တွေးကြည့်ကြရအောင်ပါ။

တစ်ခါက မိထိလာပြည်ကို အုပ်ချုပ်နေတဲ့ မဟာဇနက မင်းကြီးမှာ သားတော်နှစ်ယောက် ရှိတယ်။ မင်းကြီးနတ်ရွာလားတော့ အစ်ကိုကြီးက ဘုရင်လုပ်ပြီး ညီဖြစ်သူက အိမ်ရှေ့မင်းသားဖြစ်လာတယ်။ တစ်နေ့တော့ ညီတော် ထီးနန်းလုဖို့ ကြံစည်နေတဲ့အကြောင်း ကုန်းတိုက်စကားကြားရတော့ နောင်တော်မင်းကြီးဟာ သူ့ညီအိမ်ရှေ့မင်းသားကို ဖမ်းဆီးချုပ်နှောင် ထားခိုင်းလိုက်တယ်။

ဒါနဲ့ ညီတော်အိမ်ရှေ့မင်းသားဟာ အကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတော့ သူတကယ် နောင်တော်မင်းကြီးဆီက ထီးနန်းလုပ်ဖို့ မကြံပါဘူး ဆိုတာ သစ္စာဆိုပြီး တိုင်တယ်ခဲ့လို့ သူ့ကို ချည်နှောင် ထားသမျှအားလုံး အလိုလို ဖြေလျော့သွားပါရောတဲ့။ အချုပ်အနှောင်တွေ အားလုံး ပြေကုန်ပြီ ဆိုတော့ ညီတော်မင်းသားဟာ အစွန်းအဖျားတောရွားလေးတွေဆီ သွားပြီး ပုန်းခိုနေပါတယ်။ ပုန်းခိုနေရင်းနဲ့ပဲ လူသူပရိသတ်တွေ စုဆည်းပြီး အစ်ကို့ဆီက နန်းတော်ကို သိမ်းဖို့ ပြန်လာတဲ့အခါ နောင်တော်မင်းကြီးဟာ နောက်လိုက်စစ်မက်အင်အားများတဲ့ ညီတော်ကို ပြန်လည်မခုခံနိုင်ဘဲ ဘုရင့်ရာထူးကနေ ဖယ်ပေးလိုက်ရပါတယ်။

နောင်တော်မင်းကြီး ထီးနန်းအသိမ်းမခံရ ခင်မှာ ကိုယ်ဝန်အရင့်မာရှိနေတဲ့ မိဖုရားခေါင်ကြီးကို မှာချင်တာတွေ သေချာမှာပြီး ထွက်ပြေးခိုင်းခဲ့တဲ့အတွက် မိဖုရားခေါ်ကြီးဟာ အဖိုးတန်ရတနာတွေ ယူပြီး ဆင်းရဲသားအသွင်နဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မိဖုရားခေါင်ကြီးလည်း မောင်တော်ဘုရင်မှာတဲ့ အတိုင်း ကိုယ်ဝန်ကို သေချာစောင့်ရှောက်ပြီး မွေးလာတဲ့အခါ သားလေးကို အဘိုးရဲ့ နာမည်အတိုင်း ”မဟာဇနက”လို့ မှည့်ခေါ်လိုက်တာ ပေါ့။ ဇနကမင်းသားလေး ကြီးပျင်းလာတဲ့အခါ ကစားဖော်တွေက မုဆိုးမသားလို့ ခေါ်ခံရတော့ မကြာခဏ အပေါင်းအသင်းတွေနဲ့ ရန်ဖြစ်လေ့ရှိပါတယ်။

တစ်နေ့တော့ မင်းသားလေးဟာ သူ့ဘ၀ဇာတ်ကြောင်းအကုန်အစင် သိသွားပြီးတာနဲ့ အမျိုးဂုဏ်ကို ထိန်းတဲ့အနေနဲ့ အရင်ကလို့ မုဆိုးမသားလို့ခေါ်တဲ့ သူငယ်ချင်းတွေအပေါ် သည်းခံပြီး အဆင်ပြေအောင် နေထိုင်လာပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သူ့ဘ၀ကို အမြဲတမ်းပြန်တွေးပြီး ဆရာ့ဆီက တတ်သင့်တဲ့ပညာမှန်သမျှ ကြိုးကြိုးစားစား သင်ယူနေပါတော့တယ်။

ဒီထက် ပိုအရေးကြီးတာက ကိုယ့်မိခင်ကိုတောင် ဖွင့်ပြောမထားတဲ့ ရည်ရွယ်ချက်အတွက် မမေ့အောင် အောင်မြင်နိုင်မယ့်နည်းလမ်း တွေကို အမြဲတမ်းစဉ်းစားနေလေ့ရှိတာပေါ့။
နောက်တော့ မိခင်ကြီးထံ ခွင့်ပန်ပြီး မိထိလာပြည်ကို သင်္ဘောနဲ့ခရီးစတင် ထွက်ခဲ့ပါတော့ တယ်။ စာဖတ်သူအများ သိကြတော်မူတဲ့အတိုင်း ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး ပင်လယ်ထဲမှာ မျောနေတုန်း မဏိမေခလာနတ်သမီး ကယ်တင်လို့ အသက်ရှင်သွားရတာပေါ့။ ဒီနေရာမှာ စာဖတ်သူများ သတိပြုသင့်တာက ဇနကမင်းသားရဲ့ စိတ်ဓာတ်ပါ။

ယောက်ျားကောင်း တစ်ယောက်ဖြစ်ဖို့ ကမ်းမမြင်တဲ့ ပင်လယ်ပြင်ကို ကူးခတ်တာဖြစ်ပြီး တစ်စုံတစ်ယောက်က လာကယ်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကူးနေတာမဟုတ်ဘူးဆိုတဲ့ အချက်ကိုပါ။

အလုပ်တစ်ခုလုပ်တဲ့ နေရာမှာ မျှော်လင့်ချက်နဲ့ လုပ်တဲ့အလုပ်ထက် ယုံကြည်ချက်နဲ့ လုပ်တဲ့အလုပ်က ပိုပြီး ပြီးတာမြန်ဆန်သလိုပဲ ပိုပြီး ကြည်နူးပျောက်ရွှင်စိတ်နဲ့ လုပ်ခွင့်ရတတ်ပါတယ်။ဆိုတော့။ ဇနက မင်းသားဟာ မေခလာနတ်သမီးရဲ့ ကယ်မမှုကြောင့် အသက်ချမ်းသာရာ ရပြီး မိထိလာပြည် ဥယျာဉ်ထဲ မျောနေတဲ့အချိန်မှာ မင်းလောင်းရှာနေတဲ့ ဖုဿရထားဟာ သူ့ဆီကို တန်းတန်းမတ်မတ် ရောက်လာပါရော လား။

ဒါနဲ့ အလောင်းတော် ဇနကမင်းသားဟာ နတ်ရွာစံသွားတဲ့ ဘုရင့်ရဲ့သမီးတော် သီဝလိဒေ၀ီ မင်းသမီးကို မိဖုရားမြှောက်ပြီး မိထိလာပြည်ဘုရင်အဖြစ်ကို သိမ်းပိုက်တော်မူလိုက်ပါတယ်။ နှစ်အတန်ကြာတော့ ဒီဃာဝုဆိုတဲ့ သားတစ်ယောက် ဖွားပြီး မကြာခင်မှာပဲ ဥယျဉ်ထဲက သရက်ပင်နှစ်ပင်ကို ဥပမာယူပြီး ရသေ့ရဟန်း ၀တ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ မိဖုရားကြီးနဲ့ မူးမတ်တွေ တိုင်းသူပြည်သား တွေ ဘယ်လိုပဲ ငိုယိုတောင်းပန် တောင်းပန် ထွေးပြီးသား တံတွေးကို ပြန်မမြိုတော့သလိုပဲ စွန့်ပစ်ထားခဲ့တဲ့ နန်တော်စည်းစိမ်တွေကို လုံးဝမငဲ့ဘဲ ရသေ့ရဟန်းဘ၀မှာပဲ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွား ပါရောတဲ့။

တစ်ခု ကျန်ခဲ့တာက သီဝလိဒေ၀ီ မိဖုရားကြီးကိုယ်တိုင်လည်း ရသေ့မအသွင်နဲ့ ဥယျာဉ်တော်မှာပဲ အသက်ထက်ဆုံးနေထိုင် သွားတယ်ဆိုတာပါပဲ။ ကဲ မိတ်ဆွေအနေနဲ့ ဒီဇာတ်တော်အကျဉ်းလေးကို ဖတ်ပြီးတယ်ဆိုရင်ပဲ အခုလို ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်တွေကို တွေ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်လေ။

၁။အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် ဇွဲနပဲ(ကြိုးစားအားထုတ်မှု) ကြီးခြင်း(၀ီရိယပါရမီ)
၂။ကြီးမားခမ်းနားတဲ့ မင်းစည်းစိမ်နဲ့ တိုင်းပြည်ကိုသော်မှ မငဲ့ကွက်ဘဲတောထွက် ရသေ့ရဟန်းပြုခြင်း (နေက္ခမ္မပါရမီ)
၃။ကိုယ့်ကိုယ်ကို မင်းမျိုးမှန်း သိသည်နှင့် တစ်ပြိုင်နက် အမျိုးဇာတ်ကို စောင့်ထိန်းသော အားဖြင့် အနေအထိုင် ပြင်ဆင်ခြင်း။
၎။ကိုယ့်ရဲ့ ပစ်မှတ်ပန်းတိုင်ကို သေသေချာချာ သိသလို စနစ်တကျ ပြင်ဆင်ပြီးမှ နေထိုင်ဖြတ်သန်းခြင်း။
၅။ မျှော်လင့်ချက် မဲ့တော့မည့် အချိန်ရောက် နေတာတောင် မည်သူ့ကိုမှ မှီခိုအားထားစိတ် မထားဘဲ ယောက်ျာကောင်း ပီးသစွာ ကြိုးစား အားထုတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။


အဲ မယူသင့်တဲ့အစစ်ဆိုတာက မိမိတို့ဘ၀မှာ အကြောင်းကြောင်းကြောင့် အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အခြားသူဆီက အကူအညီကို မျှော်လင့်အားကိုးမနေသင့်ဘူးဆိုတဲ့ အချက်ပါပဲ။ ကိုယ်စွမ်းနိုင်သမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အခက်အခဲတွေကို ကျော်လွှားလိုက်ကြဖို့ပါ။

ဇာတ်တော်ဟောချိန်နှင့် ဟောသည့်နေရာ။ ။မဟာသက္ကရာဇ် ၁၁၇ ခု၊တန်ဆောင်မုန်းလဆန်း(၁)ရက် သောကြာနေ့ည။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်။

Monday, 14 September 2009

အိမ်လည်ထွက်ရင်း ပေါ်တဲ့စိတ်ကူး


အရိုးသားဆုံးဆိုတာ တစ်ခါတစ်ရံအဆန်းပြားဆုံးဖြစ်နေတက်တယ်။အထူးဆန်းဆုံးဆိုတာလဲ တစ်ခုပြီးတစ်ခုပေါ်နေသလို သူငယ်ချင်းပြောသလို အလုပ်မရှိ တန်းပလိတ်ပြင်နေရတာပဲ။ နေရောင်ခြည်နုနုလေးရဲ့ အနုညံ့ဆုံးအတွေ့ တစ်ရက်မှ မတွေ့ရသလို သဘာဝအလင်းရောင်ရဲ့ သဘာဝနဲ့ ဝေးနေခဲ့တော့ သဘာဝတရားရဲ့ သဘာဝကို ကျုပ်တော်လှန်နေမိသလားထင်မိတယ်။တစ်နေ့ထက်တစ်နေ့ အွန်လိုင်းနဲ့တင် အချိန်ကုန် တစ်နေ့ ထက်တစ်နေ့ နေမြင့်လေ အရူးရင့်လေများ ဖြစ်နေမလား မသိတော့။
ဘာမှ မသိချင်တော့သလို သိတဲ့အရာတွေက လဲတစ်ခါတစ်ရံ အရသာ မဲ့ မဲ့လာတယ်။လက်တွေ့ကျင့်ကြံမှု အစိတ်အပိုင်းမှာ ငါတစ်ယောက်အားနဲ နေခဲ့တာများလား။ သေချာတော့ အမှန်တရားတွေက စာလို့မရတော့ တဲ့ ခါးသီးတဲ့အရသာတွေလို ဖြစ်ဖြစ်လာတယ်။ ရှောင်လို့မရတဲ့ လမ်းမှာတွေ့ခဲ့ပြီးမှတော့ ဘာလို့ရှောင်ထွက်ပြေးမှာလဲ။ကျုပ်ဘကြီး သိရင် ကျုပ်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ကလေးအတွေးတွေ တွေးခေါ်တက်တဲ့ ကျုပ်စိတ်ကို ကျုပ်မုန်းနေမိတယ်။ကလေးဆန်တဲ့ ကောင်မလေးကို ချစ်ခဲ့ပြီးမှ ကိုယ်တိုင်ကလေးဆန်လို့သွားတယ်လား။မဟုတ်ပါဘူး။ဘာမှ မဝေးတော့တဲ့ ကာလတစ်ခုကို ရောက်တော့မှာပဲ ဘာလို့ ဒါတွေ တွေးနေရတာ။ကိုယ့်လမ်းကို ကိုယ်တိုင်ရွေးခြယ်ခဲ့တာပဲ။ဘာဖြစ်ဖြစ် နောက်မဆုတ်ခဲ့ပါဘူး။သူများအိမ်တွေကို လည်ရင်း မိတ်ဆွေ ဘယ်လိုအတွေးများ ပေါ်ခဲ့ပါလိမ့်။ကျုပ်တော့ ပြောင်းလဲချင်စိတ်တွေ ပေါ်ခဲ့တယ်။နည်းပညာများနောက် လိုက်ရင်းနဲ့ မျက်လုံးမမြင်နိုင်ဘဲ အမှန်တရားကို ရှာဖွေသူတွေလိုဖြစ်နေပြီလား မသိဘူး။တကယ်ဆို ကိုယ်မြင်တဲ့အတိုင်းပြောတာက ရိုးရှင်းလွန်းပါတယ်။ ဒါဆို ရင် ကျုပ်တို့တွေ ပေါ်လာတဲ့ စိတ်ကူးအပေါ်မှာ ဘောင်ကန့်ပြီးမထားဘဲ အပွင့်လင်းဆုံးထုပ်ပြခွင့်ရှိတာပေါ့။
ဘဝက လုပ်သလိုမဖြစ်ရင် ဖြစ်သလိုပဲရေစုန်မျှောကြမလား။မရောက်လာသေးတဲ့ အလင်းရောင်အတွက် မျှော်တလင့်လင့် နေရင်း ဘဝကို ပြီးဆုံးပစ်ကြမလား။ရေစီးအားသန်လွန်းတဲ့ မြစ်ထဲမှာမှ ရောက်သွားခဲ့မိတာပဲ။ပြောင်းပြန်စီးတဲ့မြစ်မဟုတ်တဲ့ ပုံမှန်စီးမြစ်ထဲမှာပြောင်းပြန်ကူးချင်တဲ့ကျုပ်တို့ရဲ့စိတ်တွေ သိပ်ပြီးပင်ပန်းမယ်ဆိုတာ ကမ်းပေါ်မှာ ရပ်ကြည့်နေတဲ့ သူတွေ ကောင်းကောင်းမြင်မှာပါ။အိမ်လည်ထွက်တယ်ဆိုတာ လိုအပ်လို့ထွက်ခဲ့တာပါ။သမရိုးကျ ဖြစ် ၊ တည် ၊ ပျက်ဆိုတဲ့ အစဉ်လာအရ ဖြစ်မယ်ဆိုတာ သိတာပေါ့။
ကိုယ့်ကိုကိုယ်ကြေနပ်နိုင်တဲ့ စိတ်မှ မရှိတာ။ဘယ်သူကိုမှ အပြစ်ပြောစရာ မရှိပါဘူး။တကယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ရပ်တည်နေခဲ့ရတဲ့အချိန်တွေက ပျော်ရွှင်နေရတဲ့ ကာလတွေက မရေတွက်နိုင်ပါဘူး။ ဟိုးရှေးစဉ်အခါက လို ပညာသင်ပြန်လာရင် ရှင်ဘုရင်တန်းပြီးဖြစ်ရတဲ့ခေတ်မဟုတ်ခဲ့လေတော့ သင်ခဲ့ရတဲ့ ပညာရပ်တွေလဲ ဘယ်တူနိုင်ပါ့မလဲ။ ဘာသာရပ်အပေါ်မှာ ကျုပ်တို့ တက်မက်နေဖို့မလိုပါဘူး။ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အပေါ်မှာ အကြွင်းမဲ့မုန်းနေရင် ကိုယ့်အပေါ်မှာ မုန်းနေမယ့်သူ ဘယ်နှစ်ယောက်ရှိမယ်ဆိုတာ မစဉ်းစားဖြစ်တာ ကြာပါပြီ။ ဟုတ်ကဲ့ ဆက်လက်ပြီး အိမ်လည်ထွက်ပါရစေ။ပေါ်လာတဲ့ စိတ်ကူးနဲ့ ရူးနေပါရစေ။