မင်္ဂလာပါ......

Tuesday 16 March 2010

အချိန် နဲ့ နေရာ

တစ်နာရီစာလေး အတွက်လား
ငိုချပစ်လိုက်ပါ။
တစ်ဘဝစာလုံးအတွက်ဆိုရင်တော့
ရွာချပစ်လိုက်စမ်း။
အိပ်မရလို့ ထ ထကြည့်မိတယ်
သူတို့ရဲ့ကိုယ်ခန္ဓာပေါ်မှအမှိုက်များ
ငါ့စိတ်ပေါ် တဖွဲဖွဲ
နံရံတွေပေါ်မှာ အရုပ်ရေးကြည့်မိတယ်
မထင်ဘူး အချိန် နဲ့ နေရာ မှားခဲ့လို့ထင်ရဲ့။

ခဏတိုင်း အမှတ်ရမိလို့
ခဏ ခဏ ငြီးမိတဲ့ သီချင်းတွေကလည်း
အဲဒီခဏလေးမှာပဲ အရင်လို သိပ်မချိုတော့ဘူး။
ဒီနှစ် ပိတောက်ရာသီနောက်ကျမယ်တဲ့
ညီမလေး ပြောသွားတာ
ပိတောက်ရာသီအမှီ အိမ်ပြန်ရောက်ချင်တယ်။


သင်္ခါရနယ်ပယ်မှာ ပြင်မရတဲ့ အမှားရှိလား
အချိန် နဲ့ နေရာမှားနေသမျှ တန်းဖိုးမဲ့နေမှာပဲ
ဘယ်လောက်သောက်သောက် မဝဘူး
ရေကိုက ချိုနေလို့လား
ဒါမှမဟုတ်.....
ပစ္စုပ္ပန်ကိုယ်တိုင်က ခါးနေလို့လား
နက်ဖန်မှာလည်း အိပ်မက်ချိုချိုလေး မက်ချင်တယ်။
အချိန် မှန် နေရာမှန် ရောက်ဖို့အတွက်
အကိုယ့်ညီမလေး ရေ့.........
ငိုတက်တဲ့ မျက်နှာကို ခေါက်ပြီး သိမ်းထားလိုက်ကြစို့။

(ဒီနေ့ ပြောသွားတဲ့ ညီမလေး အတွက်ပါ)

0 comments:

Post a Comment