(၁)
ပင်လယ်ကိုမြင်ပြီးမှ တွေးလိုက်မိတာက
ဧရာမလှိုင်းလုံးကြီးတွေ ရွာကြီးလောက် ရှိရဲ့။
ရှာဖွေမိတာက မဗေဒါလိုဘဝ
ခိုင်မြဲစေဖို့ ဆုပ်ကိုင်မိကာမှ
လွတ်ထွက်သွားတဲ့ လေပြေညှင်းလိုမျိုးသာယာမှု။
အချိန်က လူကိုမစောင့်ဘူးတဲ့ ကြားဖူးကာမှ
အချိန်ကိုစောင့်နေရသူက ကိုယ့်အဖြစ်
အတုကိုမှ အစစ်ထင် အပြစ်ကိုမှ အချစ်ထင်
အကာကို အနှစ်လိုတွေး ဟောဒီသွေးတွေ ရဲရဲနီနေသေးတယ်။
(၂)
ဘွဲ့ထူး ဂုဏ်ထူးတွေက လူတွေကို အရောင်ဆိုး
လူတွေက ဘွဲ့ထူး ဂုဏ် ထူးတွေအပေါ် ရောင်စုံခြယ်
စိတ်တွေက ထူးနေတာလား ရူးနေတာလားမတွေးမိခဲ့။
လူတွေ သေသွားရင် စက္ကူတွေကို ဘယ်လိုသင်္ဂြိုဟ်သမှုပြုကြပါလိမ့်။
ပျက်စီးချိန်ပဲ တန်ခဲ့တာလား ကမ္ဘာကြီးရယ်....
ဟိုနားလေးက ဒီလိုကပ်ဆိုးတွေ ကြားရ
ဒီနားလေးက ဟိုလိုဘေးဥပါဒ်တွေ မြင်ရ
ပညာရှင်တွေက အကောင်းမြင်ဝါဒ ပြုပြင်ရေးအတွေးများနဲ့
ခင်ဗျားအပေါ်မှာဖြစ်ဖြစ် ဘယ်သူ့အပေါ်မဆို
ဒီအတိုင်းပဲ စိတ်ထားတယ်ဆိုတာ သေချာတယ်။
(၃)
ဖတ်လိုက်ကြတဲ့စာအုပ်တွေ ရေးလိုက်ကြတဲ့စာတွေ
ကိုယ့်ကိုကိုယ် စိတ်ပျက်မိနေပြီလား တွေးကြည့်မိကာမှ
မပြီးသေးတဲ့ ဖတ်စာအုပ်များအကြား
ငါကိုယ်တိုင် စီးဝင်နေမိတယ် မျောနေမိတယ်။
ဟိုး........အဝေးကြီးကမိသားစုကို သတိရမိတယ်
အနီးနားလေးက အခမ်းလေးရှင်းဖို့မေ့နေလိုက်တာ
ည ည ရောက်မှ လာတက်တဲ့ မိသားစုအိပ်မက်လေးကို
ခဏ ခဏ တမ်းတ တက်မက်နေမိတယ်။
ဒီည ကြယ်တွေ လဲ မလင်းဘူး။လမင်းဆိုရင် မြင်တောင်မမြင်ရတော့ဘူး။
အဆိပ်မပါပေမယ်လို့ စိတ်ထဲမှာဆူးဝင်နေတဲ့အရာကို
ဘယ်အရာနဲ့ဖြေသိမ့်လိုက်ရရင် ကောင်းမလဲ.........
မပြီးသေးတဲ့ ဖတ်စာအုပ်ကို ခဏလေးဘေးနားမှာထားရင်း
မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညဆိုတာကြီးက
ပြန်ပြန်ရောက်လာတယ်။
ဒီည ရယ် .........ကြယ်မလင်း လ မသာပေမယ့်
ဖတ်လက်စ စာအုပ်နဲ့ ပွေ့ဖက်ကာ အိပ်လိုက်တော့မယ်။
သေချာတယ် အဲဒီစာအုပ်က ကျုပ်တို့မရှိတော့လည်း
ဆက်လက်ရှင်သန်နေလိမ့်မယ်။
ဘယ်တုန်းကတည်းက ဘာကြောင့်ဆိုတာတော့
ခုချိန်ထိ သုတေသနမပြုမိသေးဘူး။
သေချာတာ တစ်ခုကတော့
အဲဒီဖတ်စာအုပ်လေးကို ကျုပ်ဖက်တွယ်ထားမိနေဆဲဆိုတာပါ။
0 comments:
Post a Comment