မင်္ဂလာပါ......

Saturday, 13 March 2010

အမြင့်ဆုံးထိ ပျံပါ အဝေးဆုံးထိ ပျံပါ




ကြာတော့ ကြာခဲ့ပါပြီ။ပျံသန်းခဲ့ကြတာ လေဟုန်ထဲမှာ ပါ။အမှန်တရားနဲ့ အဝေးဆုံးနေရာထိ ပျံမယ်ဆိုပြီး အတောင်ပံတွေ ဖြန့်ကားခဲ့ပါတယ်။မြေပြင်မှ ဝေဟင်ကို ပျံမည်ဖြစ်တဲ့ အရာဝတ္ထုမှန်သမျှ မြေပြင်မှာ အရှိန်ဆိုတာ ယူရပါတယ်။ကြာပြီ ပါပြီ မေးလ်ထဲကို ရောက်လာတဲ့ လေယဉ်ပျံတစ်စင်း အရှိန်မယူပါဘဲ တည်မြဲနေရာမှ သူလိုတဲ့ နေရာတိုင်အောင် ချက်ချင်းပဲ ရုတ်တရက်ကြီးထပျံသွားတယ်။ဘာမှတော့ မထူးဆန်းဘူးဆိုပေမယ့်...မလွယ်တဲ့ ကိစ္စတစ်ခုပါ။မြေပြင်ကို တွန်းကန်အားဘယ်လောက်ပြင်းထန်မလဲဆိုတာ
မသိပါဘူး။သိစိတ်ထဲမှာ သိလိုက်တာက အတောင်ပံပါပေမယ့် အရှိန်မယူဘဲ ပျံနေကြပြီဆိုတာ သိလိုက်ရတယ်။ငှတ်များစွာ အုပ်စုဖွဲ့ အသိုက်အမြုံသို့ဖြစ်စေ ကောင်းကင်ယံသို့ဖြစ်စေ ပျံသန်းခဲ့ကြပါတယ်။ ပျံသန်းနေကြဆဲပါ။နောင်လည်း ဆက်လက်ပျံသန်းနေကြပါလိမ့်မည်။ဒါက ကျုပ်သတိထားမိသလောက်ပါ။ ငှတ်ကလေးလို့တင်စားမိတဲ့ သက်ရှိအရာလေးတစ်ခုရှိခဲ့ပါတယ်။သူလည်း ဘယ်စီ ပျံသန်းဖို့ စိတ်ကူးရှိလဲ ဆိုတာမသိရသေးပါဘူး။ကျုပ်ရဲ့ သစ်ပင်လေးမှာ လာမနားတော့တာ နေပူနေလို့လား ဒါမှ မဟုတ် သူ့ကိုပိုင် အသိုက်အမြုံလေးမှာ အေးချမ်းနေလို့ဖြစ်နေမလား ဒီလို မဟုတ်ပြန်ရင်လည်း ဟိုး ...အမြင့်ကြီးကို ပျံသန်းတော့မယ့် အတွက် အရှိန်ယူနေတာလား။ဘာပဲ ဖြစ်ဖြစ် အဝေးကြီးကို ပျံစေချင်တယ်။ဟိုး....အမြင့်ဆုံးကြီးထိ ပျံစေချင်တယ်။နားခိုစရာ အရိပ်ချင်းတူညီကြတဲ့ တစ်နေ့မှာ ပြန်လည် စုံကြမှာ သေချာပါတယ်။ခုချိန်မှာ လွမ်းရေးထက် ဝမ်းရေးက အရေးကြီးလို့ ဖြစ်မယ်ထင်ပါရဲ့။ကိုယ့်အရိပ်ကို ပြန်ပြီးမခိုဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။အတောင်ပံများ ငြောင်းတဲ့အခါ ငါ့စီကို ပြန်လာခဲ့ပါ။မောပမ်း နွမ်းနယ်တဲ့ အခါ သဘာဝအရသာများ ခံစားပါ။လူတွေက မကောင်းကြဘူးဆိုတာ ခဏ ခဏ ပြောတက်တဲ့ စကားတွေကို ငါ့နားတွေက ကြောက်နေတယ်။

တကယ်ဆိုရင် ဘယ်သူကမှ ဘယ်သူ့ကို မချုပ်ချယ်ခဲ့ပါဘူး။ကိုယ်တို့တွေ ပျော်သလောက် ပျံသန်းကြဖို့ပါ။စိတ်ဓါတ်တွေ မလွတ်လပ်တော့ရင် အတောင်ပံတွေ ငြောင်းသွားရင် ငါတို့တွေ လေဟုန်စီးတက်ဖို့ လိုမယ်။တစ်ယောက်ကို တစ်ယောက် ကူညီဖေးမဖို့လိုအပ်ချင် လိုမယ်။တစ်ယောက်ကို တစ်ယောက် ဟိုးအဝေးကြီးကနေပြီ အသံပေး ပြီး ခေါ်နိုင်ဖို့လိုတယ်။မြင့်သထက် မြင့်သည်ထိ ဝေးသည်ထက် အဝေးဆုံးကိုပျံနိုင်ဖို့ဆိုတာ တစ်ကိုယ်တည်း ဖြစ်ချင် ဖြစ်မယ်။နှစ်ယောက်တည်း ဖြစ်ချင် ဖြစ်နိုင်သလို အုပ်စုလိုက် အဖွဲ့လိုက် ပျံသန်းဖို့ လိုအပ်တဲ့အခါတွေ ကြုံရမယ် တွေ့ရမယ်။

ကောင်းကင်ကြီးက မြင့်လွန်းပြီး ဟာလာ ဟင်းလင်းကြီးဖြစ်နေတော့ ကိုယ်လို သူလို ငှတ်တွေလည်းတွေ့မှာ ပဲ မိတ်ဆွေရယ် ရန်သူရယ် ခွဲခြားလိုက်ရင် ငါတို့ ပျံသန်းနေတဲ့ ကောင်းကင်ကြီးက သဘာဝအရ ဟင်းလင်းပြင်ကြီးဖြစ်နေပေမယ့် ငါတို့အတွက်ကျဉ်းမြောင်းသွားနိုင်တယ်။အသက်ကိုဝအောင် ရှူရှိုက် လာသမျှမုန်တိုင်း ဂရုမစိုက်ဘဲ တန်းတန်း မက်မက် ပျံသန်းကြမယ်။အမြင်တွေ မှုံဝါးသွားခဲ့ရင် ကိုယ့်တောင်ပံနဲ့ကို သုတ်ခွင့်မရှိတော့ နီးနီးလေးကို မကြည့်ဘဲ ဟိုးအဝေးကြီးကို ကြည့်လိုက်ရင် ပင်လယ်ပြာပြာကြီးရင် နက်ရှိုင်းတဲ့ ရင်ခွင်ကြီးထဲမှာ ငါတို့အမြင်တွေ ကြည်လင်သွားနိုင်တယ်။သူလို ငါလို ပျံနိုင်သလောက် ပျံရင်တော့ ငါတို့ရဲ့ အမြင်သေးသေးလေးက ဘယ်တော့မှ ငါတို့ရဲ့ စိတ်တံခါးက ပွင့်လာမှာမဟုတ်သလို ဟင်းလင်းပြင်ကြီးကလည်း ပျက်ရယ်ပြုနေမယ်ဆိုတာ သေချာတယ်။

ပိတ်ထားလို့ မရတဲ့ အဲဒီနေရာတွေမှာ အနဲဆုံး တစ်ယောက်ကို တစ်ယောက်တော့ အသံပြုလို့ရနေသေးတာ ပဲ။ပျံသန်းရင်း သေသွားတဲ့ ငှတ်တွေရဲ့ ခွန်အားတွေ စွမ်းအားတွေ ငါတို့ရဲ့ တောင်ပံတွေမှာ လာငြိကပ်နေတာဆိုတာ ငါတို့မှာ ကြည့်ချိန်မရလို့ သတိမထားဖြစ်ခဲ့ဘူး။ကိုယ့်ဒုက္ခကိုမှ ဒုက္ခအစစ်လို့ ထင်တက်နေကြတော့ ဒုက္ခပါပဲဆိုတာ မရေရွက်မိတာ ကြာပေါ့။ကိုယ့်မှာ ချမ်းသာနေပြန်တော့ သူများတွေရဲ့ ချမ်းသာမှုတွေက ဟိုးအမြင့်ကြီးမှာပါ။ဒီလိုမျိုး စိတ်ခံစားမှုတွေ နဲ့ နေကြရတော့ ဒဏ်ရာကိုယ်စီတော့ ရှိကြတာပေါ့။ပျံရင်း သန်းရင်း ဘဝအမောတွေဆိုတာ ဒီလိုပဲ ကုစားနေကြရတာပဲ။ဟိုး အဝေးဆုံးက ငှတ်ကလေးရယ် ပျံပါ အမြင့်ဆုံးထိ ရောက်အောင် ပျံပါ။နောက်ပြီး ကမ္ဘာမြေနဲ့ အဝေးဆုံးနေရာထိ ရောက်သည်ထိ ပျံသန်းနိုင်ပါစေ။အတောင်ပံတွေ ငြောင်းတဲ့ အခါမှာ လေဟုန်ခိုစီးလို့ ရတယ်ဆိုတာ မေ့မနေပါနဲ့။

0 comments:

Post a Comment