မင်္ဂလာပါ......

Saturday, 13 March 2010

အမြင့်ဆုံးထိ ပျံပါ အဝေးဆုံးထိ ပျံပါ




ကြာတော့ ကြာခဲ့ပါပြီ။ပျံသန်းခဲ့ကြတာ လေဟုန်ထဲမှာ ပါ။အမှန်တရားနဲ့ အဝေးဆုံးနေရာထိ ပျံမယ်ဆိုပြီး အတောင်ပံတွေ ဖြန့်ကားခဲ့ပါတယ်။မြေပြင်မှ ဝေဟင်ကို ပျံမည်ဖြစ်တဲ့ အရာဝတ္ထုမှန်သမျှ မြေပြင်မှာ အရှိန်ဆိုတာ ယူရပါတယ်။ကြာပြီ ပါပြီ မေးလ်ထဲကို ရောက်လာတဲ့ လေယဉ်ပျံတစ်စင်း အရှိန်မယူပါဘဲ တည်မြဲနေရာမှ သူလိုတဲ့ နေရာတိုင်အောင် ချက်ချင်းပဲ ရုတ်တရက်ကြီးထပျံသွားတယ်။ဘာမှတော့ မထူးဆန်းဘူးဆိုပေမယ့်...မလွယ်တဲ့ ကိစ္စတစ်ခုပါ။မြေပြင်ကို တွန်းကန်အားဘယ်လောက်ပြင်းထန်မလဲဆိုတာ
မသိပါဘူး။သိစိတ်ထဲမှာ သိလိုက်တာက အတောင်ပံပါပေမယ့် အရှိန်မယူဘဲ ပျံနေကြပြီဆိုတာ သိလိုက်ရတယ်။ငှတ်များစွာ အုပ်စုဖွဲ့ အသိုက်အမြုံသို့ဖြစ်စေ ကောင်းကင်ယံသို့ဖြစ်စေ ပျံသန်းခဲ့ကြပါတယ်။ ပျံသန်းနေကြဆဲပါ။နောင်လည်း ဆက်လက်ပျံသန်းနေကြပါလိမ့်မည်။ဒါက ကျုပ်သတိထားမိသလောက်ပါ။ ငှတ်ကလေးလို့တင်စားမိတဲ့ သက်ရှိအရာလေးတစ်ခုရှိခဲ့ပါတယ်။သူလည်း ဘယ်စီ ပျံသန်းဖို့ စိတ်ကူးရှိလဲ ဆိုတာမသိရသေးပါဘူး။ကျုပ်ရဲ့ သစ်ပင်လေးမှာ လာမနားတော့တာ နေပူနေလို့လား ဒါမှ မဟုတ် သူ့ကိုပိုင် အသိုက်အမြုံလေးမှာ အေးချမ်းနေလို့ဖြစ်နေမလား ဒီလို မဟုတ်ပြန်ရင်လည်း ဟိုး ...အမြင့်ကြီးကို ပျံသန်းတော့မယ့် အတွက် အရှိန်ယူနေတာလား။ဘာပဲ ဖြစ်ဖြစ် အဝေးကြီးကို ပျံစေချင်တယ်။ဟိုး....အမြင့်ဆုံးကြီးထိ ပျံစေချင်တယ်။နားခိုစရာ အရိပ်ချင်းတူညီကြတဲ့ တစ်နေ့မှာ ပြန်လည် စုံကြမှာ သေချာပါတယ်။ခုချိန်မှာ လွမ်းရေးထက် ဝမ်းရေးက အရေးကြီးလို့ ဖြစ်မယ်ထင်ပါရဲ့။ကိုယ့်အရိပ်ကို ပြန်ပြီးမခိုဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။အတောင်ပံများ ငြောင်းတဲ့အခါ ငါ့စီကို ပြန်လာခဲ့ပါ။မောပမ်း နွမ်းနယ်တဲ့ အခါ သဘာဝအရသာများ ခံစားပါ။လူတွေက မကောင်းကြဘူးဆိုတာ ခဏ ခဏ ပြောတက်တဲ့ စကားတွေကို ငါ့နားတွေက ကြောက်နေတယ်။

တကယ်ဆိုရင် ဘယ်သူကမှ ဘယ်သူ့ကို မချုပ်ချယ်ခဲ့ပါဘူး။ကိုယ်တို့တွေ ပျော်သလောက် ပျံသန်းကြဖို့ပါ။စိတ်ဓါတ်တွေ မလွတ်လပ်တော့ရင် အတောင်ပံတွေ ငြောင်းသွားရင် ငါတို့တွေ လေဟုန်စီးတက်ဖို့ လိုမယ်။တစ်ယောက်ကို တစ်ယောက် ကူညီဖေးမဖို့လိုအပ်ချင် လိုမယ်။တစ်ယောက်ကို တစ်ယောက် ဟိုးအဝေးကြီးကနေပြီ အသံပေး ပြီး ခေါ်နိုင်ဖို့လိုတယ်။မြင့်သထက် မြင့်သည်ထိ ဝေးသည်ထက် အဝေးဆုံးကိုပျံနိုင်ဖို့ဆိုတာ တစ်ကိုယ်တည်း ဖြစ်ချင် ဖြစ်မယ်။နှစ်ယောက်တည်း ဖြစ်ချင် ဖြစ်နိုင်သလို အုပ်စုလိုက် အဖွဲ့လိုက် ပျံသန်းဖို့ လိုအပ်တဲ့အခါတွေ ကြုံရမယ် တွေ့ရမယ်။

ကောင်းကင်ကြီးက မြင့်လွန်းပြီး ဟာလာ ဟင်းလင်းကြီးဖြစ်နေတော့ ကိုယ်လို သူလို ငှတ်တွေလည်းတွေ့မှာ ပဲ မိတ်ဆွေရယ် ရန်သူရယ် ခွဲခြားလိုက်ရင် ငါတို့ ပျံသန်းနေတဲ့ ကောင်းကင်ကြီးက သဘာဝအရ ဟင်းလင်းပြင်ကြီးဖြစ်နေပေမယ့် ငါတို့အတွက်ကျဉ်းမြောင်းသွားနိုင်တယ်။အသက်ကိုဝအောင် ရှူရှိုက် လာသမျှမုန်တိုင်း ဂရုမစိုက်ဘဲ တန်းတန်း မက်မက် ပျံသန်းကြမယ်။အမြင်တွေ မှုံဝါးသွားခဲ့ရင် ကိုယ့်တောင်ပံနဲ့ကို သုတ်ခွင့်မရှိတော့ နီးနီးလေးကို မကြည့်ဘဲ ဟိုးအဝေးကြီးကို ကြည့်လိုက်ရင် ပင်လယ်ပြာပြာကြီးရင် နက်ရှိုင်းတဲ့ ရင်ခွင်ကြီးထဲမှာ ငါတို့အမြင်တွေ ကြည်လင်သွားနိုင်တယ်။သူလို ငါလို ပျံနိုင်သလောက် ပျံရင်တော့ ငါတို့ရဲ့ အမြင်သေးသေးလေးက ဘယ်တော့မှ ငါတို့ရဲ့ စိတ်တံခါးက ပွင့်လာမှာမဟုတ်သလို ဟင်းလင်းပြင်ကြီးကလည်း ပျက်ရယ်ပြုနေမယ်ဆိုတာ သေချာတယ်။

ပိတ်ထားလို့ မရတဲ့ အဲဒီနေရာတွေမှာ အနဲဆုံး တစ်ယောက်ကို တစ်ယောက်တော့ အသံပြုလို့ရနေသေးတာ ပဲ။ပျံသန်းရင်း သေသွားတဲ့ ငှတ်တွေရဲ့ ခွန်အားတွေ စွမ်းအားတွေ ငါတို့ရဲ့ တောင်ပံတွေမှာ လာငြိကပ်နေတာဆိုတာ ငါတို့မှာ ကြည့်ချိန်မရလို့ သတိမထားဖြစ်ခဲ့ဘူး။ကိုယ့်ဒုက္ခကိုမှ ဒုက္ခအစစ်လို့ ထင်တက်နေကြတော့ ဒုက္ခပါပဲဆိုတာ မရေရွက်မိတာ ကြာပေါ့။ကိုယ့်မှာ ချမ်းသာနေပြန်တော့ သူများတွေရဲ့ ချမ်းသာမှုတွေက ဟိုးအမြင့်ကြီးမှာပါ။ဒီလိုမျိုး စိတ်ခံစားမှုတွေ နဲ့ နေကြရတော့ ဒဏ်ရာကိုယ်စီတော့ ရှိကြတာပေါ့။ပျံရင်း သန်းရင်း ဘဝအမောတွေဆိုတာ ဒီလိုပဲ ကုစားနေကြရတာပဲ။ဟိုး အဝေးဆုံးက ငှတ်ကလေးရယ် ပျံပါ အမြင့်ဆုံးထိ ရောက်အောင် ပျံပါ။နောက်ပြီး ကမ္ဘာမြေနဲ့ အဝေးဆုံးနေရာထိ ရောက်သည်ထိ ပျံသန်းနိုင်ပါစေ။အတောင်ပံတွေ ငြောင်းတဲ့ အခါမှာ လေဟုန်ခိုစီးလို့ ရတယ်ဆိုတာ မေ့မနေပါနဲ့။

Tuesday, 9 March 2010

ကြေမွသွားတဲ့ စိတ်အပိုင်းအစ

(၁)
ရာသီဥတုက ပူတာလား ကိုယ်တိုင်ပူနေတာလား
ဘာမဟုတ်တဲ့ ရာသီကိုရိုးမယ်ဖွဲ့
အဲဒီညက သူမရဲ့တရားကို နာခဲ့ရတယ်။
အဆင်မပြေပါဘူးအမေရယ်
စိတ်ဓါတ်တွေက ဘာလို့ဒီလောက် ပျက်သားလွန်းတာလဲ
သားကိုသား ရှက်လိုက်တာအမေရယ်
နားထောင်ရင်းနဲ့ပဲ အမေ့ရွာလေးကို
အိပ်မက်ပစ်လိုက်တယ်။
နောက်ပြီး သူတို့ကို အားရလိုက်တာ
နောက်ပြီး သားကိုသားအားမရလိုက်တာ
မွေးကတည်းက ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ပါဘူး။
သူတို့က အရှေ့ဆိုရင် လွယ်လွယ်နဲ့ ခေါင်းညိမ့်ခဲ့ပြီး
အနောက်ဆိုရင် လည်း ဘာကိုမှ မစဉ်းစားခဲ့မိဘူး။
ပညတ်တရား နဲ့ ပရမတ်တရား မကွဲသေးသမျှတော့
လည်ကြဖို့ပဲ ရှိတယ်(သံသရာမှာပါ)။

(၂)
တကယ်ကိုထူးခြားတဲ့ခြားတဲ့စိတ်တစ်ခု
ဆန်းလွန်းတဲ့ အတွေးတစ်ခုအလိုလိုဝင်လာတယ်။
ည က ပိုပြီး အဓိပ္ပါယ်ရှိသွားသလို
ပိုပြီးတော့လဲ အသက်ဝင်သွားတယ်။
အသက်မဲ့နေတဲ့ ညတွေအတွက် ကြေနပ်ခဲ့ပါတယ်
ဥပတိဿအရှင်ရဲ့ ဆရာကြီးကိုပဲ
အယူမှားပေမယ့် လေးစားမိတယ်။
သူမေးတာရှင်းရှင်းလေး ပါ လူမိုက်နဲ့ ပညာရှိ ဘယ်သူက များလဲ...တဲ့
တပည့်ဖြစ်တဲ့ ဥပတိဿ က အမှန်တရားကိုရှာဖွေနေလို့ထင်ရဲ့
အမှန်အတိုင်းပြောခဲ့ပါတယ် သူ့ဆရာကို
လူမိုက်က များပြီး ပညာရှိတွေ နည်းနည်းလေးပါ တဲ့။


(၃)
အဲဒီ နည်းနည်းလေးကို ဆက်ရှာရမလား
ဒါမှ မဟုတ် ဒီလိုပဲ ...................ဆက်ပြီး မှိန်းနေကြမလား။
သေချာတာ တစ်ခုကတော့ ဘယ်နေရာ သွားသွား
ဘာလုပ်လုပ် အခက်အခဲ ဒုက္ခဆိုတာဘဝတစ်ခု ရလာကတည်းက
ကပ်ပြီး ပါခဲ့ကြတာကို မေ့ချင်ဟန်ဆောင်ခဲ့ကြတာပါ။
သိသိကြီးနဲ့ မသိဟန်ဆောင်နေတာအဆိုးဆုံးကြီးရယ်ပါတဲ့။
သူ့ရဲ့ စကားတွေက ရှင်းလွန်းတော့
ကျုပ်ကိုကျုပ် အတော်လေး ရှုပ်သွားတယ်
ဘာလိုလို နဲ့ ကိုယ်အသက်ကို ပြန်ထုဆစ်ကြည့်မိတော့
ဟာ အနှစ် သုံးဆယ်တောင် ကျော်ခဲ့ပါလား။
လုပ်ချင်တာ လေးတွေတော့ လုပ်ဖြစ်အောင်လုပ်မှ ဖြစ်မယ်ဆိုတာ
သိလိုက်တယ်။စိတ်ဓါတ်ကို အမြင့်ကြီးထိ လွှင့်ပစ်လိုက်မိတယ်
အဲဒီ ညလေးမှာ ပါ။
တန်းဖိုး အကြီးဆုံး အချိန်တွေကို
ကြေမွသွားတဲ့ စိတ်အပိုင်းအစလေးများနဲ့ အတူ
ပြန်လည်ပြီး ကျမလာစေဖို့
ကျရာတာဝန်ကိုယ်စီမှာ ကြေပွန်ကြပါစို့။

Sunday, 7 March 2010

မပြီးသေးတဲ့ ဖတ်စာအုပ်


(၁)
ပင်လယ်ကိုမြင်ပြီးမှ တွေးလိုက်မိတာက
ဧရာမလှိုင်းလုံးကြီးတွေ ရွာကြီးလောက် ရှိရဲ့။
ရှာဖွေမိတာက မဗေဒါလိုဘဝ
ခိုင်မြဲစေဖို့ ဆုပ်ကိုင်မိကာမှ
လွတ်ထွက်သွားတဲ့ လေပြေညှင်းလိုမျိုးသာယာမှု။
အချိန်က လူကိုမစောင့်ဘူးတဲ့ ကြားဖူးကာမှ
အချိန်ကိုစောင့်နေရသူက ကိုယ့်အဖြစ်
အတုကိုမှ အစစ်ထင် အပြစ်ကိုမှ အချစ်ထင်
အကာကို အနှစ်လိုတွေး ဟောဒီသွေးတွေ ရဲရဲနီနေသေးတယ်။

(၂)
ဘွဲ့ထူး ဂုဏ်ထူးတွေက လူတွေကို အရောင်ဆိုး
လူတွေက ဘွဲ့ထူး ဂုဏ် ထူးတွေအပေါ် ရောင်စုံခြယ်
စိတ်တွေက ထူးနေတာလား ရူးနေတာလားမတွေးမိခဲ့။
လူတွေ သေသွားရင် စက္ကူတွေကို ဘယ်လိုသင်္ဂြိုဟ်သမှုပြုကြပါလိမ့်။
ပျက်စီးချိန်ပဲ တန်ခဲ့တာလား ကမ္ဘာကြီးရယ်....
ဟိုနားလေးက ဒီလိုကပ်ဆိုးတွေ ကြားရ
ဒီနားလေးက ဟိုလိုဘေးဥပါဒ်တွေ မြင်ရ
ပညာရှင်တွေက အကောင်းမြင်ဝါဒ ပြုပြင်ရေးအတွေးများနဲ့
ခင်ဗျားအပေါ်မှာဖြစ်ဖြစ် ဘယ်သူ့အပေါ်မဆို
ဒီအတိုင်းပဲ စိတ်ထားတယ်ဆိုတာ သေချာတယ်။

(၃)
ဖတ်လိုက်ကြတဲ့စာအုပ်တွေ ရေးလိုက်ကြတဲ့စာတွေ
ကိုယ့်ကိုကိုယ် စိတ်ပျက်မိနေပြီလား တွေးကြည့်မိကာမှ
မပြီးသေးတဲ့ ဖတ်စာအုပ်များအကြား
ငါကိုယ်တိုင် စီးဝင်နေမိတယ် မျောနေမိတယ်။
ဟိုး........အဝေးကြီးကမိသားစုကို သတိရမိတယ်
အနီးနားလေးက အခမ်းလေးရှင်းဖို့မေ့နေလိုက်တာ
ည ည ရောက်မှ လာတက်တဲ့ မိသားစုအိပ်မက်လေးကို
ခဏ ခဏ တမ်းတ တက်မက်နေမိတယ်။
ဒီည ကြယ်တွေ လဲ မလင်းဘူး။လမင်းဆိုရင် မြင်တောင်မမြင်ရတော့ဘူး။
အဆိပ်မပါပေမယ်လို့ စိတ်ထဲမှာဆူးဝင်နေတဲ့အရာကို
ဘယ်အရာနဲ့ဖြေသိမ့်လိုက်ရရင် ကောင်းမလဲ.........
မပြီးသေးတဲ့ ဖတ်စာအုပ်ကို ခဏလေးဘေးနားမှာထားရင်း
မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညဆိုတာကြီးက
ပြန်ပြန်ရောက်လာတယ်။
ဒီည ရယ် .........ကြယ်မလင်း လ မသာပေမယ့်
ဖတ်လက်စ စာအုပ်နဲ့ ပွေ့ဖက်ကာ အိပ်လိုက်တော့မယ်။
သေချာတယ် အဲဒီစာအုပ်က ကျုပ်တို့မရှိတော့လည်း
ဆက်လက်ရှင်သန်နေလိမ့်မယ်။
ဘယ်တုန်းကတည်းက ဘာကြောင့်ဆိုတာတော့
ခုချိန်ထိ သုတေသနမပြုမိသေးဘူး။
သေချာတာ တစ်ခုကတော့
အဲဒီဖတ်စာအုပ်လေးကို ကျုပ်ဖက်တွယ်ထားမိနေဆဲဆိုတာပါ။

Friday, 5 March 2010

ပန်ကလေးကို မနွမ်းစေချင်သူ



တကယ်ဆိုရင် ရာသီဥတုက ပူပျင်းနေမှန်းသိပါတယ်။တဖြေးဖြေးနဲ့ အချိန်တွေလည်း တစ်ရွေ့ရွေ့ ခရီးနှင်နေလိုက်ကြတာ။တစ်နာရီ ကို ဘယ်နှစ်မိုင်ဆိုတာတောင် မတွက်ခဲ့ကြဘူး။ဒီနေ့ ကမ္ဘာကြီးကတိုးတက်နေတယ် တဲ့။ဒါဆိုရင် ကျုပ်တို့ကရော ကိုယ့်အပူနဲ့ကို ပြန်လှုံမိနေကြတယ်။ ကိုယ့်မှာ အအေးဓါတ်လေး တော့ ရှိပါရဲ့ ဟိုလူက ဖဲ့ယူလိုက် ဒီလူက ဖဲ့ယူလိုက်နဲ့ ကုန်ခမ်းလု နီးပါး။မသေယုံတမယ် နေရရင် တော်ပါပြီတဲ့။လူတစ်ချို့ကတော့ ကိုယ့်ကို ကို နာမည်ကြီးဖို့အတွက် လုပ်ချင်တာတွေ လုပ်နေကြ။ ဘာကိုမှ လွယ်လွယ်နဲ့ အားမကျတက်တာ ကျုပ်မှားသလား။နိုင်ငံတကာ ပတ်စ်ပို့ရုံးကို ရောက်သွားတယ်။ လူတွေ သွားလိုက်ကြတာ။အိမ်ယာမြေ မရှိကြသလိုပဲ။ကိုယ်နဲ့ အနီးစပ်ဆုံးတွေးမိတာပါ။အခမ်းပြင်ထွက်ကြည့် တော့လဲ ပူတာပါပဲ။အခမ်းထဲ နေမိပြန်တော့လည်း အင်း မထူးပါဘူး ပူတယ်။ကိုယ့်အကြောင်းက ပူလွန်းလို့ သူတို့အကြောင်းတွေးကြည့်မိတယ်။အား.............ပူလိုက်တာ။မီးချောင်းက ဖြာကျလာတဲ့ အလင်းရောင်က မှုံနေသလား လို့ နေရောင်ခြည်ကို ယူကြည့်မိတယ်။ကိုယ့်ကို ကိုယ် ခံနိုင်ရည် မရှိသေးမှန်းသိလိုက်ရတယ်။ ဒါနဲ့များ ကိုယ့်ကိုကိုယ် လရောင် အောက် ဇွတ်စွဲသွင်းကြည့်နေမိတယ်။အားနာဖို့ ကောင်းလိုက်တာ စွမ်းအားရှိသလောက် လင်းလက်နေတဲ့ ကြယ်လေးတွေ။ကိုယ့်အလင်းရောင် ကိုယ်ပြန်ပြီး မြင်နိုင်တဲ့ တစ်နေ့ဆိုတာ မဝေးတော့ပါဘူး။ကိုယ့်အမှောင် နဲ့ ကို ပိတ်မိနေတော့ ကိုယ်ကဘယ်ကပြန်ထွက်ရမှန်းမသိ ဖြစ်နေတာ။လိုချင်တာတွေ ပိုများလာတယ်။ပိုင်ဆိုင်ချင်တာတွေ ပိုပိုများလာတယ်။မပိုင်ဆိုင်သေးတာက ကိုယ့်စိတ်။ကိုယ့်မှာရှိတာလေးနဲ့ ဘယ်လိုကြေနပ်အောင်နေရပါ့။အဲဒီ လိုချင်မှုတွေ များနေလို့ မင်းဆင်းရဲနေတာ တဲ့။ဖြစ်နိုင်ပါတယ်။ဘာမှ မလိုချင်တဲ့ စိတ်လေးကို လိုချင်တာကလည်း တကယ်ဆိုရင် လိုချင်တာပါပဲ။မနှစ်က ပရော်ဖတ်ဆာကြီးပြောတဲ့ စာသင်ခမ်းထဲတုန်းက အတွေးတွေလည်း ဘယ်စီကို အတောင်ပေါက်ပြီး ပျံသန်းကုန်ကြပါလိမ့်။နေပျော်တဲ့ စိတ်နဲ့ နေကြည့်တယ်။အဆင်ပြေတဲ့ အခါ ရှိသလို အဆင်မပြေတာတွေ လည်း ဒု နဲ့ ဒေး။ခပ်ပါးပါးလေးပဲ ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ရတယ်။ဘယ်သူ့စီမှာမှ ဦးမညွတ်ခဲ့ဘူးသလို ဘယ်သူ့ကိုမှ လဲ ဦးမော့စရာမလိုပါဘူး။ဒီလို ပဲ အချိန်တန်ရင်ပြီးသွားမှာဆိုတာ သိနေတော့ ဘာကို ဘယ်လို ခံစားရမှန်းမသိဘူးဖြစ်နေတယ်။ကိုယ့်ပတ်ဝန်းကျင် နဲ့ နေသာထိုင်သာရှိနေကြတာပဲ။လူတွေက စာအုပ်တွေထဲက စာတွေ အတော်လေးပြောတက်လာကြတော့။စာတက် ပေတက် တဲ့။ကိုယ့်အပူကို ဘယ်လို ခွါချကြမလဲ။စိတ်ထဲမှာ အမှိုက်တွေ ကပ်နေမှန်းသိရင် စိတ်နဲ့ပဲ ခွါချရမယ်ဆိုတာ သိပါလျက် နဲ့ မသိသလို နေနေတာတော့ မကောင်းပါဘူး။ပန်းကလေး ရယ် အမြဲတမ်းလန်းဆန်းနေစေချင်ပါတယ်။ဘာကိုမှ မတွေးကြဘဲ စိတ်ထဲရှိတဲ့အတိုင်း နေထိုင်ကြတာပဲ ကောင်းပါတယ်။အများနဲ့ဆိုင်တယ်ဆိုတာ သိသားနဲ့ ငါက တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာ အချစ်တဲ့လား။အပြင်မှာပူတယ် ပန်းကလေးရယ် တစ်နေရာရာမှာ တစ်စုံတစ်ရာအတွက် မင်းပွင့်လန်းနေမယ်ဆိုတာ ငါသိနေပါတယ်။ဒီလိုပဲ ငါတို့တွေ အောင်မြင်မှုတွေနဲ့ အလှဆင်ကြမယ်။အစွမ်းကုန်ပွင့်လန်းကြမယ်။စွမ်းအားရှိသလောက်အလှဆင်နိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်။

Saturday, 20 February 2010

ပြည့်နှံ့နေတဲ့ ပုံရိပ်

ကျုပ်ရဲ့ ကိုယ်ပေါ်မှာ သူ့ပုံရိပ်များနဲ့ ခြုံလွှမ်း
ကျုပ်နားထဲမှာ သူ့အသံများနဲ့ ပြည့်လျှံ
ကျုပ်ပါးစပ်ဖျားမှာ သူ့နာမည်များကို
ခဏ ခဏရွက်ဆိုနေမိ။
ကျုပ်သွေးထဲမှာ သူကအမြဲလွှမ်းမိုး
ကျုပ် စိတ်ထဲမှာတော့ သူ့စီမှာပဲတစ်ချိန်လုံး
ကျုပ်လက်ဖျားမှာ သူ့အနုအလှတွေနဲ့သွယ်လျှ
ကျုပ်ခြေထောက်မှာ သူ့စီဦးလှည့်
ဘာဖြစ်ဖြစ် သူဖြစ်ချင်တာ ဖြစ်နေတဲ့ ဘဝ
ဘာအတွက်နဲ့ ကျုပ်တို့ငိုကြွေးနေရမှာတဲ့လဲ။
တစ်ချို့လူတွေ အတွက် ရင်ကော့ ခေါင်းမော့ပြီး
ခပ်တင်းတင်း ကြည့်ပစ်မိတယ်။
ဘာဖြစ်သွားမယ်ဆိုတာမှ မသိတာ
နှစ်ဦးသဘောတူ ကြေနပ်မှုယူပြီးသာပဲ
ဘာကို စိတ်ထဲမှာ ထားရမှာလဲ
သူများအပေါ် မကောက်ကျစ်ဘူး
သူ့အပေါ် ပျက်စီးရာ ပျက်စီးကြောင်း မကြံစည်ဖူးဘူး။

ဒီလောက်နဲ့ ပြည့်စုံလုံလောက်ပြီလို့
မထင်ခဲ့ပါဘူး တကယ်လို့များသာပေါ့...
အမေ့ရွာလေးကို ပြန်ချင်တဲ့ စိတ်တောင်မေ့မေ့နေတယ်။
မနက်ဖန်တွေ ရှိနေသေးတယ်
အိပ်မက်တွေ ယှဉ်သန်ဖို့ နိုးထဖို့ဆိုတာ
အားလုံးကိုယ့်အပေါ်မှာ တည်မှီနေတယ်ဆိုတာ
သူ့အရိပ် ကျုပ်အပေါ်က မခွါသေးခင်ထိ သေချာတယ်။

နေရောင်ခြည်ရယ် သိပ်ပြီးနုညံ့လွန်းတော့
ခံယူ ထိတွေ့ရမှာ မဝံ့မရဲဖြစ်နေတယ်။
အားလုံးပုံအောပြီး လောင်ကြေးထပ်ခဲ့တာ မဟုတ်တော့
အနိုင် ၊ အရှုံးဆိုတာ ကျုပ်နဲ့ သူ့ကြား ပါးပါးလေးပါ။
တစ်ခမ်းလုံး သူ့ပုံရိပ်တွေနဲ့ ပြည့်နေတယ်
ညတိုင်း နေ့တိုင်း မျှော်နေရတာကိုက
ပျော်စရာ ကောင်းလာတယ်။
အဲဒီ ပုံရိပ်တွေမှာ ဘယ်လို အရိပ်မှ မထင်ကျန်စေချင်ဘူး။
အလင်းရောင်က မှုံပြပြ ဖြစ်နေတော့
တစ်ယောက်စိတ်ကို တစ်ယောက်သိဖတ်ကြည့်မိတယ်
ဘယ်သူနဲ့မှ ဖြစ်စဉ်ခြင်း မတူမှတော့
သူ့ပုံရိပ်တွေကို ဘယ်တော့မှ မမေ့တော့ဘူးဆိုတာလေးပါပဲ။

Thursday, 18 February 2010

ခရီးတစ်ကွေ့...

အချိန်မှန်တွန်နေကျ ဥသြသံတွေ
နားမထောင်မိတာ ကြာပေါ့
အော် ဘာလိုလို နဲ့ တစ်နှစ်သားလေးအဖြစ်
ရောက်မှန်းမသိ ရောက်လာခဲ့တယ်။
အသက်က မကြီးသေးတော့
ရင့်ကျက်မှုဆိုတာ ကျုပ်နဲ့ အဝေးကြီးမှာပါ
လူပြောသူပြောများလွန်းတဲ့
အရာတွေကို ဘာလို့လိုက်ပြီးအားကျနေပါလိမ့်။
မလိုချင်လည်း ရောက်လာမယ့်မနက်ဖန်
ပုံမှန်အတိုင်းရင်ဆိုင်လိုက်ရုံမှတစ်ပါး
ဘာမှ မရှိပါဘူး။

အပူသည်ချင်း အတူတူ
ဟန်လုပ်ပြီး ပြုံးမပြတက်ဘူး။
ဟန်ဆောင်ရတာ ပင်ပန်းပြီး ကြာရှည်မခံခဲ့တော့
မျက်နှာကြောတွေက တင်းလာတယ်။
နောက်ဆုံးတော့ ပင်လယ်ထဲကိုစီးဝင်ခဲ့ကြတယ်လို့ဆိုကြတယ်
စီးမျောလာခဲ့တဲ့ အနှစ်သုံးဆယ်
ခုမှ အထင်ကြီးစိတ်ကို မုန်းတီးခဲ့တာ
တစ်နှစ်ပဲ ရှိသေးတယ်။

ရိုးသားမှုဆိုတာ ခဏလောက်ငှါးယူလို့မရဘူးဗျ။
သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်
လူဆိုတာ ကြော်ငြာပစ္စည်းတစ်မျိုးပဲ တဲ့
ကျုပ်လို လူညံ့တစ်ယောက်ကို
ဘယ်လို ကြောငြာရပါ့။
မဟုတ်တာကြီးကို ဆက်ပြီး မလုပ်ချင်တော့ဘူး။
ကြီးလာရင် ပြင်သွားလိမ့်မယ်ဆိုပဲ
ကိုယ်ပေါ်မှာ အစာအိမ်အတွက် သွေးစုပ်တဲ့
ခြင်တစ်ကောင်ကို စာနာကြည့်မိတယ်။
လူတွေက မကောင်းကြဘူး အကိုယ်ရယ် တဲ့
ဒါဆိုရင် အကိုယ်တို့ကောင်းရမယ်ပေါ့
ညီမရဲ့ စကားကို လူပိန်းတစ်ယောက်ထက်ပိုပြီး
ကျုပ် ဘာသာမပြန်တက်ခဲ့ဘူး။

ညတိုင်းလည်း ပူတယ်
နေ့ဆိုရင် ပိုပူတယ် အဲဒါထက် ကျုပ်ပိုပြီးပူတယ်
ဘယ်စီကို ဆက်ပြီးရွက်လွှင့်ရအုံးမယ် မသိ
အားလုံးကို ကြောင့်ကြမဲ့ နေချင်လို့ထွက်ခဲ့တာမဟုတ်ဘူး။
နယ်ပယ်သစ်မှာ အတွေးသစ် စိတ်ကူးသစ်အတွက်
နေ့တိုင်းလိုလို တော်လှန်ချင်ခဲ့တာ။
ဒါပေမယ့်....ကိုယ့်ကို ကိုယ်မတော်လှန်နိုင်သေးဘူး
စကားလုံးအကြီးတွေ မသုံးဖြစ်တော့ဘူး
အခွင့်အရေးပေးတာ များလွန်းနေပြီ
ဒီလောက်ခံသာတဲ့ ကိုယ့်ကိုကိုယ်ပဲ ကြေနပ်တယ်။
ဘာကိုမှ မျှော်လင့်ပြီး မငိုကြွေးတော့ပါဘူးမိချော ရယ်။
ခရီးတစ်ကွေ့မှာ ငါတို့တွေ
လက်တွဲတွေ မဖြုတ်သေးဘူးဆိုတာ သေချာနေပြီ ပဲ။
အားနဲ ချိနဲ့သူကို အလစ်ချောင်းသုတ်တဲ့ထဲမှာ
မပါသေးတော့ သေချာတယ် ဒီလောက်နဲ့တော့ မပြီးသေးဘူး။
ငါအများကြီး ကြိုးစားရမယ်ဆိုတာသေချာတယ်။
ခရီးတစ်ကွေ့လေးမှာ
မင်းတစ်ယောက်ကိုတော့ မမေ့သေးဘူးဆိုတာပါ။
ငါလည်း စာမရေးဖြစ်တာ ကြာပြီ။
အားပေးဖော်ရတာ ကျေးဇူးပါလို့.............။

Friday, 12 February 2010

ပျက်သားတယ်ဆိုတဲ့ စိတ်


(၁)
ကိုယ့်အရေခွံကို ညအိပ်ရာဝင်မှကြည့်မိတယ်
အတော်လေးထူနေတာ တွေ့ရတယ်။
ဒါနဲ့ အိပ်မရလို့ဆိုပြီး
အခမ်းပြင်ထွက်လမ်းလျှောက်ပြန်တော့
ဆိုးထားတဲ့ အရောင်တွေက မှောင်နေတယ်။
ကိုယ့်မျက်စိကို ပြန်ပွတ်ကြည့်မိတယ်
အမြင်မှားနေတာလားဆိုပြန်တော့
မဟုတ်ပြန်ဘူး။
(၂)
တကယ်ဆိုရင် အရသာမရှိတဲ့အချိန်တွေစားသုံးနေမိ
တစ်ထွာလောက်ရှိတဲ့ လျှာကိုအလိုလိုက်ပြီး
ပြောတာမဟုတ်ဘူး။
စိတ်မြန်လွန်းတဲ့ ကျုပ်တို့အမျိုးကို
ပြောတယ်ဆိုတာ မလွန်ဘူး။
ကိုယ့်ကိုကိုယ်လည်း အားမရဘူး ပြီးတော့..
ကိုယ့်ကိုကိုယ် အားမရဘူး။
(၃)
သိပ်ပြီးလူမှုရေးခေါင်းပါတဲ့ ကျုပ်က
ဘာလို့ စိတ်တွေတင်းနေရတာလဲ။
အဲဒီလိုပဲ ဖြစ်မှာပါ
ကျုပ်ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်
ကျုပ်လေးစားခဲ့တဲ့ လူတော်တွေ
ကျုပ်ကို အားပေခဲ့တဲ့ မိတ်ကောင်းဆွေကောင်းတွေ
ကျုပ်နဲ့ ကောင်းတူဆိုးဖတ် ဘော်ဒါတွေ
ခေါင်းပါးတဲ့ လူမှုရေးကို တင်းနေတဲ့ စိတ်နဲ့
တက်နိုင်သမျှ မှောင်သထက် မှောင်သည်ထိ
ဆေးဆိုးကြည့်မယ်။
(၄)
ဘာမှ မမြင်ရတော့ရင်တော့
အလင်းရောင်လာမယ့်စီကို မျှော်ကြတာပေါ့။
လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းကို
ကျုပ်တို့တွေ လက်ချိုးရေတွက်နေဖို့လိုမယ်ထင်လား။
ကျုပ်ကိုကျုပ် ဘာဆိုတာ မသိဘူး
ဘယ်သူ ကောင်းသလဲ ဘယ်သူ မကောင်းဘူးလဲဆိုတာ
ကျုပ်သိဖို့မလိုဘူး။
မသေချာတာတွေနဲ့ တည်ဆောက်ထားတဲ့ ကျုပ်ကိုယ်မှာ
ကျုပ်လည်း မသေချာတာတွေ ပြောတက်လာပြီ။
မရေရာတဲ့ အရာတွေ စိတ်ကူးယဉ်တက်လာပြီ။
ကောင်မလေးတစ်ယောက်ပြောသလိုမျိုး
ဗေဒင်ဆရာရဲ့ စကားကိုယုံလိုက်ရင် ကောင်းမလား။
(၅)
အဲလိုမျိုး မပျက်သားတဲ့စိတ်တွေကြောင့်
အချိန်ကုန်ခံပြီး ထင်ရာမြင်ရာ ပြောတက်တဲ့လူတွေရဲ့ ပါးစပ်များ
အမျိုးမျိုး ဖြစ်နေတာထင်ရဲ့။
မပျက်သားတဲ့ စိတ်ကို နာနာပွတ်ပေးမှတော်ကာကျမယ်။
စိတ်ကိုလာဆွပေးတက်တဲ့ အာရုံမရှိဘူး။
အဆိပ်မရှိတဲ့ သတ္တဝါလိုမျိုး
အားလုံးကို သဘောကောင်းလိုက်တာပဲ ကောင်းပါတယ်။
နောက် အနှစ် ၅၀ ဆိုရင် ကျုပ်တို့ရဲ့ ပျက်သားတဲ့ စိတ်တွေ
မပျက်သားတဲ့ စိတ်တွေ ဘယ်ရောက်နေမယ်ဆိုတာသိချင်လိုက်တာ။