မင်္ဂလာပါ......

Monday 19 October 2009

တုချင် တဲ့ အစစ် နဲ့ စစ်ချင်တဲ့ အတု


မှုံဝါးဝါးလေးတောင် မမြင်ရတော့ပါလား။အမြင်တွေ ဝါးတာလား ဒါမှမဟုတ် အာရုံတွေ ဝါးနေတာလားဆိုတာ
ကိုယ့်ကို ကိုယ်မသဲကွဲ။တစ်ခါက သူငယ်ချင်းတွေ တစ်ခါက မိတ်ဆွေတွေ တစ်ခါက မိသားစုတွေ တစ်ခါက
နေရာတွေ တစ်ခါက ခိုနားခဲ့ဖူး သစ်ပင်တွေ တစ်ခါက ငိုရှိုက်ခဲ့တဲ့ မျက်နှာတွေ တစ်ခါက မှောင်မိုက်လွန်းတဲ့
ည တွေ အာရုံထဲပြန်ပြီး စဉ်းစားတာတောင်မှ တစ်ရေးရေးပေါ်လာနေမှတော့ သေချာပြီ မှတ်မှတ်ရ ရ မှတ်မထားခဲ့မိတာ။လူတွေက မကောင်းတာလား မူတွေက မကောင်းတာလား။အစကောင်းမှ အနှောင်းသေချာ တယ်တဲ့ လူကြီးတွေဆုံးမ စကား ပြန်လည်တွေးမိတယ်။ဘယ်သူကို အပြစ်မပြောတဲ့သူက ဘာအပြစ်ရှိမှာလဲ။
ဟောင်ပွာ ဟောင်ပွာလုပ်ပြီး အတင်းပြောတက်တဲ့ ရွာတောင်ဖျားက မိန်းမကြီးကို သွားပြီးသတိရမိပြန်တယ်။
ဒါလောက်ကြာနေတာတောင် ပျော့ညံ့မသွားတဲ့ ဖယောင်းထက် ဘယ်သူမာအုံးမှာလဲ။တကယ်ပြောကြည့်မိတယ်။အမှန်တရားဆိုတာ ပျားရည်စက်လိုပဲ ဆိုပါလား။
အမျိုးမျိုးပါပဲ ။ ဘာကို ကိုးကွယ်ပြီး ဘာကို ယုံကြည်ရမှာလဲ။ဘာကိုမှ မကိုးကွယ် ဘဲ ဘာမှမယုံကြည်ဘဲ
နေလိုက်တာ ကောင်းပါတယ်။ဒီနေ့ ခေတ်မှာ တုချင်တဲ့ အစစ် နဲ့ စစ်ချင်တဲ့ အတုတွေက များပါဘိသနဲ့။
ကိုယ့်အကြိုက် နဲ့ကိုယ်ကြေနပ်နေရတဲ့ ဒီနေ့ခေတ် ဘယ်သူက ဘယ်သူကိုမှ မနာလိုစရာမရှိပါဘူး။
ဆရာတွေ များလွန်းတော့ ဘယ်သူ့ကို ဆရာခေါ်ရမှန်းမသိတဲ့ ကျောင်းသားတစ်ယောက်လိုမျိုး ဝေဝေ ဝါးဝါး။ခဏလေးချိုမြိန်ယုံ နဲ့တော့ အမှန်တရားက လူကို မသတ်နိုင်ဘူး။ဘာလုပ်လုပ် ဘယ်မှာနေနေ မြင်နေရတာပဲ။ဘာကို ဖုံးကွယ်ထားချင်သေးလို့လဲ။ပင်ကိုယ် သဘာဝအလှဆိုတာ ဖန်တီးယူလို့မရဘူးဆိုတာ သေချာတယ်။ကျေးလက်ညတွေကို ပဲ လွမ်းနေမှတော့ သေချာပါပြီ ကျေးလက်ညတွေကို ငါ တကယ်မချစ်ပါဘူး။တုချင်လွန်းတဲ့ အစစ်ကလေးရယ် သိပ်ပြီး ဟန်ဆောင်လွန်းရင် မင်းရဲ့ ပင်ကိုယ်အလှတွေ ပျောက်သွားမှာ စိုးရိမ်မိပါတယ်။စစ်ချင်လွန်းတဲ့ အတုလေးရယ် ..အားတောင့် အားနာ ခဏလောက်ဖြစ်ဖြစ် အမိမြေမှာ ပြန်လည်အနားယူစေကွယ်။
ငါတို့ မက်ခဲ့တဲ့ အိပ်မက်တွေထဲမှာ အနိုင်ကျင့် ညှင်းဆဲမှုတွေ မပါဘူး။လူ့လောဘသားတို့ရဲ့ ကောက်ကျစ်မှုတွေ မပါဘူး။ညရဲ့ သားကောင်းတွေကို လိုက်ဖမ်းတဲ့ ဗိုက်ပူ နံကားတွေ မပါဘူး။သိပ်ပြီး လှပတဲ့ ညတွေကို ရွှေချထားချင်လို့ပါ။ခဏလောက် ငါ့အနားမှာ တိတ်တိတ်လေးနေပေးပါ။ငါ့လူမျိုးရဲ့ ပြန့်ကျဲနေတဲ့ ရေသောက်မြစ်တွေ မစည်းလုံးမချင်း ငါ အိပ်ယာက မနိုးချင်ဘူး။မျက်စိလည် လမ်းမှားပြီးရောက်လာတာပဲ ဖြစ်ဖြစ် မျက်စိမလည်ဘဲ လမ်းမှန်ခဲ့တာပဲ ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လိမ်ငြာလို့မရတာတော့ သေချာတယ်။ခဏလေး ဆိုပေမယ့် လေအဟုန်မပြင်းလို့ အသဲအသန် သာယာမိပါတယ်။ငှတ်တွေ အိပ်တန်းဝင်ခွင့်ပေးလိုက်တဲ့ နေလုံးကြီးကို ကျေးဇူးတင်လိုက်တာ။ အရသာတွေ ခါးသက်ခဲ့ရင် မင်းကို ငါသတိရတယ် ။ ငါ့ရဲ့ စိုက်ခင်းလေးထဲမှာ မင်းသာသာလေးဖြတ်လျှောက်
သွားပါ။ငါရဲ့ အိပ်မက်တွေ နိုးထမှာကို ငါမလိုလားဘူး။ဆန့်ကျင်ဘက် ရဲ့ အလှကို ငါမြင်အောင်ကြည့်ရအုံးမယ်။အိပ်မက်ပျိုးခင်းထဲမှာ လူတွေ ဘာလို့ လာလာပြီးငိုကြတာပါလိမ့်။ ငါ့ကိုတော့ ငိုခွင့်မပေးကြဘူးတဲ့လေ။ဟုတ်ပါပြီ ...ငိုတဲ့ မျက်ရည်မှန်သမျှ ငါရဲ့ အိပ်မက်စိုက်ခင်းထဲမှာ မိုးရေဖြစ်ပါစေ။
နှင်းရည် သောက်ချင်သော သစ်ပင်းလေးများအတွက် နှင်းရေခါးခါး ဖြစ်ပါစေ။အမုန်းမရှိတဲ့ မြို့ကို မရောက်သေးလို့ပါ ။အတုမရှိတဲ့ မြို့ကို မရောက်သေးလို့ပါ။မရောက်မချင်း ဆက်သွားရမှာ။စိတ်ကူးလို့ ရတဲ့အရာမှန်သမျှ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လှုံ့ဆော်မှု အမျိုးမျိုးကြောင့် ရောက်လာကြစမြဲပါကွယ်။
မွေးကတည်းက မှတ်လာရတဲ့ ဦးဏှောက် ခုတော့ ဘာတက်နိုင်သေးလဲ ကိုယ့်နာမည်ကိုတောင် မေ့နေတယ် ကြည့်စမ်း။စမ်းချောင်းလေး နံဘေး ထိုင်ငေးရအောင်ကလည်း ပင်လယ်ကို ချစ်မိနေတော့
ဘာမှ မသက်ဆိုင်သလို ဘာမှ မကူးစက်သလိုဖြစ်လာပြန်တယ်။တုချင်တဲ့ အစစ် နဲ့ စစ်ချင်တဲ့ အတု နှစ်ခုအကြား ဘာကိုမှ အလေးမမူတော့ပါဘူး။ ငါ့စိုက်ခင်းကို ငါ..... ငေးနေတာပဲ ကောင်းပါတယ်။
နေရု (စစ်ကိုင်း)

0 comments:

Post a Comment