မင်္ဂလာပါ......

Thursday 29 October 2009

ဘယ်သူ့ကိုမှ အနှောက်အယှက်မပေးလိုသူ


ဟုတ်ကဲ့ ကျုပ်နဲ့ အရင်းအနှီးဆုံးသူတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ဘယ်သူက ဘယ်သူ့ကိုမှ ဘယ်လိုပဲဖြစ်ဖြစှ်စိတ်ကသိကအောက်ဖြစ်အောင်မလုပ်ကြပါဘူး။ဟုတ်ပါတယ်။ကိုယ့်ရည်မှန်းချက် ကိုယ့်ရည်ရွယ်ချက်နဲ့ ကို ရှိပါတယ်။ ဒါက လူတစ်ယောက်ကို ဖီးဖြစ်လို့ ရေးတာ မဟုတ်ဘူး။ဒီဘလောဂ်လုပ်တယ် ဆိုကတည်းက ကိုယ့်အတွက်မရည်ရွယ်ပါဘူး။ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ အတွက်ရည်ရွယ်ခဲ့ပါတယ်။ကိုယ်နဲ့ မသက်ဆိုင်သူတွေ အတွက်လုံးဝမရည်ရွယ်ပါဘူး။သံသရာမှာ ဆွေမျိုးမတော်ဘူးသူ မရှိပါဘူး။ဟုတ်တယ် ဒါက ကျုပ်ရဲ့ ယုံကြည်ချက်သက်သက်မျှပါ။လူပဲဗျာ ကိုယ်ယုံကြည်ရာပဲ ကိုယ်ယုံကြည်မှာပေါ့။ကျုပ်နဲ့ ကျုပ်ညီမလေး ကြားမှာ သိပ်ပြီးတက်မက်လွန်းစရာကောင်းတဲ့ ငွေကြေးတွေ မပါဘူး။ခင်ဗျားသိပ်ပြီး တက်မက်လွန်းတဲ့ ကျော်ကြားမှုတွေ မပါဘူး။ဟန်ဆောင်မှုတွေ မပါဘူး။ကိုယ့်ကို ကိုယ်ငါဘာဖြစ်တယ်ဆိုတာမျိုးတွေ မပါဘူး။ ဒါမျိုးတွေ ပါလာတယ် ဆိုမှ တော့ ဘယ်ကလာ ငြိမ်းချမ်းမှု သာယာမှု အေးချမ်းမှုဆိုတာ ပါမှာလဲ။ကိုယ့်ကို ကိုယ် သိပ်ပြီးအထင်ကြီးတယ်ဆိုတဲ့ လူတစ်ယောက်မှာ ဘာတွေရှိမယ်လို့ထင်လဲ။ကျုပ်တို့ဘဝမှာ သိပ်ပြီးယုံကြည်ကိုးစား အားထားရလွန်းတဲ့ မြတ်စွာဘုရားကိုကြည့်ပေါ့။သူ့ကိုသူ သိပ်ချစ်လွန်းလို့ သူဘုရားဖြစ်အောင်လုပ်ခဲ့တာလား။စဉ်းစားပါ နာစိန္တယန္တော ပုရိသော ၊ ဝိသေသမဓိဂစ္ဆတိ ။တဲ့ ။လူ့ငနွားတွေ ကြားမှာ ကျုပ်ကိုကျုပ်လူဖြစ်ချင်တယ်။ကျုပ်ရဲ့ ဆွေမျိုးတွေ ကျုပ်ရဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ လူဖြစ်စေချင်တယ်။ကျုပ်ဆရာတွေ ကျုပ်ဆွေမျိုးတွေ ကျုပ်နိုင်ငံက လူတွေ လာမထိနဲ့ ဘယ်ကောင်ကိုမှ ထည့်မစဉ်းစားဘူး။ဒါတွေက ကျုပ်ဘကြီးက ပေးခဲ့တဲ့ သတ္တိတွေပဲ။ကျုပ်ဦးကြီးက ပေးခဲ့တဲ့ သတ္တိတွေပဲ။တကယ်သတ္တိရှိမှ ယှဉ်ပြိုင်နော့ ။ခင်ဗျား အခုအသက်ရှင်နေတာ ခင်ဗျားအဖေ ခင်ဗျား အမေ ခင်ဗျား ဆွေမျိုး ခင်ဗျားဆရာတွေရဲ့ သွေးတွေဆိုတာ မေ့နေပြီထင်တယ်။သူများကို ကြွားဝါယုံ သက်သက်လောက်လား ရပါတယ်။သူများအပေါ်မှာ မနာလိုယုံသက်သက်လား ။သိပ်ပြီးရတာပေါ့။တစ်သွေးတည်း မဟုတ် တစ်သားတည်းမဟုတ်သူသည် ဘယ်တော့မှ ကိုယ်နဲ့တူသူမဖြစ်နိုင်ပါ။ဗီဇနိယာမ ၊ ကမ္မနိယာမ ၊ ဥတုနိယာမ ၊ စိတ္တနိယာမ ဆိုတဲ့ နိယာမသဘောတွေ ကျုပ်ဖတ်ကြည့်ခဲ့တယ်။ဘယ်သူကိုမှ အနှောက်ယှက်မပေးလိုသူ မဟုတ်ဘူး။သူများတွေ စိတ်ဆင်းရဲနေမှ သူများတွေ ဒုက္ခရောက်နေတာကို ကြည့်ချင်နေသူ သူများဒုက္ခရောက်နေရင် သူက အလိုလိုနေရင်းပျော်နေတာ သေချာတာပေါ့ မျိုးချစ်စိတ် ဗီဇသွေး ဘာတစ်ခုမှမရှိသူ။လိုအပ်ရင် သူ့ကိုယ်သူတောင် စော်ကားဝံ့သူ ကျန်တာတွေ မပြောချင်ဘူး။ဟုတ်ကဲ့ ကျုပ်လည်း ဘယ်သူ့ကိုမှ အနှောက်ယှက် မပေးပါရစေ နဲ့။သူများတွေ လဲ ကျုပ်ရဲ့ အနာဂတ်လမ်းခရီး မနှောက်ယှက်ပါစေသတည်း။

Wednesday 28 October 2009

ဒီနေ့ အကြောင်း


ဒီနေ့ အဖေနဲ့တွေ့တယ်။အဖေနဲ့ တွေ့တယ် ဆိုရင် အမေနဲ့လည်းတွေ့တာ ပဲပေါ့။အဖေဆိုတာ နေမင်း အမေဆိုတာ လမင်း ။လူတွေ ရှင်သန်နေတာ ဒီလိုမျိုး အလင်းရောင်တွေကြောင့်ပါ။ဘယ်သူ ဘာငြင်းမှာ လဲ။ ဟုတ်တယ် ကိုယ့်ကိုကိုယ် မစဉ်းစားနိုင်တဲ့ လူတစ်ယောက်အနေနဲ့ သူများအကြောင်းပဲ စဉ်းစားနေသူအတွက် ငြင်းစရာ ရှိကောင်းရှိမှာ ပါ။တကယ်ဆိုရင် အဆိုးဆုံးက အကြောက်တရားပါ။ကိုယ့်ကို ကိုယ်ကြောက်ခြင်း သူတစ်ပါးကို ကြောက်ခြင်း။လူတွေကိုယ်ပြောပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်သိသလောက်ပြောတာပါ။ ဒါပေမယ့် အားလုံးနဲ့ သက်ဆိုင်နေမှာပါ။ခင်ဗျားကိုယ်တိုင်ဖတ်နေတာပဲ။ဟုတ်တယ် လူဆိုတာ တိုက်ရိုက်ထိမှန်စေချင်ရင် ဘယ်တော့ မှ တိုက်ရိုက်မပြောရဘူးတဲ့။အနုညံ့ဆုံး အငြင်သာဆုံး ပြောနိုင်ရတယ် တဲ့။ခက်တာက အဲဒါပဲ။တစ်ချို့လူတွေကျပြန်တော့ ဒီလိုမဟုတ်ပြန်ဘူး။တိုက်ရိုက်ပြောမှ သိကြပြန်သတဲ့လေ။ ဟုတ်တယ် အဲလိုလူမျိုးတွေ အတွက် အဲလိုပြောရမှာ ပဲ။ပြောတိုင်းလည်း မဟုတ်ပြန်ဘူးဗျ။ပြောသာ ပြောရတယ် စကားသာအဖက်တင်တယ်။ဘာမှ ပြောင်းလဲမလာဘူး။ဒါက ကျုပ်သိသလောက်ပဲ ပြောတာပါ။ကျုပ်မသိတာတွေ အများကြီးရှိမှာပါ။လူတွေက ခက်တာဗျ။ ဒီနေရာမှာ ငါအနိုင်ရတယ်ဆိုပြီး လုပ်ချင်ကြတာ တကယ်တော့ သူရှုံးနေတာ သူ မသိဘူး။အချိန်တွေပြောင်းလာသည်နှင့်အမျှ လူတွေကိုယ့်ကို ကိုယ်ပြောကြည့်ပါ။သူများတွေကို ပြောမည့်စကား ကိုယ့်ကိုကိုယ်အရင် ပြောကြည့်ပါ။လန်ထွက်သွားရုံသာမက လွတ်တောင်ထွက်သွားအုံးမယ်။ ဒါ့ကြောင့်ကျုပ်က သူများကိုယ်ပြောမယ့်စကားတွေကို ကိုယ့်ကို ကိုယ်အရင်ဆုံးပြောကြည့်တယ်။ကိုယ်တိုင်ခံနိုင်ရည်ရှိရင် အိုခေ သူများတွေ လဲ ခံနိုင်လိမ့်။ဒီလိုမှ မဟုတ်ရင် မဟုတ်သေးဘူး။ကိုယ်တိုင်ခံနိုင်ရည်ရှိရင် သေချတယ် အဲဒါ သူများလည်း ခံနိုင်ရည်ရှိမှာ ပဲ။ကျုပ်ပြောတာ ကျုပ်မြင်သလောက်လေးရယ်ပါ။ကျုပ်မမြင်နိုင်တာတွေ အများကြီး ရှိတယ်။လူတွေကို ကျုပ်လေ့လာကြည့်တယ်။အဲဒီလို ပါပဲ လူတွေလဲ လူတွေကို လေ့လာကြည့်မှာပါ။အနဲ နှင့် အများ ဒါတော့ကွာမှာပေါ့။ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါဘူး။ အဲဒီထက်ပိုပြီး ကျုပ်နဲ့ အနီးစပ်ဆုံးလူတွေကို အဲဒီထက်ပိုပြီး အနီးစပ်ဆုံးလူတွေကို ရည်ရွယ်ပါတယ်။ကျုပ်ညီမလေးကို မရည်ရွယ်ပါ။ကျုပ်ညီမလေးသည် ကျုပ်အပေါ်မှာ လုံးဝကို မိန်းမ မဆန်ပါ။ မိန်းကလေးဆိုသော်ငြားလည်း လုံးဝပွင့်လင်းတယ်။ဟန်ဆောင်မှု ကင်းတယ်။သူများတွေ ဒုက္ခရောက်မှာကို မလိုလားတဲ့ ကျုပ်ရဲ့ အမေနဲ့ ကျုပ်ရဲ့ညီမ။ကျုပ်သိပ်ပြီးချစ်တယ်။သူများတွေ ဒုက္ခရောက်တာကိုမှ သိပ်ပြီးပျော်တက်တဲ့ သူတွေကိုမဆိုလိုပါ။ဒီနေ့ဗျာ ..........ကျုပ်တကယ်ထိတယ်။အဖေ နဲ့ အမေ ပြီးတော့ ကျုပ်ရဲ့ ညီအကိုမောင်နှမ ကျုပ်ဆွေမျိုးတွေ ကျုပ်ရဲ့ ရွာ ကျုပ်ရဲ့ မွေးရပ်မြေ ကျုပ်ရဲ့တိုင်းပြည် ကျုပ်ရဲ့ မျှော်လင့်ချက် ငှတ်ကလေးတွေ တကယ်ကို သတိရတာပါ။ပစ္စုပ္ပန်မှာ ကျုပ်အကောင်းဆုံးလုပ်တယ်။ လူတွေ ကိုယ်နဲ့ပတ်သက်တာကို အကောင်းဆုံးလုပ်ကြသလို ကျုပ်တို့မလုပ်သင့်ဘူးလား။လုပ်ကို လုပ်ရမယ်။ဒီနေ့အကြောင်းကို ကျုပ်ရေးလိုက်လို့ နဲနဲ တော့ တစ်ချို့ လန့်သွားမယ် သေချာတယ်။ခင်ဗျားခုချိန်ထိအောင် ဖတ်နေတာကိုက ကျေးဇူးပါ ။ တကယ်ကျေးဇူးတင်ပါတယ်။ ကိုယ့် ကို ကိုယ် တကယ်တန်း အားမနာတမ်း ဝေဖန်ရဲသလား။စဉ်းစားပါ သေချာစွာ စဉ်းစားပါ ...........။သိပ်ပြီး ဟန်မဆောင်ချင်ပါနဲ့ ကိုယ့်လူ ။ကောင်မလေး ရေ............. မနာလိုခြင်းဆိုတာ ဘာတဲ့ လဲ။ကိုယ်တို့ တွေ အကောင်းဆုံး လမ်းကို ရွေးကြမယ်။ဘာတွေ ဖြစ်ဖြစ်ပေါ့။ညီမျှခြင်းဆိုတာ နားလည်မှုတွေ ရှိမှ ရတာပါ။ ဒီနေ့ အိမ်ကို သတိရတယ်။ နောက်ပြီး ညီမလေးကို သတိရတယ်။ပြီးတော့ ကျုပ်ကို ကျုပ်သတိရတယ်။

Sunday 25 October 2009

သတိတရ များ (၁)

အတိတ်ကို ပြန်လည်ကြည့်ပြန်တော့ ခြေရာဖွဖွလေးများ အမှတ်မရနိုင်တဲ့ အနမ်းများ လူတွေရဲ့ တရားမပါတဲ့ အတွေများ မပြောင်းလဲသေးတဲ့ ပြောင်းလဲမှုများ တကယ်ဆိုရင် ဒီလို မဟုတ်ပြန်ဘူး။ ဖြစ်ချင်တာ နဲ့ဖြစ်သင့်တာ နေရာလွဲနေတော့ လူအတော်တော်များဖြစ်ကြ ပျက်ကြ။လွဲချင်ပြီဆိုမှဖြင့်ဘယ်လောက်ကြာအောင်စောင့်စောင့် လွဲနေမှာ ပါ။တည့်ချင်ပြီဆိုရင် လဲ ခဏလေးနဲ့တင်တည့်သွားတက်တယ်ဆိုတာ တကယ်ဖြစ်ခဲ့တာပါ။ကံဆိုးချင်းနဲ့ ကံကောင်းချင်းကို သရုပ်မခွဲသေးခင် ကိုယ်တိုင်ကောင်းတာတွေ လုပ်ဖို့လိုအပ်တယ်။သူများတွေ ရဲ့ဆိုးကွက် ဟာကွက်တွေကြည့်နေမယ့်အစား ကောင်းကွက်ကို ရှာဖွေခြင်းအတက်ပညာ ဟာကွက်ကို မေ့ထားတက်ဖို့ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ဘူး။စာအုပ်ရဲ့ ကျေးကျွန်မဟုတ်တောင်မှ တစ်ခုခုရဲ့ တစ်ခုခု တော့ ဖြစ်နေမှာပါ။ဒီနေ့ နည်းပညာသည် မနေ့က နည်းပညာထက်သာမည်။ နက်ဖန်နည်းပညာသည် ဒီနေ့နည်းပညာထက်သာမည်။ကဲ ခင်ဗျားက ဘာလုပ်ချင်သေးလို့လဲ။ သိမ်ငယ်တဲ့စိတ်တွေကျုပ်လာမပြောနဲ့။ကြီးကျယ်ခမ်းနားခြင်းတွေကို သိပ်ကြိုက်ပါတယ်ဆိုတဲ့ ခင်ဗျားအတွက် သိပ်ပြီးသိမ်ငယ်ချင်းတွေပဲ ရမယ်ဆိုတာ မှတ်ထားပါ။ဟန်ဆောင်မှုတွေက မိတ်ဆွေအဖြစ်နဲ့ ဝင်လာတက်လို့ သတိထားနေရတယ်။

Thursday 22 October 2009

ညီမဖတ်ဖို့ (၁)


အခြေအနေအရ တဲ့ ညီမ
ဘယ်လို လုပ်ကြမလဲ..........။
လူတွေ ရဲ့ တန်ဖိုး နည်းပညာရဲ့ တန်ဖိုး
နောက်ဆုံး ကိုယ့်ရဲ့တန်ဖိုး
ဘာတွေလဲ ဘယ်လိုတွေလဲ ဘာအတွက်လဲ။
အချစ်ဆိုတာကို ညီမ တကယ်ရောနားလည်ရဲ့လား
ကိုယ်တိုင်ရော နားလည်ရဲ့လား
ကိုယ်တိုင်မေးခွန်းထုပ်
အရှုပ်များနဲ့သာ အလုပ်များနဲ့သာ
ညတွေကို နှုတ်ဆက်ခဲ့ရ။
ဘယ်လို ပကာသနမှ မပါတဲ့အရာတွေကို မှ
ချစ်တက်ခဲ့လေတော့
နားလည်မှုဆိုတာ ကိုယ်တို့ကြားမှာ ပါးပါးလေး။
နုညံ့တဲ့ အရာတွေရယ်ပါတဲ့
ဘယ်လိုပြောကြမလဲ
ဘာတွေ လုပ်ကြမလဲ
ဘယ်အတွက်လဲ မေးခွန်းများသာ
အလျားလိုက်ထွက်လာ
တစ်ဆစ်စာလောက် အခွင့်အရေးအတွက်
ဘယ်မှာလဲ ကျုပ်တို့ရဲ့ အနံ
ဘယ်မှာလဲ ကျုပ်တို့ရဲ့ ရှင်သန်မှု။
လူပီသဖို့အတွက် လူတွေကို ဗဟိုရ်ပြု
အနတ္တကြီးစိုးရေးအတွက် အတ္တကို ဗဟိုရ်ပြု
ငြိမ်းချမ်းရေးအတွက် စစ်ရေးကို ဗဟိုရ်ပြု
အားလုံးလွဲနေရင် ကျုပ်လဲ လွဲကြည့်ချင်တယ်။
ခဏလောက်ဖြစ်ဖြစ် အကြာကြီးဖြစ်ဖြစ်
ညီမလေးရဲ့ အနားမှာ တိတ်တိတ်လေး နေကြည့်မယ်။
ဘဝဆိုတာ အလှကြည့်နေဖို့မှ မဟုတ်တာ။
တစ်ခုတည်းရှိတဲ့ အကောင်းဆုံးဆိုတာ
ခင်ဗျားကိုယ်တိုင်မကောင်းသေးရင်
မမျှော်လင့်ပါနဲ့ ။
တန်ရာ တန်ရာတော့ ရမှာပေါ့ မဟုတ်ဘူးလား ညီမရယ်.....။
ကိုယ်စိတ်တိုင်းကျ မရေွးချယ်သေးခင်
ကိုယ့်ဖာသာကို သဟဇာတဖြစ်အောင် လုပ်ကြတာပေါ့။
မီးလျှံ နဲ့ ပဲ နှိုင်းယှဉ် နှိုင်းယှဉ်
ရေအယဉ် နဲ့ ပဲ ယှဉ်ယှဉ်
ဘဝမှန်ရင် အမြဲ စီးမျောနေဖို့ လိုအပ်ပါတယ်။
ပုံမှန် စီးမျောမှုက သွေဖယ်သွားတဲ့ အရာတိုင်း
ပုံမှန်မဟုတ်တာ သေချာရင်
သေချာပြီ ညီမ.....။
ကိုယ်တို့လည်း တစ်ခုခုကို ဗဟိုရ်ပြု
ခရီးဆက်ကြစို့ ရဲ့.....။

Monday 19 October 2009

လှပခြင်း နှင့် ပညာရေး


အရာရာမှာ ညီတူ ညီမျှဖြစ်ဖို့လိုအပ်ပါတယ်။
တစ်ခု သာလွန်ယုံမျှနှင့်တော့ အရာရာမှာ ပြည့်စုံသူတစ်ယောက်ဟု မဆိုနိုင်ပါ။ဥပမာ - ကျုပ်တို့ကိုးကွယ် အားထားတဲ့ မြတ်စွာဘုရားကိုကြည့်ပါ။သူသည် တစ်ခုတည်းတော်သူ မဟုတ်။ပါရမီပြည့်စုံသည်ထားပါအုံး။
ပတ်ဝန်းကျင် စေ့ဆော်မှုမပါဘဲ ဗုဒ္ဓသည် ဘုရားမဖြစ်နိုင်ပါ။နောက်ပြီး သူသည် အစွမ်းကုန်တော်ပါသည်။ သူ့ထက်တော်သူ မရှိသလောက် ရှားပါး၏။သူ့ခေတ်အခါက သူသည် တကယ့်ကို ဧကရာဇ်ဘုရင် တစ်ဆူပင် ဖြစ်သည်။သို့ပင် ဖြစ်လင့်ကစား သူသည် သူ့ကိုသူ လူတော်တစ်ယောက်ဟု သတ်မှတ်ဟန်မထင်။ အဘယ့်ကြောင့်ဆိုသော သူ့မှာ ပညာ နှင့် ကရုဏာ ညီမျှနေပါ၏။သူတော်သလို သူများကိုယ်လည်း တော်စေချင်သည့်ဆန္ဒသူ့မှာရှိသည်။နောက်ပြီး သူ့မှာ ဆင်းရဲမှုကို တွေးပြီး သူများကိုလည်း ဒုက္ခမှ လွတ်စေချင်သည့် ဆန္ဒ သူ့မှာပြင်းပြစွာ ရှိနေမည်ဆိုတာ ငြင်းလို့မရနိုင်ပါ။အဘယ်ကြောင့်ဆိုသော် နိမိတ်ကြီးလေးပါးကို မြင်သည့်အချိန်မှ စပြီး သူသည် မအို ၊ မနာ ၊ မသေရာကိုရှာဖွေချင်ခဲ့သည်။ ဒါသည်ပင် ဘယ်သူနှင့်မှ မတူညီသည့် သူ၏အရည်အသွေးတစ်ခုပင်ဖြစ်သည်။သူ့သတ်မှတ်ချက်နှင့် သူတော့ ရှိရမည်။ဒီလိုမျိုးဆိုပြန်တော့ ဗုဒ္ဓသည် သီးခြားလူသားတစ်ဦးဆန်သွားပြန်သည်။ဒီလိုလည်း မဟုတ်ပြန်။ သူသည် သာမန်လူသားတစ်ယောက်ထက်ဘာမှ မပိုခဲ့ပါ။သာမန်လူသားများခံစားသည့် နည်းစနစ်
အတိုင်းပင် သူသည် ခံစားခဲ့သည်။သဘာဝ မကျသော ဖြစ်စဉ်သူ့မှာ ဘာမှ မရှိပါ။ဒါသည်ပင် သူ၏ရိုးသားမှုပင် ဖြစ်၏။ဗုဒ္ဓ သည် သူ၏ အယူအဆရေးရာနှင့် ပတ်သက်လာလျှင် အရာရာမှာ ညီတူ မျှတူ ဖြစ်ရေး သမာသမတ်ဖြစ်ရေး တစ်ဖတ်သက်ဆန်လွန်းသော အယူအဆတို့အတွက်အားမပေးပါ။ သူ၏ အယူအဆ ရေးရာနှင့်ပတ်သတ်ပြီး သိပ်ပြီး ကောင်းတာပဲ လာဖြစ်အောင် လာခဲ့ပါ။ဝင်ဖြစ်အောင် ဝင်ခဲ့ပါဟု ဘယ်သောအခါမှာ အောက်ကျ နောက်ကျခံပြီး ခေါ်ရိုးထုံးစံမရှိပါ။ကြိုက်ရင် ယူပါ။မကြိုက်ရင် နေပါ။ဇွတ်အတင်းကြီး အတင်း အကြပ်လုံးဝမလုပ်ပါ။လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပေးထားပါ၏။
အကျင့်ကို လုံးဝပဓာနထားပါသည်။ကျင့်ပြီးမှ သာလျှင် ယုံကြည်မှုအပြည့်အဝ ရသွားကြသည်သာများ၏။
ဗုဒ္ဓ၏ ကရုဏာ နှင့် ပညာ ညီမျှမှုသည် လောကမှာ စံအဖြစ်ကျန်ခဲ့ပါသည်။အတ္တလောက ယနေ့ အတ္တကမ္ဘာ မှာ သိပ်ပြီး အတုယူဖို့ကောင်းပါသည်။ငါအတွက် ကောင်းစားရေး ငါ့မိသားစုကောင်းစားရေး ငါ့ရွာ ငါ့မြို့ ငါ့တိုင်းပြည် ငါ့လူမျိုး ကောင်းစားရေးဆိုတဲ့ ငါတွေ ရှိနေသမျှ မည်မျှပင်တော်နေပါစေ။လှပလွန်းသော စံပြဖြစ်နိုင်သော လှပသည့် ပညာရေး မဖြစ်နိုင်ပါ။အတ္တဆန်သော အတ္တကြီးမားသော ပညာရေးဖြစ်ပါလိမ့်။
အမှန်တကယ် ကျယ်ပြန့်သော နက်ရှိုင်းသော ပညာရေးသမားတစ်ယောက်သည် ဘယ်သောအခါမှ သူ့ကို ရှေ့တန်းတင်ပြီး စဉ်းစားလေ့မရှိပါ။သူ့မှာရှိသည့်အရာကို သူများအတွက်ဘယ်သို့ပေးရမည်ဆိုတာကိုသာ စဉ်းစားပါသည်။ဒါသည်ပင် အတုယူစရာတစ်ခုဖြစ်ပါသည်။မိမိမနိုင်နင်းသည့်အရာကို ကိုင်မိရင်တော့ဖြင့် မိမိလည်းဒုက္ခရောက်မည်မှာမလွဲပါ။လူအချင်းချင်း ဒုက္ခရောက်စေချင်သည့်ဆန္ဒရှိသည်များ ယနေ့ခေတ်မှာ များပြားစွာတွေ့နိုင်ပါသည်။မိမိကိုယ် မိမိပေါ်လွင်စေချင်သော ဆန္ဒဖြင့် ကြော်ငြာနေသည့် ယနေ့ခေတ်ဝယ် ဘယ်မှာလျှင် စစ်မှန်သည့် အမှန်တရားရှိလိမ့်မည်နည်း။ဘယ်မှာလျှင် စစ်မှန်သော ရိုးသားခြင်းရှိချိန့်မည်နည်း။အရာရာကို စံပြုထိုက်သည့် ပုဂ္ဂိုလ်ကိုပြပါဆိုလျှင် မြတ်စွာဘုရားကိုပြသရပါလိမ့်မည်။အယူအဆပိုင်းဆိုင်ရာမှာ အမြဲတည်မြဲနေသည်ဆိုတာတော့ဖြင့်မရှိနိုင်။ ယနေ့မှန်သော်လည်း နက်ဖန်မှားလျှင်မှားသွားနိုင်သည်။ယနေ့ မှားနေသော်လည်း နက်ဖန်မှန်လျှင်မှန်သွား
နိုင်၏။လူတို့၏ အတ္တပြဌာန်းသော စိတ်သည်လည်း တစ်စထက်တစ်စ ပိုမိုပြီး ကြီးမားလာခဲ့လေသည်။ တန်ဖိုး စံနှုံးတို့သည်လည်း အချိန်နှင့်အမျှပြောင်းလဲနေသည်။ခေတ်နောက်ကို လိုက်လျှင် ရူးသွားနိုင်သည်။
အရာရာမှာ ဆင်ခြင်တုံတရားသည်အရေးကြီးပါသည်။အရာရာမှာ ဘက်မလိုက်ရေး တစ်ဖက်သက်တွေးတော စဉ်းစားခြင်း မပြုခြင်းသည်ဒီနေ့ခေတ်မှာ သိပ်ပြီးအရေးကြီးပါသည်။လှပခြင်း နှင့် ပညာရေးခေတ်ဝယ် လိုက်လျောညီထွေ စဉ်းစားခြင်းသည် အရေးကြီးကြောင်းကျုပ်သဘောပေါက်လာမိပါသည်။

တုချင် တဲ့ အစစ် နဲ့ စစ်ချင်တဲ့ အတု


မှုံဝါးဝါးလေးတောင် မမြင်ရတော့ပါလား။အမြင်တွေ ဝါးတာလား ဒါမှမဟုတ် အာရုံတွေ ဝါးနေတာလားဆိုတာ
ကိုယ့်ကို ကိုယ်မသဲကွဲ။တစ်ခါက သူငယ်ချင်းတွေ တစ်ခါက မိတ်ဆွေတွေ တစ်ခါက မိသားစုတွေ တစ်ခါက
နေရာတွေ တစ်ခါက ခိုနားခဲ့ဖူး သစ်ပင်တွေ တစ်ခါက ငိုရှိုက်ခဲ့တဲ့ မျက်နှာတွေ တစ်ခါက မှောင်မိုက်လွန်းတဲ့
ည တွေ အာရုံထဲပြန်ပြီး စဉ်းစားတာတောင်မှ တစ်ရေးရေးပေါ်လာနေမှတော့ သေချာပြီ မှတ်မှတ်ရ ရ မှတ်မထားခဲ့မိတာ။လူတွေက မကောင်းတာလား မူတွေက မကောင်းတာလား။အစကောင်းမှ အနှောင်းသေချာ တယ်တဲ့ လူကြီးတွေဆုံးမ စကား ပြန်လည်တွေးမိတယ်။ဘယ်သူကို အပြစ်မပြောတဲ့သူက ဘာအပြစ်ရှိမှာလဲ။
ဟောင်ပွာ ဟောင်ပွာလုပ်ပြီး အတင်းပြောတက်တဲ့ ရွာတောင်ဖျားက မိန်းမကြီးကို သွားပြီးသတိရမိပြန်တယ်။
ဒါလောက်ကြာနေတာတောင် ပျော့ညံ့မသွားတဲ့ ဖယောင်းထက် ဘယ်သူမာအုံးမှာလဲ။တကယ်ပြောကြည့်မိတယ်။အမှန်တရားဆိုတာ ပျားရည်စက်လိုပဲ ဆိုပါလား။
အမျိုးမျိုးပါပဲ ။ ဘာကို ကိုးကွယ်ပြီး ဘာကို ယုံကြည်ရမှာလဲ။ဘာကိုမှ မကိုးကွယ် ဘဲ ဘာမှမယုံကြည်ဘဲ
နေလိုက်တာ ကောင်းပါတယ်။ဒီနေ့ ခေတ်မှာ တုချင်တဲ့ အစစ် နဲ့ စစ်ချင်တဲ့ အတုတွေက များပါဘိသနဲ့။
ကိုယ့်အကြိုက် နဲ့ကိုယ်ကြေနပ်နေရတဲ့ ဒီနေ့ခေတ် ဘယ်သူက ဘယ်သူကိုမှ မနာလိုစရာမရှိပါဘူး။
ဆရာတွေ များလွန်းတော့ ဘယ်သူ့ကို ဆရာခေါ်ရမှန်းမသိတဲ့ ကျောင်းသားတစ်ယောက်လိုမျိုး ဝေဝေ ဝါးဝါး။ခဏလေးချိုမြိန်ယုံ နဲ့တော့ အမှန်တရားက လူကို မသတ်နိုင်ဘူး။ဘာလုပ်လုပ် ဘယ်မှာနေနေ မြင်နေရတာပဲ။ဘာကို ဖုံးကွယ်ထားချင်သေးလို့လဲ။ပင်ကိုယ် သဘာဝအလှဆိုတာ ဖန်တီးယူလို့မရဘူးဆိုတာ သေချာတယ်။ကျေးလက်ညတွေကို ပဲ လွမ်းနေမှတော့ သေချာပါပြီ ကျေးလက်ညတွေကို ငါ တကယ်မချစ်ပါဘူး။တုချင်လွန်းတဲ့ အစစ်ကလေးရယ် သိပ်ပြီး ဟန်ဆောင်လွန်းရင် မင်းရဲ့ ပင်ကိုယ်အလှတွေ ပျောက်သွားမှာ စိုးရိမ်မိပါတယ်။စစ်ချင်လွန်းတဲ့ အတုလေးရယ် ..အားတောင့် အားနာ ခဏလောက်ဖြစ်ဖြစ် အမိမြေမှာ ပြန်လည်အနားယူစေကွယ်။
ငါတို့ မက်ခဲ့တဲ့ အိပ်မက်တွေထဲမှာ အနိုင်ကျင့် ညှင်းဆဲမှုတွေ မပါဘူး။လူ့လောဘသားတို့ရဲ့ ကောက်ကျစ်မှုတွေ မပါဘူး။ညရဲ့ သားကောင်းတွေကို လိုက်ဖမ်းတဲ့ ဗိုက်ပူ နံကားတွေ မပါဘူး။သိပ်ပြီး လှပတဲ့ ညတွေကို ရွှေချထားချင်လို့ပါ။ခဏလောက် ငါ့အနားမှာ တိတ်တိတ်လေးနေပေးပါ။ငါ့လူမျိုးရဲ့ ပြန့်ကျဲနေတဲ့ ရေသောက်မြစ်တွေ မစည်းလုံးမချင်း ငါ အိပ်ယာက မနိုးချင်ဘူး။မျက်စိလည် လမ်းမှားပြီးရောက်လာတာပဲ ဖြစ်ဖြစ် မျက်စိမလည်ဘဲ လမ်းမှန်ခဲ့တာပဲ ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လိမ်ငြာလို့မရတာတော့ သေချာတယ်။ခဏလေး ဆိုပေမယ့် လေအဟုန်မပြင်းလို့ အသဲအသန် သာယာမိပါတယ်။ငှတ်တွေ အိပ်တန်းဝင်ခွင့်ပေးလိုက်တဲ့ နေလုံးကြီးကို ကျေးဇူးတင်လိုက်တာ။ အရသာတွေ ခါးသက်ခဲ့ရင် မင်းကို ငါသတိရတယ် ။ ငါ့ရဲ့ စိုက်ခင်းလေးထဲမှာ မင်းသာသာလေးဖြတ်လျှောက်
သွားပါ။ငါရဲ့ အိပ်မက်တွေ နိုးထမှာကို ငါမလိုလားဘူး။ဆန့်ကျင်ဘက် ရဲ့ အလှကို ငါမြင်အောင်ကြည့်ရအုံးမယ်။အိပ်မက်ပျိုးခင်းထဲမှာ လူတွေ ဘာလို့ လာလာပြီးငိုကြတာပါလိမ့်။ ငါ့ကိုတော့ ငိုခွင့်မပေးကြဘူးတဲ့လေ။ဟုတ်ပါပြီ ...ငိုတဲ့ မျက်ရည်မှန်သမျှ ငါရဲ့ အိပ်မက်စိုက်ခင်းထဲမှာ မိုးရေဖြစ်ပါစေ။
နှင်းရည် သောက်ချင်သော သစ်ပင်းလေးများအတွက် နှင်းရေခါးခါး ဖြစ်ပါစေ။အမုန်းမရှိတဲ့ မြို့ကို မရောက်သေးလို့ပါ ။အတုမရှိတဲ့ မြို့ကို မရောက်သေးလို့ပါ။မရောက်မချင်း ဆက်သွားရမှာ။စိတ်ကူးလို့ ရတဲ့အရာမှန်သမျှ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လှုံ့ဆော်မှု အမျိုးမျိုးကြောင့် ရောက်လာကြစမြဲပါကွယ်။
မွေးကတည်းက မှတ်လာရတဲ့ ဦးဏှောက် ခုတော့ ဘာတက်နိုင်သေးလဲ ကိုယ့်နာမည်ကိုတောင် မေ့နေတယ် ကြည့်စမ်း။စမ်းချောင်းလေး နံဘေး ထိုင်ငေးရအောင်ကလည်း ပင်လယ်ကို ချစ်မိနေတော့
ဘာမှ မသက်ဆိုင်သလို ဘာမှ မကူးစက်သလိုဖြစ်လာပြန်တယ်။တုချင်တဲ့ အစစ် နဲ့ စစ်ချင်တဲ့ အတု နှစ်ခုအကြား ဘာကိုမှ အလေးမမူတော့ပါဘူး။ ငါ့စိုက်ခင်းကို ငါ..... ငေးနေတာပဲ ကောင်းပါတယ်။
နေရု (စစ်ကိုင်း)

Sunday 18 October 2009

ပြောချင်တဲ့ စကားများ

ဖြစ်ချင်တော့ ဒီလိုပဲ။
ချိန်းပြီးကာမှ လွဲရပြန်ပြီဗျာ
သူငယ်ချင်းပြောတဲ့ စကား
နားဝမှာ ခါးသွားခဲ့လေပြီလားမသိ။
ဘာကိုမှ သတ်မှတ်ချက်မရှိဘဲ ချစ်ခဲ့တာပါဆိုမှ
စည်းကမ်းတွေက သိပ်ပြီး များနေပြန်တယ်လေ။
ရင်ခုန်တာ ချစ်မဟုတ်ရင် ဘာလဲ
ရယူခြင်း ဆိုတာ အချစ်မှန်းသိသားပဲ
ကိုယ်က ပေးဆပ်ချင်နေတာကိုး ဘာပဲဖြစ်ဖြစ်ပေါ့
အားငယ်နေချိန်မှာ သူကို အမြဲအားပေးနေချင်တယ်။
ကိုယ် ပျော်သလို သူလဲ ပျော်ရွှင်ပါစေ။
သဘာဝ မကျတဲ့ ဖြစ်စဉ်တွေကြားမှာ သဘာဝကျချင်တယ်။
မိုးရာသီ မှာ အချစ်ကို ထီးဆောင်းပြီး ရှာပေမယ့်
မိုးမိမှာ စိုးပြီး မိုးခိုမိတာ မိုးတွေ ကို စိုနေတာပဲ။
ပင်လယ်ပြင်ကို ငေးမောရင်း
ပင်လယ်ဖြစ်ချင်ခဲ့တာ ပါ။
ကောင်းကင် ကို ငေးမောရင်း ကောင်းကင်ဖြစ်ချင်ခဲ့တာပါ။
တောင်တန်းတွေပေါ်မှာ မသိနားမလည် သော်လည်း
ရိုသားမှုကို ချစ်ခဲ့တာပါ။
ဒီလိုပါပဲ .......
လွဲချင်ရင် တကယ်လွဲတက်သလို
စုံချင်ရင် လဲ တကယ်ကို စုံဆည်းတာပါ။
ဘာမှ ရေရေ ရာရာ မရှိသေးခင်တော့
ဒီလိုပဲ ဆက်ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေမှာပါပဲ။

Saturday 17 October 2009

နှင်းပြောပြသော ကောင်မလေး


တကယ်ဆိုရင် မဖြစ်သင့်တာပါ။အစကတည်းက ချစ်ခဲ့ကြတာဆိုတာ သေချာလို့လားလို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်မေးကြည့်မိ။ထိမိတဲ့ အဖြေမရခဲ့ဘူး မမြင်ဖူးလို့ မူးကို မြစ်ထင်ခဲ့တာလား။မြင်ကိုယ်တိုင်က မူးဖြစ်နေခဲ့တာလားဆိုတာ မကွဲမပြား။သရုပ်ခဲ့စရာမလိုတဲ့ အဲဒီ စိတ်ကို မှ သွားပြီး သရုပ်ခွဲခဲ့မိတာကိုးဗျ။ဒီနေ့ရောက်မှ မနက်အိပ်ယာထကတည်းက အင်တာဗျူးဖြေနေရတာ ည ရောက်ခဲ့တာတောင်မှ ငါက ဖြေလို့မပြီး အင်း ဒီနေ့လဲ မနေ့က လိုပဲဆိုရင် တော့ ငါမဟုတ်သေးဘူး။နေ့လည်အချိန်ပိုင်းက ညီမရဲ့ သူငယ်ချင်းနှင်း နဲ့တွေ့တယ်။နှင်းဆိုလို့ တောင်ပေါ်မှာတွေ့ခဲ့တဲ့ နှင်းတော့မဟုတ်ပါဘူး။သူငယ်ချင်းအတွက် သူငယ်ချင်းကောင်းပီသချင်နေတယ် ဆိုပဲ။ ကောင်းပါတယ် သဘောကျခဲ့မိပါတယ်။အယူအဆပိုင်းဆိုင်ရာတော်တော်များများ ပြောဖြစ်ခဲ့တယ်။အချစ်ကို အစိတ်စိတ် အမွှာမွှာ သရုပ်ခွဲပြနေတယ်။အင်း .... အကြောင်းတော့ ရှိမှာပါ။ဘာကြောင့်ချစ်တယ် ဆိုတာ ကိုယ်တိုင်သော်မှ မစဉ်းစားဖြစ်သေးတာ ရလာမယ့်အကျိုးဆက်ကို ကျုပ်က ဘယ်လိုလုပ်ပြီး ပြောနိုင်မှာတဲ့လဲ။မနက်ဖန် ဘာဖြစ်မယ်ဆိုတာ ဘေဒင်ဆရာတွေ ရာသီဥတု ပိုင်းဆိုင်ရာ ကြိုတင် ဟောကိန်းထုပ်သူတွေရဲ့ အလုပ်ဆိုတာ ကောင်မလေး မေ့သွားဟန်ထင်တယ်။
နှင်း...ပြောပြတဲ့ အရူးမလေးကိုအလိုလို သနားသွားတယ်။ဖြစ်ပြီးမှတော့ ဘာမှမတက်နိုင်မှန်း ကျုပ်သိပါတယ် ဒါပေသိ မှားသွားတဲ့ ဇာတ်လမ်းအတွက် ဇတ်ကောင်တွေ နာသွားတယ်ဆိုတာ သေချာတယ်။ဒီလိုဆိုရင် ကျုပ်တို့မှာ ဘာအာမခံချက်တွေ ပေးနိုင်လို့လဲ။တမလွန်ဘဝကို ရောက်လုနီးပါးဖြစ်သွားတဲ့ ကောင်မလေးရယ်။မင်းရောက်တဲ့ နေရာမှာ မင်းရဲ့ သူငယ်ချင်းတွေကိုသတိရပေးပါ။မင်းကို သိပ်ချစ်ကြတယ်ဆိုတာ သူတို့ငါ့ကို တဖွဖွ လာပြောနေကြတယ်ကွာ။ ငါရဲ့ တစ်ကိုယ်တော်ပြပွဲတစ်ခုမှာ မင်းတစ်ယောက် နှင်းပြောတာနဲ့ တင် ငါယုံသွားမိတယ်။တကယ်ဆိုရင် ကိုယ်လဲ ညီမလေး နဲ့ အများကြီး ပြောခဲ့ပါတယ်။ဒါပေမယ့် ညီမကိုယ့်ကို တစ်ခုခု ပြောချင်တိုင်း အဲလိုမျိုးတစ်ဆင့််ပြောခိုင်းတာလား။ငါ့မှာ ပြောနိုင်တဲ့ စွမ်းအားတွေပျောက်နေတယ်။ငါ့ကိုယ်ငါ အဆင်ပြေပြေ နေနိုင်တယ်ဆိုရင် ညီမကြေနပ်နေမယ်ဆိုတာသိပါတယ်။တကယ်ဆိုရင် သွေးနုသားနုအရွယ်လေးမှာ တကယ်မဖြစ်သင့်ပါဘူး။တစ်ယောက်တည်းက ရူးသွားပေမယ့် အများအတွက် မင်းဟာ စံပြဖြစ်သွားတယ်ဆိုတာ မင်းမသိနိုင်ပေမယ့် အများရဲ့အမြင်မှာ မင်းဟာတကယ့်သူရဲကောင်းပါ။
နှင်း ..... နှင်း........နိုဝင်ဘာနှင်း သိပ်ပြီးအယဉ်ကျေးဆုံးဆန်ချင်လွန်းတဲ့နှင်း.......။နှင်း...ဆိုတာ သိပ်ပြီးချစ်စရာကောင်းသလို သိပ်ပြီးတော့လဲ မုန်းချင်စရာကောင်းလွန်းပြန်တယ်။နှင်း....နှင်းကျသလောက်နဲ့ တော့ ကျုပ်ရဲ့ရင်ထဲမှာ မိုးမခေါင်နိုင်ပါဘူး။ကျုပ်တို့အတွက် မိုးမရွာတောင်မှ နှင်းလောက်တော့ ကျနိုင်လောက်သေးတယ်ဆိုပြီး ဖြေသိမ်နေခဲ့တာ။ကျုပ်က မိုးကို နှင်းအဖြစ်ပြောင်းမလို့ပါ။ရာသီဥတု ရဲ့ဆာလောင်မှုကြောင့်မဟုတ်ပါဘူး။ကျုပ် စိတ်ရဲ့ဆာလောင်မှုကြောင့်ပါ။တကယ်ဆိုရင် အဲဒီနေရာမှာ ရူးသွားတဲ့ ကောင်မလေးလူမဖြစ်သင့်ဘူး။ကျုပ်ညီမ ကျုပ်ကို ဘာလို့ပြောမပြတာလဲ။နေ့စဉ်တွေ့နေကျ အချိန်ရောက်ရင် ပုံမှန်သတိရနေတာ သာယာမှုတစ်ခုလား။သာယာမှု နဲ့ မသိစိတ်တို့ရဲ့ဖြစ်စဉ်ကို နှင်းမသိတာဖြစ်မှာပါ။ပုံမှန်ဖြစ်စဉ်တစ်ခုထက် ပိုလွန်တဲ့ ကျုပ်တို့ရဲ့အသက်ရှူလွဲမှားမှုကို ကျုပ်တို့ပဲသိလိမ့်။ တကယ်ဆိုရင် ရူးသွားတာမှ ကောင်းပါသေးတယ်။ကျုပ် ငယ်ငယ်က အရူးကြီးတွေကို ကြည့်ပြီး အားကျဘူးတယ်။သူတို့က သိပ်ပြီး လွတ်လပ်တာပဲ ဆိုတဲ့ အတွေးပေါ့။ခု .... သိနားလည်လာတဲ့ အချိန်ရောက်ပြန်တော့လဲ အရူးတွေကို ကြည့်ရတာ သိပ်ပြီးအားရစရာကောင်းသလိုလို အရူးကားတွေကို ကြည့်ပြီး ကိုယ့်ကို ကိုယ်ဖြစ်ညစ်ပြီး ရယ်နေရတာ ခဏ ခဏ ပါပဲ။အရူးစာတွေ ဖတ်ပြီး ရယ်လိုက် မောလိုက်နဲ့ ဘဝက အရူးတစ်ယောက်ရဲ့ ထမင်းတစ်နပ်စာလောက် မသေချာသလိုဖြစ်လာတယ်။သူငယ်ချင်းတွေ ပြောသလို သေချာပြီ မင်းဆိုက်ကို ဝင်နေပြီ တဲ့။စိတ်ပိုင်းဆိုင်ရာ အားနဲ ချို့တဲ့သူတစ်ယောက်မှာ ပုံမှန်စိတ် မူမှန်စိတ် မရှိတာတော့ သေချာတယ်။မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ အဝင်မခံဘူး။လူလူချင်း စကားပြောစရာမလိုတဲ့ ခေတ်ရောက်မှာ ချစ်တယ်ဆိုတဲ့စကားပြောမလို့ပဲ။မဖြစ်နိုင်မှန်းသလို့ စိတ်ခံစားမှု အရ စိတ်ချင်းပဲ အဆက်သွယ်လုပ်တော့မယ်။ရူးသွားတဲ့ ကောင်မလေး ရယ် ...နှင်း ဆိုတဲ့ ကောင်မလေး ရယ်.. နောက်ပြီး .................ကောင်မလေး ရယ် အနာမရင့်ခင် အကောင်းဆုံးဆေးနဲ့တွေ့ပါစေဆိုတာ ဆန္ဒပြုလိုက်ပါရစေ။

Sunday 11 October 2009

ခဏလေးမှာပါ

အဖြစ်အပျက်က မြန်ဆန်လွန်းတယ် ။ခဏလေးတွေ ဘယ်လောက်ကြာသွားတယ်ဆိုတာကိုတောင် မမှတ်မိလိုက်ဘူး။နောက်ပြီး ကိုယ့်ကိုကိုယ်အသက်ရှူနေမိသလားဆိုတာတောင် မသိလိုက်ဘူး။တကယ်ပါ။အဖြစ်က မြန်ဆန်လွန်းသလို အပျက်က မြန်လွန်းတယ်။အဖြစ် နဲ့ အပျက်များကြား ကျုပ်က အသက်ရှူဖို့ မေ့နေတယ်။ရုတ်တရက် ကားတိုက်မှုတစ်ခုပါ။သီဟိုဠ်ကျွန်းလေးပေါ်မှာဖြစ်တာပါ။ခရီးတစ်ခုက အပြန်မှာ ဖြစ်တာပါ ဖြစ်ပုံက ဒီလိုပါ။သုံးလမ်းသွား ကားလမ်းမ ပေါ်မှာ ကလေးများ အုပ်စု ငါးယောက်ခြောက်ယောက်ခန့်ရှိမယ် ထင်တယ်။အဖြစ်အပျက်ဖြစ်တဲ့ နေရာမှာ မီးပွိုင့်မရှိပါဘူး။နောက်ပြီး လူကူးမျဉ်းကြားမရှိဘူး။ကလေးတွေက တစ်ယောက်ကို တစ်ယောက် လက်ချင်းယှက်နေကြတယ်။တစ်ယောက်ကို တစ်ယောက်လဲ မကူးကြဖို့ တားနေကြတယ်။ကျုပ်တို့ ကားသမားကလည်း ဟွန်းကို အဆက်မပျက်အသံပေးနေပါရဲ့။ဒါပေမယ့် ဖြစ်ချင်တော့ ကလေးတွေ တားနေတဲ့ကြားက ကလေးတစ်ယောက်က ဇွတ်ထွက်လာပါတယ်။ပြီးတော့ ကားနဲ့ ဝင်ပြီးတိုက်တော့တာပါပဲ။တကယ်ပါ ကိုယ်ရှေ့မှာ ဖြစ်တာပါ။လမ်းဘေးမှ ကုလားများ ဝိုင်းအုံပြီးလာကြပါတယ်။ ကားသမားက တည်တည်ငြိမ်ငြိမ်လေးရယ်ပါပဲ။တုန်လှုပ်မှုမရှိပါဘူး။နောက်ပြီး ဘယ်သူ့ကိုမှ ဘာမှ လဲ မပြောပါဘူး။နောက်ပြီး တောင်ပန်မှုတွေ ဘာတွေ လဲ မလုပ်ပါဘူး။ကလေးကို ပွေ့ချီလို့လာပါတယ်။ကားခေါင်းထဲမှာ ဒဏ်ရာရနေတဲ့ ကလေးကို တင်လိုက်ပါတယ်။နောက်ပြီး ..အနီးအနားရှိ လူကြီးတစ်ယောက်ကို ခေါ်ခဲ့ပါတယ်။ဆေးရုံ အနီးဆုံးဆေးရုံကိုသာ အမြန်ဆုံးမောင်းနှင်ပါတော့တယ်။သိပ်ပြီး သင်ခန်းစာ ယူစရာကောင်းပါတယ်။အရေးကြီးလာရင် ငါဘာလုပ်ရမယ်ဆိုတာ သိပ်ပြီးအရေးကြီးပါတယ်။နောက်ပြီး တော်တော် လေး ပေါ့ပေါ့ဆဆ နေခဲ့မိတဲ့ ကိုယ့်အဖြစ်ကို ပြန်ပြီးသတိပေးနေသလိုပါပဲ။ဟုတ်တယ် ခုတစ်လော ဘာဖြစ်နေမှန်းမသိဘူး။ရာသီအလိုက် ရူးသွပ်မှုလို့ပြောရအောင်ကလည်း မဖြစ် ။နွေရာသီဆန်လာတဲ့ နှလုံးသားက တစ်ခုခုကို တောင်းဆိုနေရင် ဘာမှ ထည့်မရဘူး။သေချာတယ်။စာအုပ်တွေ ဖတ်ချင်နေတာ ကြာပေါ့။စိတ်ထွက်ပေါက်တစ်ခုအတွက်စိတ်ကို အဆာကြွေးရမယ်။
ခဏလေး အတွင်းမှာ ဖြစ်သွားတဲ့ ကား နဲ့ လူ တိုက်မှုကိုကြည့်ပြီး အင်း ငါဘာလုပ်သင့်တယ် ဆိုတာ စိတ်ထဲမှာ သဘောပေါက်လိုက်တယ်။လူတိုင်း ဖြစ်နိုင်တယ်။ဘယ်အရာမဆိုပေါ့။ခဏလေးအတွင်းမှာ အရာရာဟာ ရေးကြီးသုတ်ပြာဖြစ်သွားနိုင်တယ်။လူဆန်တဲ့ လူသားဆန်မှုအတွက် ကျုပ်တို့ လူတွေကို ချစ်တက်ရမယ်။အရေးကြီးတဲ့ အချိန်ဆိုတာ သတ်မှတ်ချက်မရှိပါဘူး။ကိုယ့်ရဲ့ ဦးတည်ချက်အပေါ်မှာ ပဲ မူတည်မယ်လို့ထင်တယ်။ကလေးလေး ကားတိုက်ခံရတဲ့ ကလေးလေးဘာမှ မဖြစ်နိုင်ဘူး။မသေနိုင်ဘူး။ဦးဏှောက်ပိုင်းဆိုင်ရာ နဲနဲတော့ ဒဏ်ရာရသွားမယ် ထင်တယ်။စကားတွေ အများကြီးပြောပြီး ငြင်းခုန်မနေကြပါဘူး။ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။တကယ်လဲ အထိရောက်ဆုံးပါ။လူသား အားလုံးသက်ရှိ သတ္တဝါ အားလုံး ဘေး အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။နောက်ပြီး သူများမထိခိုက်ဘဲ ကူညီမှုများစွာပေးနိုင်ပါစေ။ အစဉ်အမြဲ မိမိကိုယ်ကို သတိထားနိုင်ကြပါစေ။ကိုယ်ဖြစ်မှ ကိုယ်နာတယ် မထင်ပါနဲ့။သူများဖြစ်လဲ နာတက်ရတယ် ။ကိုယ်ချင်းစာတရားဆိုတာ ဒါကို ပြောတာပါ။တကယ်လက်တွေဆန်သော အလုပ်များ တကယ်ကူညီမှုပေးနိုင်သော အလုပ်များ နဲ့သာ ပျော်ရွှင်ကြပါစေ။

Sunday 4 October 2009

ဖတ်ချင်သော စာများ

(၁)
၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ်ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။
သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူများ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ ကတ္တရာစေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာ ထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာ သေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များ သည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံမှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော်ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျွန်တော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျွန်တော့်ထံ ပြေးလာလေပြီ။ အလို....။


'ဖြေးဖြေးမောင်းပါဗျာ'
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။
မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန်တက်သွားကြလေပြီ။
လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက် ရသည်။ စောစောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျွန်တော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျွန်တော့်အား သူ့လိုမတ်ရန် အားစွမ်းကူး ပေး လိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဍာန်ကို ဖျတ်ခနဲ မြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ် အကြောတလျောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့အာဏာ ရရေး။
ကျွန်တော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက်မောင်းနှင်သွားသည်။ ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲ့ကြပေပြီ။ ကျွန်တော့်အာရုံထဲတွင် အလုပ်သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ်လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန် သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန်တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလခေတ်က ပြည်ထောင်စု ကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့်မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။
ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျွန်တော့်နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခုနှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။
ကျွန်တော်ကား ရင်တဒိတ်ဒိတ်ခုန်လျက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာ တေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။

'ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော.......'

(၂)
ကျွန်တော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ်က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျွန်တော့်ထက်များစွာ ကြီးသည်။
ကျွန်တော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသော စာပေများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းက ဖြစ်သည်။ ဆရာကြီး၏ စာများကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက်ခဲ့၏။ ကျွန်တော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည်။ ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။
၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်းကောက်ဋီကာ စာအုပ်ကို လိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့ အကြုံသည် ကျွန်တော့်အား ဆရာကြီးထံပါးသို့ ပို့ဆောင်လိုက်လေပြီ။

'သြ....... ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
.............................
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့'

လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။
ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခအဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။
ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌

'မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ'

စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။
ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ်စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု)သည် ၁၉၂၀ ပထမ ကျောင်းသား သပိတ်၌ တံခွန်စိုက်ခဲ့သည်။
ထိုအခါ နယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူးများပေး ကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာ အသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး 'အတွင်းဝင်ပူးသတ်ရမည်' ဟုဆိုသော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင်ပုကျော်ဂိုဏ်းနှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေးပြိုကွဲသောအခါ ဗဟန်း ကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက.....

'လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်တကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော့......'

-ဟု ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။
၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား လက်နက်ကိုင်သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမားသူပုန်ကြီး အား......

'ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့'

ဟု အလေးပြုခဲ့ပေသည်။
လယ်သမားသူပုန်ကြီးပြီးနောက် တို့ဗမာအစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ 'မစ္စတာမောင်မှိုင်း' အမည်စွန့်၍ 'သခင်' အမည် ခံလိုက်လေသည်။

'တို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်..... သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ.....'

၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထုလှုပ်ရှားမှုကြီးဖြစ်ရာ တို့ဗမာအစည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ဆန့်ကျင်ရေး အင်အား ဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။

'သြော်.... အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
....................................
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ'

ကျွန်တော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာခဲ့ရသည်။ ဆရာကြီးမှာ ကျွန်တော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေသည်။

(၃)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေး ဘက်ကသာ နေသည်။
ကျွန်တော်တို့မီသော တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။
ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က......

'သြော်...... ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်......'

ဟု ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီ ရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူးပေါင်းသွားသောအခါ....

'ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်... ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး'

ဟူ၍ ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။
ဂျပန်ခေတ်၌ကား ကျွန်တော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ တို့ဗမာအစည်းအရုံး ဥက္ကဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ်ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီးတဆူ ဖြစ်ပေသည်။
ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို.....

'ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်.... ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို... အဓိပတိကြီးရဲ့
မအေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်.... တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား'

စသည်ဖြင့် ဟာသဥာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်.....

'လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်... အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့....'

စသည်ဖြင့်.... နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေးအရ မလွတ်လပ်ပုံကို နားလည်ပေသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေး ဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။
ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သည်နှင့် ပတ်သက်၍ ဆရာကြီးက......

'တို့ဗမာ သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့.......'

စသည်ဖြင့် တို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။

(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက်ဝိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည်အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။
ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို နားလည်ကာ ခင်လာပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိုရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။
ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေးအကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သောအစုတို့ လမ်းခွဲသောအခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့် ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမား များနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။
ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သော ခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။
ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့်ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ ရာဇ၀င်ခန်းကုန်၍ နောက်တွင် ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄-၅ နှစ် တက်သစ်စ တိုးတက် တော်လှန်သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။
ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်းဖြစ်သည်။ ဖိနှိပ်သော လူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။
တချိုက ဆရာကြီးကို 'ခေါ်ယင်လိုက်တာဘဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ' ဟု ယူဆကြသည်။
ကျွန်တော်က ဤကဲ့သို့ မမြင်။
ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်က ခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မှီဦးမည်နည်း။
ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ်သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း 'ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာတယ် ပြောကြတာ ဆရာသိသားဘဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံပါ့မယ်'
ကျွန်တော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲ ထိခိုက်မိလာသည်။
ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။
ဆရာကြီးသည် ရှုပ်ထွေးပွေလီသော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ.......

'သြော်.... သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်... တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်... ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်.......'

စသည်ဖြင့် ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဆရာကြီး၏ ဘ၀ အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်းကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအရုံးနာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင်ဘဲ နေနိုင်မည်နည်း။
ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။
နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြောတခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှ နေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန်သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။
ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့စာပေ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။
ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက်ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။
ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုး လာသည်။

(၅)
ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက် သည်။
စိမ်းသော သစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျား ထဲမှ နေ၀န်းနီနီသည် ကျွန်တော့်ထံ ပြေးလာ၏။

ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။
{ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်}
မှတ်ချက်။ ။ Maya Magazine မှကူးယူဖေါ်ပြသည်။

Friday 2 October 2009

နေဝင်ချိန် နှင့် လ ထွက်ချိန်


ဒီတစ်ရက်ပြီးဆုံးခဲ့ရင် နောက်တစ်ရက်ဆိုတာရောက်လာမှာပေါ့။အဲဒီထက်မက စဉ်းစားချင်သေးလို့လား ရတယ်လေ ကြိုက်သလို စဉ်းစား နှစ်သက်သလို တွေး ပျော်သလို လုပ် ကြေနပ်သလို ခံယူ ဒီထက်ပိုပြီး ဘာဖြစ်လာအုံးမယ် လို့ မျှော်လင့်နေသေးလို့လဲ။ဘာမှမဟုတ်တာကြီးလို့ ပြောရအောင်ကလဲ ကိုယ်တိုင်က ဘာမှ မဟုတ်သေး ဟာ ဟုတ်လိုက်တာလို့ ထင်မြင်ယူဆ ရအောင် လဲ ကိုယ်တိုင်က ဘာမှ ဘာမှ မဟုတ်သေး။ တရေးရေး စဉ်းစားခါ မှ ပေါ်လာတဲ့ အဖြေဟာ အိပ်မက်ဆန်လွန်းပါတယ်ဗျာ။လက်တွေ အတွေ့အကြုံတွေ ပြောနေရအောင်ကလဲ ကိုယ်တိုင်ကိုယ်က လက်တွေ့မှာ အိပ်မက်မှ နိုးထသူ မဟုတ်သေး။စာသင်ခန်းထဲမှ အသံတွေက ကျက်နေရသေးတဲ့ လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး သင်ခန်းစာတွေ ပေးနိုင်မှာတဲ့လဲ ။ ကျုပ်ကိုယ်ကျုပ်ပြေနေတာပါ။ဖြစ်စဉ်တွေက ရိုးရှင်းလွန်းတော့ လဲ ကိုယ့်ဖာသာကို ရှုပ်ထွေးလို့သွား ။ ကဲ ကိုယ့်လူ .... တွေဝေမနေနဲ့ ။အချိန်မရှိဘူး လူဘဝက တိုတိုလေးရယ်နော့ ။လက်ခံခြင်း လက်မခံခြင်းက အရေးမကြီးသလို လက်ခံဖို့အတွက်လဲ စိတ်ကူးနေတာ မဟုတ်။ ဒါဆို ရင် ကျန်တာတွေ ဘာမှ မတွေးဘဲ နေဝင်းချိန် နဲ့ လ ထွက်ချိန်မှာ ငါ ဟာဘာလဲ ဆိုတာ တွေးကြည့်မယ်။
မထူးဆန်းတာတွေ က ထူးဆန်းလာ။ထူးဆန်းတာတွေက ရိုးအီလို့ သွား။ရွေးချယ်မှု မှားခဲ့တာလား အမှားကို ရွေးချယ်ခဲ့ကြတာလား။တစ်ခုခု တော့ ဖြစ်မယ်ထင်တယ်။နေတက်ရင် ကြေနပ်စရာ ဆိုပေမယ့် မနေတက်တဲ့သူအတွက်ပြောတာပါ။တစ်ယောက်ယောက်ဖြစ်ချင်ဖြစ်မှာပေါ့။မဖြစ်ချင်လဲ မဖြစ်ဘူးပေါ့ ဗျ။
ဘာအရေးကြီးလို့ လဲ။မပြောမပြီးဆိုတာ နဲ့ ပြောတိုင်းလဲ ပြီးမယ်လို့ ထင်လို့လား။ဒီလိုပါပဲ တီးတိုင်းလဲ မမြည်တဲ့ အရာတွေ အများကြီး။နေမဝင် အလွမ်းတစ်ခုအတွက် ဖတ်ကောင်းအောင် ရေးနေတာ မဟုတ်တာတော့ သေချာတယ်။သတိရတယ် လွမ်းတယ် ဆိုတာ အလုပ်မရှိသူတွေရဲ့ အလုပ်တဲ့ ကြားဖူးတာပါ ။ကြာလေ မှန်လေ ပါပဲ။သတိတရ အလုပ်သမား အလွမ်းအလုပ်သမားတစ်ယောက်အတွက်မဟုတ်ပါဘူး အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အရာမှန်သမျှ ငါနဲ့လည်း အနည်း နဲ့ အများဆိုသလို ဆိုင်နေမယ်ဆိုတာ ကျိန်းသေတယ်။ဆိုလိုချက် နဲ့ အသံမှာ ဘယ်ဟာ အရေးပါသလဲ ဆိုတာ စဉ်းစားတက်ယုံနဲ့ တကယ်သဘောတရားကို မရောက်သေးတာတော့ သေချာတယ်။
တစ်နေ့ရဲ့ အဆုံးမှာ နေဝင်ခြင်းဟာ မထူးဆန်းဘူးဆိုပေမယ့် ည ကို မျှော်လင်နေသူအတွက် စောင့်နေရတာ ကြာရင်ကြမယ် ။ နေထွက်ချိန်ကို စောင့်နေတာက အဲဒီ ညတွေပါ။သိပ်ပြီး မှောင်လွန်းတဲ့ ညတွေရယ်ပါ .....။ အမှားအမှန်အတွက် ကျုပ်မှာ ဆွေးနွေးစရာ မရှိပါဘူး။ကျုပ်ကိုယ်တိုင် သိပ်ချစ်တက်လွန်းလို့ သိပ်ပြီး မုန်းနေရတာ ဆိုရင် ဘယ်လိုမှ နားထောင်လို့ မကောင်းပါဘူး။ ကျုပ်တို့ အများကြီး လိုသေးတယ်ဆိုတာ သေချာရင် လိုအပ်နေတာလဲ လေးတွေဖြည်းဆည်းရင်း ကျုပ်တို့ရဲ့အာသာ ဆန္ဒတွေကို ဖြည့်ဆည်းနေကြမှာတဲ့လား။ စိတ်ဖြေစရာတစ်ခုအတွက် စိတ်အများကြီးရှုပ်ထွေးနေစရာ မလိုပါဘူး။ကိုယ်တိုင် ရှုပ်ထွေးနေလို့သာ အများကြီးရှုပ်ထွေးနေကြတယ်လို့ပဲ ကိုယ့်ကိုကိုယ်ပြောချင်တယ်။
ကဲ နေဝင်ချိန် နဲ့ လ ထွက်ချိန်မှာ ကျုပ်တို့ အကောင်းဆုံးပြင်ဆင်ကြပါစို့...........။အဲဒီ ထက်ပိုပြီး စိတ်ရှင်းကြပါစို့ .......................။