မင်္ဂလာပါ......

Saturday 20 February 2010

ပြည့်နှံ့နေတဲ့ ပုံရိပ်

ကျုပ်ရဲ့ ကိုယ်ပေါ်မှာ သူ့ပုံရိပ်များနဲ့ ခြုံလွှမ်း
ကျုပ်နားထဲမှာ သူ့အသံများနဲ့ ပြည့်လျှံ
ကျုပ်ပါးစပ်ဖျားမှာ သူ့နာမည်များကို
ခဏ ခဏရွက်ဆိုနေမိ။
ကျုပ်သွေးထဲမှာ သူကအမြဲလွှမ်းမိုး
ကျုပ် စိတ်ထဲမှာတော့ သူ့စီမှာပဲတစ်ချိန်လုံး
ကျုပ်လက်ဖျားမှာ သူ့အနုအလှတွေနဲ့သွယ်လျှ
ကျုပ်ခြေထောက်မှာ သူ့စီဦးလှည့်
ဘာဖြစ်ဖြစ် သူဖြစ်ချင်တာ ဖြစ်နေတဲ့ ဘဝ
ဘာအတွက်နဲ့ ကျုပ်တို့ငိုကြွေးနေရမှာတဲ့လဲ။
တစ်ချို့လူတွေ အတွက် ရင်ကော့ ခေါင်းမော့ပြီး
ခပ်တင်းတင်း ကြည့်ပစ်မိတယ်။
ဘာဖြစ်သွားမယ်ဆိုတာမှ မသိတာ
နှစ်ဦးသဘောတူ ကြေနပ်မှုယူပြီးသာပဲ
ဘာကို စိတ်ထဲမှာ ထားရမှာလဲ
သူများအပေါ် မကောက်ကျစ်ဘူး
သူ့အပေါ် ပျက်စီးရာ ပျက်စီးကြောင်း မကြံစည်ဖူးဘူး။

ဒီလောက်နဲ့ ပြည့်စုံလုံလောက်ပြီလို့
မထင်ခဲ့ပါဘူး တကယ်လို့များသာပေါ့...
အမေ့ရွာလေးကို ပြန်ချင်တဲ့ စိတ်တောင်မေ့မေ့နေတယ်။
မနက်ဖန်တွေ ရှိနေသေးတယ်
အိပ်မက်တွေ ယှဉ်သန်ဖို့ နိုးထဖို့ဆိုတာ
အားလုံးကိုယ့်အပေါ်မှာ တည်မှီနေတယ်ဆိုတာ
သူ့အရိပ် ကျုပ်အပေါ်က မခွါသေးခင်ထိ သေချာတယ်။

နေရောင်ခြည်ရယ် သိပ်ပြီးနုညံ့လွန်းတော့
ခံယူ ထိတွေ့ရမှာ မဝံ့မရဲဖြစ်နေတယ်။
အားလုံးပုံအောပြီး လောင်ကြေးထပ်ခဲ့တာ မဟုတ်တော့
အနိုင် ၊ အရှုံးဆိုတာ ကျုပ်နဲ့ သူ့ကြား ပါးပါးလေးပါ။
တစ်ခမ်းလုံး သူ့ပုံရိပ်တွေနဲ့ ပြည့်နေတယ်
ညတိုင်း နေ့တိုင်း မျှော်နေရတာကိုက
ပျော်စရာ ကောင်းလာတယ်။
အဲဒီ ပုံရိပ်တွေမှာ ဘယ်လို အရိပ်မှ မထင်ကျန်စေချင်ဘူး။
အလင်းရောင်က မှုံပြပြ ဖြစ်နေတော့
တစ်ယောက်စိတ်ကို တစ်ယောက်သိဖတ်ကြည့်မိတယ်
ဘယ်သူနဲ့မှ ဖြစ်စဉ်ခြင်း မတူမှတော့
သူ့ပုံရိပ်တွေကို ဘယ်တော့မှ မမေ့တော့ဘူးဆိုတာလေးပါပဲ။

Thursday 18 February 2010

ခရီးတစ်ကွေ့...

အချိန်မှန်တွန်နေကျ ဥသြသံတွေ
နားမထောင်မိတာ ကြာပေါ့
အော် ဘာလိုလို နဲ့ တစ်နှစ်သားလေးအဖြစ်
ရောက်မှန်းမသိ ရောက်လာခဲ့တယ်။
အသက်က မကြီးသေးတော့
ရင့်ကျက်မှုဆိုတာ ကျုပ်နဲ့ အဝေးကြီးမှာပါ
လူပြောသူပြောများလွန်းတဲ့
အရာတွေကို ဘာလို့လိုက်ပြီးအားကျနေပါလိမ့်။
မလိုချင်လည်း ရောက်လာမယ့်မနက်ဖန်
ပုံမှန်အတိုင်းရင်ဆိုင်လိုက်ရုံမှတစ်ပါး
ဘာမှ မရှိပါဘူး။

အပူသည်ချင်း အတူတူ
ဟန်လုပ်ပြီး ပြုံးမပြတက်ဘူး။
ဟန်ဆောင်ရတာ ပင်ပန်းပြီး ကြာရှည်မခံခဲ့တော့
မျက်နှာကြောတွေက တင်းလာတယ်။
နောက်ဆုံးတော့ ပင်လယ်ထဲကိုစီးဝင်ခဲ့ကြတယ်လို့ဆိုကြတယ်
စီးမျောလာခဲ့တဲ့ အနှစ်သုံးဆယ်
ခုမှ အထင်ကြီးစိတ်ကို မုန်းတီးခဲ့တာ
တစ်နှစ်ပဲ ရှိသေးတယ်။

ရိုးသားမှုဆိုတာ ခဏလောက်ငှါးယူလို့မရဘူးဗျ။
သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်
လူဆိုတာ ကြော်ငြာပစ္စည်းတစ်မျိုးပဲ တဲ့
ကျုပ်လို လူညံ့တစ်ယောက်ကို
ဘယ်လို ကြောငြာရပါ့။
မဟုတ်တာကြီးကို ဆက်ပြီး မလုပ်ချင်တော့ဘူး။
ကြီးလာရင် ပြင်သွားလိမ့်မယ်ဆိုပဲ
ကိုယ်ပေါ်မှာ အစာအိမ်အတွက် သွေးစုပ်တဲ့
ခြင်တစ်ကောင်ကို စာနာကြည့်မိတယ်။
လူတွေက မကောင်းကြဘူး အကိုယ်ရယ် တဲ့
ဒါဆိုရင် အကိုယ်တို့ကောင်းရမယ်ပေါ့
ညီမရဲ့ စကားကို လူပိန်းတစ်ယောက်ထက်ပိုပြီး
ကျုပ် ဘာသာမပြန်တက်ခဲ့ဘူး။

ညတိုင်းလည်း ပူတယ်
နေ့ဆိုရင် ပိုပူတယ် အဲဒါထက် ကျုပ်ပိုပြီးပူတယ်
ဘယ်စီကို ဆက်ပြီးရွက်လွှင့်ရအုံးမယ် မသိ
အားလုံးကို ကြောင့်ကြမဲ့ နေချင်လို့ထွက်ခဲ့တာမဟုတ်ဘူး။
နယ်ပယ်သစ်မှာ အတွေးသစ် စိတ်ကူးသစ်အတွက်
နေ့တိုင်းလိုလို တော်လှန်ချင်ခဲ့တာ။
ဒါပေမယ့်....ကိုယ့်ကို ကိုယ်မတော်လှန်နိုင်သေးဘူး
စကားလုံးအကြီးတွေ မသုံးဖြစ်တော့ဘူး
အခွင့်အရေးပေးတာ များလွန်းနေပြီ
ဒီလောက်ခံသာတဲ့ ကိုယ့်ကိုကိုယ်ပဲ ကြေနပ်တယ်။
ဘာကိုမှ မျှော်လင့်ပြီး မငိုကြွေးတော့ပါဘူးမိချော ရယ်။
ခရီးတစ်ကွေ့မှာ ငါတို့တွေ
လက်တွဲတွေ မဖြုတ်သေးဘူးဆိုတာ သေချာနေပြီ ပဲ။
အားနဲ ချိနဲ့သူကို အလစ်ချောင်းသုတ်တဲ့ထဲမှာ
မပါသေးတော့ သေချာတယ် ဒီလောက်နဲ့တော့ မပြီးသေးဘူး။
ငါအများကြီး ကြိုးစားရမယ်ဆိုတာသေချာတယ်။
ခရီးတစ်ကွေ့လေးမှာ
မင်းတစ်ယောက်ကိုတော့ မမေ့သေးဘူးဆိုတာပါ။
ငါလည်း စာမရေးဖြစ်တာ ကြာပြီ။
အားပေးဖော်ရတာ ကျေးဇူးပါလို့.............။

Friday 12 February 2010

ပျက်သားတယ်ဆိုတဲ့ စိတ်


(၁)
ကိုယ့်အရေခွံကို ညအိပ်ရာဝင်မှကြည့်မိတယ်
အတော်လေးထူနေတာ တွေ့ရတယ်။
ဒါနဲ့ အိပ်မရလို့ဆိုပြီး
အခမ်းပြင်ထွက်လမ်းလျှောက်ပြန်တော့
ဆိုးထားတဲ့ အရောင်တွေက မှောင်နေတယ်။
ကိုယ့်မျက်စိကို ပြန်ပွတ်ကြည့်မိတယ်
အမြင်မှားနေတာလားဆိုပြန်တော့
မဟုတ်ပြန်ဘူး။
(၂)
တကယ်ဆိုရင် အရသာမရှိတဲ့အချိန်တွေစားသုံးနေမိ
တစ်ထွာလောက်ရှိတဲ့ လျှာကိုအလိုလိုက်ပြီး
ပြောတာမဟုတ်ဘူး။
စိတ်မြန်လွန်းတဲ့ ကျုပ်တို့အမျိုးကို
ပြောတယ်ဆိုတာ မလွန်ဘူး။
ကိုယ့်ကိုကိုယ်လည်း အားမရဘူး ပြီးတော့..
ကိုယ့်ကိုကိုယ် အားမရဘူး။
(၃)
သိပ်ပြီးလူမှုရေးခေါင်းပါတဲ့ ကျုပ်က
ဘာလို့ စိတ်တွေတင်းနေရတာလဲ။
အဲဒီလိုပဲ ဖြစ်မှာပါ
ကျုပ်ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်
ကျုပ်လေးစားခဲ့တဲ့ လူတော်တွေ
ကျုပ်ကို အားပေခဲ့တဲ့ မိတ်ကောင်းဆွေကောင်းတွေ
ကျုပ်နဲ့ ကောင်းတူဆိုးဖတ် ဘော်ဒါတွေ
ခေါင်းပါးတဲ့ လူမှုရေးကို တင်းနေတဲ့ စိတ်နဲ့
တက်နိုင်သမျှ မှောင်သထက် မှောင်သည်ထိ
ဆေးဆိုးကြည့်မယ်။
(၄)
ဘာမှ မမြင်ရတော့ရင်တော့
အလင်းရောင်လာမယ့်စီကို မျှော်ကြတာပေါ့။
လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းကို
ကျုပ်တို့တွေ လက်ချိုးရေတွက်နေဖို့လိုမယ်ထင်လား။
ကျုပ်ကိုကျုပ် ဘာဆိုတာ မသိဘူး
ဘယ်သူ ကောင်းသလဲ ဘယ်သူ မကောင်းဘူးလဲဆိုတာ
ကျုပ်သိဖို့မလိုဘူး။
မသေချာတာတွေနဲ့ တည်ဆောက်ထားတဲ့ ကျုပ်ကိုယ်မှာ
ကျုပ်လည်း မသေချာတာတွေ ပြောတက်လာပြီ။
မရေရာတဲ့ အရာတွေ စိတ်ကူးယဉ်တက်လာပြီ။
ကောင်မလေးတစ်ယောက်ပြောသလိုမျိုး
ဗေဒင်ဆရာရဲ့ စကားကိုယုံလိုက်ရင် ကောင်းမလား။
(၅)
အဲလိုမျိုး မပျက်သားတဲ့စိတ်တွေကြောင့်
အချိန်ကုန်ခံပြီး ထင်ရာမြင်ရာ ပြောတက်တဲ့လူတွေရဲ့ ပါးစပ်များ
အမျိုးမျိုး ဖြစ်နေတာထင်ရဲ့။
မပျက်သားတဲ့ စိတ်ကို နာနာပွတ်ပေးမှတော်ကာကျမယ်။
စိတ်ကိုလာဆွပေးတက်တဲ့ အာရုံမရှိဘူး။
အဆိပ်မရှိတဲ့ သတ္တဝါလိုမျိုး
အားလုံးကို သဘောကောင်းလိုက်တာပဲ ကောင်းပါတယ်။
နောက် အနှစ် ၅၀ ဆိုရင် ကျုပ်တို့ရဲ့ ပျက်သားတဲ့ စိတ်တွေ
မပျက်သားတဲ့ စိတ်တွေ ဘယ်ရောက်နေမယ်ဆိုတာသိချင်လိုက်တာ။

Saturday 6 February 2010

ဆန်းဒေးစကူးအိပ်မက်


အိပ်မက်တဲ့.........တဲ့။တစ်ချို့ကြပြန်တော့..............စိတ်ကူးဆိုပဲ။အခြားသူတို့က..........ရောက်မလာသေးတဲ့ အနာဂတ်လို့ပြောကြပြန်တယ်။အိပ်မက်ပဲ ဆိုဆို ၊စိတ်ကူးလို့ ပြောပြော ၊အနာဂတ်ဟု မိန့်မိန့် ဒီနေ့မနက် အိပ်မက်ကတော့ လှပလွန်းတယ်။နယ်စပ်မြို့လေးက မြို့လယ်ခေါင်တစ်နေရာရဲ့ အခမ်းကျဉ်းလေးထဲမှာပါ လူတစ်ယောက် အိပ်နေချိန်အတွင်းကျောင်းသူ ၊ ကျောင်းသားများရဲ့ နိုင်ငံတော်သီချင်းဆိုပြီး နှိုးနေကြတဲ့ သီချင်းသံ ၊ ယဉ်ကျေးမှုမင်္ဂလာကဗျာများ သီဆိုပြီး မင်္ဂလာယူနေကြသော မင်္ဂလာမောင်မယ် ကျောင်းသူ ၊ကျောင်းသားတို့ရဲ့ မာန်ပါသော တက်ကြွသော တေးဂီတကို နားသောတဆင်ရင်း နိုးထခဲ့ရပါသော ကြိုးစားခဲ့ရပါသော မနက်ခင်းများစီသို့ အခမ်းကျဉ်းလေးထဲမှ အပြေးကလေးရောက်သွားမိတယ်။ဒီမှာတော့ ဆန်းဒေးစကူးဆိုတဲ့ အရေးပါ အရာရောက်တဲ့ ပညာရေးကဏ္ဍမှာ ကျောင်းများစီသို့ရောက်လာကြသော မင်္ဂလာမောင်မယ် ကျောင်းသူ ၊ ကျောင်းသားများ သူတို့လည်း သူတို့ယဉ်ကျေးမှု နိုင်ငံတော်သီချင်းဆိုနေချိန် ကျုပ်လည်း ကျုပ်နိုင်ငံက ဟိုအဝေးကြီးတောင်ပေါ်နယ်စပ်မြို့လေးကို အိပ်မက်ထဲမှာရောက်သွားမိတယ်။ အိပ်မက်ထဲမှာတော့ သူတို့ကခပ်စိမ်းစိမ်းကြီး စိုက်ကြည့်နေကြတယ်။မသိသလိုပုံစံမျိုးနဲ့ပါ။စိတ်ထဲမှာ နဲနဲတော့ နင့်ကနဲဖြစ်သွားတယ်။ဟိုမှာတုန်းစီက အေးချမ်းမှုနံနက်ခင်းများ နွေးထွေးမှု နံနက်ခင်းများ ညင်သာမှုနံနက်ခင်းများ ၊ စိမ်းလန်းမှုနံနက်ခင်းများ ၊ အပြစ်ကင်းမှုနံနက်ခင်းများ ၊ သင်ယူမှုနံနက်ခင်းများ ၊ အော်.......ဘာလိုလိုနဲ့ သူတို့နဲ့ခွဲခဲ့တာ ၂ နှစ်ကြီးများတောင်ရှိသွားပါလား။ရောက်သွားတဲ့ နံနက်ခင်းက သာယာပြီး အေးချမ်းလွန်းတော့ကိုယ့်ကိုကိုယ်အနွေးထည် သုံးထပ်လောက်ဝတ်ထားရတယ်။ခြုံထားတဲ့ စောင်တွေ တစ်လွှာခြင်းစီခွါချ ကိုယ့်နံနက်ကို အသာယာဆုံးကြိုဆိုပစ်လိုက်တယ်။လွမ်းမောဖွယ်ရာ နိုင်ငံတော်သီချင်းကိုမာန်အပြည့်နှင့် သီဆိုပြသွားသောစင်္ကာပူနိုင်ငံမှ ဆရာနေဝင်းမြင့်သီဆိုပြသွားသော နိုင်ငံတော်သီချင်းကိုပြန်လည် ကြားမိပါသည်။ဒီနေ့ကျုပ်ရဲ့နံနက်ခင်းလေးက သိပ်ပြီးလှတယ်ဆိုတာ ညီမလေးကိုပြောပြရအုံးမယ်။ကျုပ်အိပ်မက်တွေ သိပ်ပြီးလှနေတယ်ဆိုရင်ကျုပ်ညီမလေးလည်းပျော်နေမှာပါ။ နေရောင်ခြည်က ပူပေမယ့် ရင်ထဲမှာအေးနေတယ်။စိတ်ဓါတ်တွေ ကျုပ်ရဲ့စိတ်ဓါတ် ကျုပ်တို့စိတ်ဓါတ်တွေ ခင်ဗျားတို့စိတ်ဓါတ်တွေ အများကြီးလိုနေသေးတယ်ဆိုတာ အများကြီးပြောင်းလဲရမယ်ဆိုတာ ဘယ်ဗေဒင်ဆရာကိုမှ မေးစရာမလိုဘူး။သီချင်းလေးတစ်ပုဒ်ပါ အမှန်တရားဘက်သို့ လိုက်ဖို့ မျှတစွာလုပ်ဖို့ ဆိုထားတယ်။ကိုယ့်စိတ်ဓါတ်ကို ပြုပြင်ဖို့သီဆိုထားတာပါ။အကြိုက်ဆုံးစာသားလေးတွေပါတယ်။ ငါ့ရဲ့စိတ်ဓါတ် ညံ့ဖျင်းခဲ့ရင်........တိုင်းလည်းညံ့မယ် ပြည်လည်းညံ့မယ် အမျိုးလည်းညံ့မယ် သွေးလည်းညံ့မယ် အကြောက်တရားတွေကိုပြန်ပြင်ပြောင်းလိုက် ငါ့သမိုင်းမှ ငါ့အမျိုးခိုင်မာမယ်။..........တဲ့။
မနေ့ည က ညီမလေးပြောလို့ အကယ်ဒမီရှိုးပွဲ အင်တာနက်မှာ ရှာဖွေပြီးကြည့်လိုက်မိတယ်။ကော်နရှင်က သိပ်ကောင်းတော့ အဆင်ပြေပါတယ်။သတိရမှ ကြည့်လိုက်တော့ အတော်လေး နောက်ကျနေပြီ။ ပြည်ပရောက် ရွှေမြန်မာအားလုံးနီးပါကြည့်နေကြမှာသေချာပါတယ်။ကြည့်နေတုန်း ဘာတွေ့ရလဲဆိုတော့ C box မှာရေးကြတဲ့ စာတွေပါ။အတော်စိတ်ပျက်စရာကောင်းပါတယ်။ကျုပ်တို့လူမျိုးဒေါသကြီးတာ အငြိုးကြီးတာလဲမပြောနဲ့။လုပ်ပုံတွေကမှ မဟုတ်တာ။ငါ နိုင်ငံခြားရောက်နေပြီ။လုပ်ချင်တာ လုပ်လို့ရတယ် ဆိုပြီး ထင်နေကြရင်တော့လည်း ကျုပ်ဘာမှ မပြောလိုပါဘူး။ဒါပေသိ....ကိုယ့်အခြေအနေကိုသိဖို့လိုပါတယ်၊
ငါဘာလုပ်ရမယ်ဆိုတာ မေ့နေပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်ဓါတ်ရှိရင်တော့သွားပြီ။ခင်ဗျား အခြေအနေ နဲ့ အချိန်အခါအရ ချမ်းသားကောင်းချမ်းသာနိုင်ပါတယ်။စိတ်ဓါတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာမှာတော့ ခင်ဗျားရဲ့ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ခင်ဗျားပုံတူပန်းချီ ခင်ဗျားကိုယ်တိုင် ဆွဲလို့မရတော့ဘူး။အဲဒီအခါမှ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအတွက် ခင်ဗျုားလိမ်ရတော့မယ်။ငြာရတော့မယ်။ ခင်ဗျားကိုယ်တိုင်လုပ်ခဲ့တဲ့ အရာတွေကို မသိကျေးကျွန်ပြုရတော့မယ်။ကိုယ့်ကိုကိုယ် သိပ်ပြီးလျှော့တွက် ကြပါတယ်။ဒီအချိန်လေးတင် ကိုယ့်စိတ်ကြေနပ်မှုရဖို့လောက် စိတ်ချမ်းသာဖို့လောက် တွေးပြီး သူများစိတ် မချမ်းသာတာ စိတ်ဒုက္ခရောက်တာကိုမေ့ထားတက်ရင်တော့တစ်မျိုးပေါ့။တစ်ချို့ကြပြန်တော့လည်း အလွန်မှပင်လိုက်မမှီနိုင်လောက်အောင်ကိုကိုယ်ချင်းစာတရားရှိကြတယ်။ရှု့ထောင့်မျိုးစုံကမျှဝေခံစားတက်ကြတယ်။တကယ်ကို လေးစားစရာကောင်းတာတွေရှိပါတယ်။ဘယ်အရာကို မဆိုဟာသလုပ်ပစ်တာ မကောင်းဘူးထင်တယ်။
ပေါ့ပေါ့ ပါးပါးလေးတွေးတက်တာနဲ့ ဟာသလုပ်တာနဲ့က ဘာမှမဆိုင်ပါဘူး။ဟုတ်ကဲ့ ကျုပ်ရဲ့ဆန်းဒေစကူး အိပ်မက်လေးအတွက်ပြန်လည်မက်ခွင့်ပြုပါ။အိပ်မက်လေးကလှလွန်းတောတစ်နေရာမှာကျုပ်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးထဲမှာ သိမ်းထားစမ်းပါရစေ။နေ့လည်ခင်းတွေမှာ ပူပြီး ညချမ်းတွေ နံနက်ခင်းတွေမှာ အေးချမ်းမှုပေးတဲ့ ရာသီဥတုကိုပဲ ကျေးဇူးစကားဆိုပါရစေ။ဆန်းဒေးစကူး အိပ်မက်လေးအတွက် ကျေးဇူးတင်ပါတယ်.....လို့။

Friday 5 February 2010

စက္ကန့်သံ ရဲ့ စိန်ခေါ်မှု

(၁)
ဘာအတွက်နဲ့ရောက်လာတာပါလိမ့်
သမရိုးကျ လိမ်ဖို့ ငြာဖို့လား
လူဆိုတဲ့အရေခွံက ထူလွန်းတော့
ပါးလွှာနေတဲ့စိတ်က လုံးပါး ပါးနေပြီ။
နံရံတွေက မလုံတော့ဘူး
လျှာဖျားမှာရှိတဲ့ စိတ်ကူးလေးလား
သနားပါရဲ့......။
အားနာလို့ သိမ်းထားလိုက်တယ်။
(၂)
ဘာမှ ခေါင်းစဉ်တက်စရာမလိုတဲ့ စာပိုဒ်
အကြောင်းအရာတွေက ပြည့်စုံနေပြီပဲ။
အိပ်မရတာနဲ့ မြန်မာဇာတ်ကားတစ်ကားပြီးသည်ထိ
ဘော်ဒါတွေနဲ့ ဘော်ဒါသစ်တွေ နဲ့ ကြည့်ပစ်လိုက်တယ်။
အချစ်က လန်းတယ် .... တဲ့။
ဟာသ သက်သက်ပါ အော်ရယ်ပစ်လိုက်တယ်။
သံသရာစက်ဝန်းထဲမှာ ရောက်သွားတယ်
လက်ရှိ.......ဆိုတဲ့စာတန်းရှည်တစ်ခု
အနားက ပါးပါးလေးဖျက်လျှောက်သွားလိုက်သလိုမျိုး။
(၃)
ဒီည လ ရောင်ပျောက်နေတယ်။
ကြားနေကျ စက္ကန့်သံက ပိုကျယ်သလိုပဲ။
ဟိုဟို ဒီဒီ လျှောက်တွေးမိတယ်
ကောင်းကောင်း အိပ်ပျော်နေလောက်ပြီထင်တယ်။
ဘာကို ရိုးမယ်ဖွဲ့ပြီး ငိုကြမှာလဲကွာ။
ဘယ်သူ့ကိုမှ စိန်ခေါ်စရာမရှိရင်
တအားအော်နေတဲ့ စက္ကန့်သံကို စိန်ခေါ်လိုက်မယ်။
ငါ့ရဲ့ အနီးဆုံး ရန်သူဆိုတာ လက်ရှိ.....သွားနေတဲ့ အချိန်
ငါနဲ့ ပိုပြီးနီးတဲ့ ချစ်သူဆိုတာလည်း လက်ရှိ........လှုပ်ရှားနေတဲ့အချိန်ပဲဟေ့လို့.....။

Monday 1 February 2010

သက်ဆိုင်သူ သိပါစေ

ဘဝက တိုတိုလေးတဲ့။ဟုတ်လား မဟုတ်လား ကျုပ်ဖြင့် မစဉ်းစားဖြစ်သေးဘူး။ပျော်ရွှင်ခြင်း ၊ မပျော်ရွှင်ခြင်း ။ညီမျှခြင်း ၊ မညီမျှခြင်း ။ တူညီခြင်း ၊ မတူညီခြင်း ။ ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။နောက်ဆုံးတော့ လောကထဲမှာ နေတဲ့ ကျုပ်တို့ဟာ လောကဓံ ရှစ်ပါးထဲမှာ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ စီးမျောကြ ရတာ ပါပဲ။ရှုထောင့်မျိုးစုံက အာရုံဆာလောင်မွက်သိပ်နေတဲ့ စိတ်အလိုကို လိုက်ပြီးလုပ်ချင်တာ လုပ်ကြ။မလုပ်ချင်တာတွေ လုပ်ကြ။လိုချင်တာတွေ လည်း ရတက်သလို ။မလိုချင်တာတွေဆိုလည်း ဒလဟော ဆိုသလိုပါပဲ။လူကြီးတွေက ကောင်းစေချင်လို့ ပြောဆို ဆုံးမကြ။လူငယ်တွေက လုပ်ချင်တာကို လုပ်ကြ။အပေး နဲ့ အယူ က မမျှခဲ့လေတော့ကိုယ့်ကောင်းကျိုး အများကောင်းကျိုးဆိုတာတွေ ထွက်သွားလိုက်ကြတာ။
မမြင်ရက် မရှုရက်စရာပါပဲ။သိခဲ့တဲက အသိတွေလည်း နှစ်များစွာကြာတော့ ဘယ်ကစပြီးဘာလုပ်ရမှန်းမသိ
ဖြစ်ကုန်ကြရ။ကိုယ်ခေတ်နဲ့ကိုယ်တော့ ကိုယ်မှာရှိသလောက်လက်ခံနေကြရတာပါပဲ။ရေသောက်မြစ်တွေက ဆက်စပ်နေကြတော့ ချိုတဲ့ အာရုံတွေလည်း တစ်ခါ တစ်ရံမှာ ခါးသက်။ခါးတဲ့ အရသာတွေဆိုလည်း ရံဖန် ရံခါ ချိုမြိန်ကြနဲ့။လိုက်လေ ဝေးလေဆိုတာ သိလာတော့ ဘယ်ကိုမှ မလိုက်ချင်တော့ဘူး။မြင်ရသမျှ ကြားရသမျှ ဘာမှ ကောင်းတာမရှိဘူး။အခြေအနေကို ရွေးချယ်ရင်းနဲ့ အခြေအနေက ကိုယ့်ကိုပြန်ပြီးရွေးချယ်
ရွေးချယ်သွားတယ်။ဘယ်သူမှားတယ် ၊ ဘယ်သူမှန်တယ်ဆိုတာ ဘယ်အတွက်ကြောင့်မှ ရွေးချယ်စရာမလို အပ်တော့ ဘာမှ မရှိတော့သလိုနေပစ်လိုက်ချင်တယ်။အသိနောက်ကို စိတ်က မလိုက်နိုင်တော့ အာရုံတွေနောက်ကိုပဲ လိုက်နေရတဲ့ ကျုပ်စိတ်လေးသနားဖို့ကောင်းပါရဲ့။နောက်အနှစ် ၅၀ ကျုပ်တို့ဘာဖြစ်နေကြမလဲ သိချင်လိုက်တာ။ဒီလို မဖြစ်နိုင်တာတွေ လျှောက်လျှောက်ပြီး ပြောတက် တွေးတက်လွန်းတဲ့ ကျုပ်စိတ်ကပဲ ပုံမှန်မဟုတ်တာလား။ကျုပ်ကို ကျုပ်လည်းမစဉ်းစားဖြစ်ဘူး။လူတွေတက်
မက်တဲ့ အာရုံတွေမှာ ကျုပ်လဲ သာမန်လူသားတစ်ယောက်ထက်တော့မပိုတာ အမှန်ပါ။ရင်ဘက်ထဲမှာ သူခံစားနေသလို ကျုပ်က ဘာလို့ခံစားနေရတာလဲဗျာ။ဒီထက်ပိုဆိုးမယ့် အခြေအနေကိုမလိုချင်ကြဆုံးပါပဲ။
ထက်တူခံစားချက်တွေ ဘာလို့တူနေရတာလဲ။ဇွတ်အတင်းကြီး ဘာလို့မေ့ဖို့ကြိုးစားတာလဲ။စိတ်ကို စိတ်အတိုင်းထားလိုက်ကြစို့ဗျာ။နယ်ပယ်တွေ မတူညီလို့မချစ်ရဘူးဆိုတဲ့နိယာမရှိတယ်ဆိုရင်လည်း ဖြေးဖြေးလေးပြောကြည့်ပေးပါ။ကျုပ်တို့အကြား ပါးပါးလေးဖြတ်လျှောက်မသွားသေးတဲ့ အဆိုးလောကဓံ မကြုံသေးခင် သူ့ကို အားရပါးရ မြင်ပါရစေ။မနာလိုမှု ဝန်တိုမှုတွေဆိုတာ အပိုအလုပ်တွေဆိုတာ သိပါတယ်။ ချစ်လို့ ဝန်တိုတယ်ဆိုတာ ချစ်လို့မနာလိုတယ်ဆိုရင် အဲဒီ ချစ်ခြင်းတရား မတရားဘူးလို့သက်မှတ်လိုက်ရင်
သိပ်ပြီးတော့ အရုပ်ဆိုးသွားမှာကိုလည်းမလိုလားပြန်ဘူး။ကျုပ်ရဲ့ အိပ်မက်လေး ရင်ဘက်နာသွားတာ နှစ်ခါရှိပြီ။သုံးခါမြောက်ဆိုရင် မကောင်းတော့ဘူး။သူက မုန်းချင်တာ မေ့ချင်တာဆိုရင်တော့လည်း။မသိစိတ်
ရဲ့ လေဟာနယ်မှာ ကျုပ်တို့နှစ်ယောက်ဘယ်လိုပျံသန်းကြမလဲ။ကျုပ်တို့နှစ်ယောက်ကိုမှ ဘာလို့လာပြီး ဒီလိုမျိုးအဖြစ်က ဝင်လာရတာလဲ။ရူးရူးမိုက်မိုက်ချစ်ရမယ့် အချိန်လေးကိုမှ မျှော်လင့်နေတဲ့ ကျုပ်ကို လေးနက်မှုတွေဘာလို့ လက်ဆောင်အဖြစ်ပေးတာလဲ။အိပ်မက်ထဲမှာ လှသလောက် အပြင်မှာဘာလို့ အဖြစ်ဆိုးရတာလဲ။ဘာသာပြန်လို့မရတဲ့ ဝါကျတွေနဲ့ မခြောက်လှန့်ပါနဲ့။ငါလည်းတစ်ယောက်တည်း မနေတက်လို့ပါ။သက်ဆိုင်သူ ပျော်ရွှင်ချမ်းမြေ့ပါစေ။သူ့ရဲ့ပျော်ရွှင်မှုတွေကိုပဲ လက်ခံကြိုဆိုနိုင်သူဖြစ်ချင် တယ်။