မင်္ဂလာပါ......

Sunday 26 July 2009

စိတ်ထား (သို့) သဘောထား

ဟုတ်ကဲ့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။သတင်းနှင့် နည်းပညာခေတ်တဲ့။အခုကျုပ်တို့ရောက်နေတဲ့ ၂၁-ရာစု ခေတ်ကြီးကို အမည်တွေ ဘယ်လိုပြောင်းပြောင်း နည်းပညာတွေ ဘယ်လောက်ကောင်းကောင်း ကျုပ်တို့အသေချာဆုံးပိုင်ဆိုင်နေတာကတော့ ကျုပ်တို့ရဲ့ ကံသုံးပါးရယ်ပါပဲ။ဒီထက်ဘာမှ မပိုပါဘူး။အသက်ထင်ရှားရှိစဉ် ကိုယ့်လူ............ မင်းဘာပိုင်ဆိုင်ခဲ့သလဲ အဖြေတွေများစွာထွက်လာနိုင်သလို ဆက်မေးစရာမေးခွန်းတွေကလည်း အများကြီးပေါ့။အမေး +အဖြေလုပ်နေခြင်းမဟုတ်လို့ ထားခဲ့ကြပါစို့။ ဟုတ်ကဲ့ နည်းပညာခေတ်လို့ ဆိုသလို ကျုပ်ကတော့ ဟာလာ ဟင်းလင်းကြီးဖြစ်နေတဲ့ခေတ်လို့ဆိုမယ်။ ဘယ်အရာကိုမဆို ကျုပ်တို့ဘယ်လိုရှုမြင်သလဲ ဒါက အရေးကြီးတယ်။ဘယ်လိုမျိုးသဘောထားသလဲ။ သဘောထားသေးမှု ၊ သဘောထားကြီးမှုဆိုတာ အားလုံးရဲ့ရေသောက်မြစ်ပဲ။အမြင်ကျယ်မှု ၊ အမြင်ကျဉ်းမှုဆိုတာလဲ အရေးပါတယ်။ ဟုတ်ကဲ့ ခုတစ်လော တစ်ချို့ ၀ဒ်ဆိုဒ်တွေမှာ မကောင်းသတင်းတွေ ကောင်းသတင်းတွေ မြင်နေရ ကြားနေရပါတယ်။ဒါဟာ ဒီအတိုင်းကြည့်နေခြင်လား ရတယ်။သူ့အတိုင်းထားလိုက်ကြမလား ရသေးတယ်။ နာကြဉ်းလို့ မုန်းတီးလို့ ရေးနေခြင်းမဟုတ်ပါဘူး။ အပုတ်ချခြင်း မဟုတ်ဘူးလို့လဲ ယူဆမိပါတယ်။ဘာပဲဖြစ်ဖြစ် ငါမဟုတ်တာလုပ်ရင် ငါပြင်မယ် ဆိုတဲ့စိတ်ဓါတ်မျိုး သဘောထားမျိုးရှိရပါမယ်။လူပဲ မှားတာရှိမယ် မှန်တာရှိမယ်။အကောင်းရှိမယ် အဆိုးရှိမယ်။ အလင်းရှိမယ် အမှောင်ရှိမယ်။ဆန့်ကျင်ဘက်ဆိုတာ ရှိစမြဲပဲလေ။ကိုယ်တစ်ကိုယ်တည်းအတွက်ဆို ကိုယ်ဟာအရေးကြီးတယ်။ငါကောင်းရင် အားလုံးကောင်းမယ်လို့ ယူဆလို့မရသလို ပဲ။ ဦးတည်ချက်များ ရည်ရွယ်ချက်များ အရေးပါတယ်။မည်သည့် ဦးတည်ချက်နဲ့ပဲ လုပ်လုပ် ကိုယ့်ဦးတည်ချက်က ကိုယ့်စီပြန်လာမှာသေချာတယ်။သတင်း နဲ့ နည်းပညာခေတ်ဆိုမှတော့ သတင်းမျိုးစုံကြားရမှာပဲ။ ဘာမှမကြားချင်ရင် မျက်စိ နား ပိတ်ထားယုံပဲရှိတယ်။အခြားဘာမှ မရှိဘူး။ဘာမှ ၀င်မလာစေချင်ရင် အပေါက်တွေ ပိတ်ထားယုံပဲ အခြားဘာမှမရှိဘူး။ အရေးကြီးတာက ကိုယ်ရယ်ပါ။အမှန်ကတော့ အတင်းတွေ အဖျင်းတွေ ပြောနေရမယ့်အချိန်မဟုတ်တော့ပါဘူး။ငါဟာ ငါ့အတွက် ငါ့မိသားစုအတွက် ငါ့ရွာအတွက် ငါ့တိုင်းပြည်အတွက် ငါ့လူမျိုးအတွက် အဲဒီထက်ပိုနိုင်မယ်ဆိုရင် ငါရှင်သန်နေထိုင်ရာ ဟောဒီကမ္ဘာမြေအတွက်
ငါဘာတွေပေးဆပ်နိုင်သလဲ။နောက်ဆုံး အဆင့် ငါ့ကိုယ်ငါအတွက် ငါဘယ်လောက်ကောင်းနိုင်သလဲ။ စေတနာမှန်ရင် ဆိုးတယ် ကောင်းတယ်လို့သတ်မှတ်ဖို့မလိုပါဘူး။သူ့ဖာသာသူ လှနေပြီးသားပါ။ခင်ဗျားက သွားပြီး အရောင်မစိုးလိုက်ပါနဲ့။သူ့သဘောအတိုင်း သူသွားမှာပါ။သူဖြစ်ချင်ရာ ဖြစ်မှာပါ။ ကိုယ့်တစ်ကိုယ်စာ အတွက်ရှင်သန်ခွင့် နေထိုင်ခွင့် အိပ်စက်ခွင့် စားသောက်ခွင့် စွန့်ပစ်ခွင့်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါ။ ကျုပ်ရဲ့ စိတ်ထားလေး သဘောထားလေးတွေပါ။သိပ်ပြီး သေးနုတ်နေမယ် တိမ်းစောင်းနေမယ်ဆိုရင် ပြင်ပေးကြပေါ့။အမျိုးမျိုး ဂယက်တွေကြားမှာရှင်သန်နေထိုင်ရတော့ ကိုယ့်ရဲ့ဦးတည်ချက် ပျောက်မသွားအောင် ထိမ်းကျောင်းနေရတယ်။ စိတ်ဓါတ်ခွန်အားဖြစ်စေမယ့် စာပေတွေ ဖျော်ဖြေရေးတွေနဲ့ ဆက်သွယ်ရင်း ကိုယ့်စိတ်ကို တည့်မက်နေရတယ်။ ကဲ...................ဒီတော့ ဘာလုပ်လုပ် ၊ ဘာပြောပြော ၊ ဘာပဲတွေးတွေး ကျုပ်တို့ ခင်ဗျားတို့ရဲ့ စိတ်ထား သို့မဟုတ် သဘောထား အရေးကြီးတယ်ဆိုတာလေးပါ။ နေရု (ရေခါး)

Saturday 25 July 2009

နှလုံးသားအဟာရ

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာ ကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မ အမြင့်ကတော့ ၁၀ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံး ကျောက်တုံးကြီးကိုခလုတ်တိုက်ြ
ကတယ်။
သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား”
ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ အဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာ ဂရုစိုက်လိုက်ရင်ပြီးရော မလား” ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။ ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့မရတာနဲ့ “အဖေ ကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား” အဖေက “ဖယ်လို့ရရင် အခုထိရှိနေအုန်းမလား” ချွေးမက မကျေနပ် သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီလေ။
တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကို ချွေးမခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာ လောင်းလိုက်တယ်။ အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။ တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။ ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။

ဒီပုံပြင်ပြောပြချင်တာကတော့ သင်ဆုံးဖြတ်ချက်ချနိုင်ရင် သင်လုပ်နိုင်မယ်ဆိုတာပါပဲ သင်သာလျှင်သင့်ရဲ့ ပဲ့ကိုင်ရှင်ပါ။
------------------------------
------------------------------ :)

ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး
ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ” လူအတော်များများ လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး “ဘယ်သူယူမလဲ” လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။ “ဒါဆို ဒီလိုလုပ်လိုက်ရင်ကော” သူ ဒေါ်လာ ၂၀ကိုအောက်ပစ်ချလိုက်ပြီး ခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။ “ကယ် ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ်။ “သူငယ်ချင်းမိတ်ဆွေတို့ အရမ်းအနှစ်သာရရှိတဲ့အကြောင်းကို
ပြောသွားတာ သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ် ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ။ အားလုံးလိုချင်နေတာပါပဲ။ တန်ဖိုးမလျော့သွားပါဘူး။

လူ့ဘ၀ခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သင်ကသင်ပါပဲ။ ညစ်ပတ်နေတဲ့ အ၀တ်တွေကိုဝတ်ထားပါစေ။အားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။
------------------------------
----------------------------- :)

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားဆီ စာတစ်စောင် ရေးလိုက်တယ်။
"ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နာကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင် အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။

ချစ်တဲ့
အဖေ"
များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။
"ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။ သားအဲဒီအောက်မှာ သေနတ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ "
နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။ စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။ ဒါပေမယ့် ဘာ သေနတ်မှ မတွေ့လို့ ပြန်သွားလေရဲ့။ အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။ ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။
သားလုပ်သူ စာပြန်လိုက်တာက
"အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။"
xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အရင်တစ်ခါက သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ်။ အခု ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့ သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲ ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ် ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။

မှတ်ချက်။ ။HYDEGROUP မှ ကူးယူဖေါ်ပြသည်။

Friday 24 July 2009

ရွက်လွှင့်ခြင်း......


ငါလား.......................
ရွက်လွှင့်နေဆဲပါ ။
ငါလား အမေမွေးတုန်းက အတိုင်း
တစ်ယောက်ထဲပါ။
ငါလား........................
ရှာဖွေနေဆဲပါ ။
၂၅၀၀ ကျော်လောက်ကအမှန်တရား
ဘုရားဟောခဲ့တဲ့အတိုင်း
တစ်ခုတည်းသောလမ်းစဉ်ပါ။
ငါလား........................
ငိုကြွေးရင်း နဲ့ ရီမောကြည့်မလို့
အရူးတစ်ယောက်ရဲ့ရင်ခုန်သံအတိုင်း
ပုထုဇဉ်ပီသမှုအတွက်ရယ်ပါ။
ငါလား..........................
အတ္တ နဲ့ ခိုက်ရန်ဖြစ်ဆဲပါ။
အနတ္တ တည်ရှိရာလမ်းကြောင်းအတိုင်း
ရှေးလူကြီးများခိုနားရာ နှလုံးသားတစ်ခုနဲ့အတူရယ်ပါ။
ငါလား.........................
သာမန်လူတစ်ယောက်အဖြစ်နဲ့ရယ်ပါ။
သူများထက်ထူခြားမှုမရှိသလောက်နီးပါ
ထွက်သက် ၀င်သက်ကိုရိုးစင်းစွာရှူရှိုက်ရင်းနဲ့ပေါ့။
ငါလား........................
ဘယ်ထိအောင် ရွက်လွှင့်ရအုံးမယ်မသိတဲ့
ငါရဲ့ ဦးတည်ရာ ခရီးတစ်ခုစီ
မမော မပန်း စမ်းတ၀ါးဝါးနဲ့ပေါ့။
ငါလား..........ငါလား.................
ရွက်လွှင့်နေဆဲပါ။ရွက်လွှင့်လို့နေဆဲပါ။
နေရု (ရေခါး)

Saturday 18 July 2009

ဒါမှ... တကယ့်ဘ၀.....


ကြည်စမ်း........။ကိုယ့်ကိုကိုယ်ရှက်ဖို့တောင်ကောင်းတယ်။စိတ်ဓါတ်ကျတက်သူများအတွက်ရယ်ပါ။
ဒီကောင်မလေး တကယ်ကိုအတိတ်ကံ မကောင်းခဲ့တာ။ကျုပ်တို့ ဘာသာရေးထုံးစံအရပေါ့ဗျာ။
အတိတ်ကံတဲ့ ။ငါတော့အတိတ်ကံမကောင်းပါဘူးကွာလို့ ဆိုပြီ ထိုင်နေသူတွေ စိတ်ဓါတ်ကျနေသူတွေ
ဒီကောင်မလေးနဲ့ ကိုယ့်အဖြစ်ကို နှိုင်းယှဉ်ကြည့်ပါ။အင်္ဂါ ခြေ လက်များအပြည့် အစုံပါနေတာကို တွေပါလိမ့်။
ဒီကောင်မလေး ခြေထောက်နှစ်ချောင်းမပါဘူးဗျ။ ဒါပေသိ သူ့မှာ စိတ်ဓါတ်ကျတဲ့အမူအယာ နဲ နဲလေးမှ
မတွေ့ရဘူး။အားငယ်တဲ့ အမူအယာလုံးဝကို မတွေ့ရဘူး။သူရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်လောက
သူ့ကိုဘယ်လိုဆက်စံ သဘောထားကြမယ်ထင်လဲ။ ဒါကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်ဆိုင်ရာပါ။
ကိုယ့်ရဲ့ ဓလေ့ထုံးစံ ကိုယ်လေ့လာထားတဲ့ ပညာအပေါ်မှာ အခြေခံပြီး တွေးရမယ် အတွေးတစ်ခုရယ်ပါ။
ဘယ်လိုသဘောထားတယ်ဆိုတာ သူ့အတွက် အရေးမကြီးသလို ဘယ်သူ့အတွက်မှလဲ အရေးမကြီးပါဘူး။
သူ့ရဲ့ ပင်ကိုယ် ဗီဇစိတ် သူ့ရဲ့ပင်ကိုယ် အမူအကျင့် ချစ်စရာကောင်းတယ်။တစ်ခုတည်း ရယ်ပါ။
ဘ၀ကို လောကကို အရှုံးပေးတဲ့ အရှုံးပေးလိုတဲ့ အမူအယာတစ်ချက်မှ မတွေ့ရဘူး။ မြင်ရသူ ကိုတောင်
သူက စကားတွေပြောနေတယ်။သူပြောတဲ့ စကားတွေကို ကြားနိုင်အောင်ဆိုတာတော့ စိတ်ခံစားချက်နဲ့
သက်ဆိုင်ပါတယ်။ကံပစ်ချရာ နေရတဲ့ ဘ၀ဆိုပေမယ့် အတိတ်ကံက ကျုပ်တို့ကို လူဖြစ်အောင် တွန်းပို့
ပေးလိုက်တဲ့ တစ်ချက်တည်းနဲ့ကို ပြည့်စုံပါတယ်။ဒီလက်ရှိဘ၀မှာတော့ အတိတ်ကံနဲ့ လုံးဝ မဆိုင်တော့
ဘူးလို့ ထင်တယ်။ ဆိုင်လဲ နည်းနည်း ပါးပါးပေါ့။ လက်ရှိဘ၀ရဲ့ အောင်မြင်မှု မအောင်မြင်မှုဆိုတာတွေက
လက်ရှိဘ၀ ရဲ့ပြုမူ လုပ်ဆောင်မှုနဲ့သာဆိုင်တယ်။ဘာမဆို ဆင်ခြေ ဆင်လက် များလွန်းနေရင် အဲဒီလူဟာ
ပုံမှန်စိတ်ဓါတ်မဟုတ်တော့ဘူး။ဘာဖြစ်ဖြစ် လက်ခံနိုင်တဲ့ စွမ်းရည်မျိုး ရှိရမယ်။ ကြီုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ရှိအနေအထားမှာ အကောင်းဆုံး လုပ်ဆောင်
နိုင်မှု စွမ်းရည်က အရေးကြီးတယ်။အတိတ်မှာ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ ကိုယ်နဲ့လုံးဝမသက်ဆိုင်တော့ဘူး။
အနာဂတ်မှာ ဖြစ်မဲ့အရာတွေလဲ ကိုယ်နဲ့ မဆိုင်ဘူး။ ကိုယ်နဲ့ အမှန်တကယ် သက်ဆိုင်တာက ကိုယ်တကယ်
ပိုင်ဆိုင်နေတဲ့ ကိုယ်လုပ်နိုင်စွမ်းရှိတဲ့ လက်တွေ့ ပစ္စုပန်ပဲ။လက်ရှိ ပိုင်ဆိုင်နေတယ် ဆိုပေမယ့် ပြီးသွားရင်
မပိုင်ဆိုင်တော့ပြန်ဘူး။ ကံတရားက သိပ်ပြီးဆန်းကျယ်လွန်းပါတယ်။ သာမန်ညာဏ်ရည်မျိုးနဲ့ လိုက်ပြီး
မတွေးနိုင်ပါဘူး။ဒီတော့ ကျုပ်တို့ ပိုင်ဆိုင်နေတဲ့ ဘ၀ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။လူသားတို့ပိုင်ဆိုင်တဲ့ စွမ်းရည်တွေက ကြာလေ ဆိုးလေ ဖြစ်လာ
ပါတယ်။ ရုပ်ဝတ္ထုတိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ အရာရာမှာ စက်ပစ္စည်းများနဲ့သာ အလုပ်လုပ်နေကြပါပြီ။
ကဲဗျာ ကျုပ်တို့ဖြစ်ချင်တဲ့ ဘ၀ လိုချင်တဲ့ဘ၀ပုံစံကို ကျုပ်တို့ကိုယ်တိုင် ကျနေတဲ့စိတ်ဓါတ်နဲ့မတည်ဆောက်
ကြဘဲ တလူတူ လွင့်တက်နေတဲ့ စိတ်ဓါတ်များနဲ့သာ လူစွမ်းရည်ကို ဖော်ထုတ်ကြပါစို့။လက်ရှိအနေအထား
မှာ အကောင်းဆုံးဖြစ်နေမှ နောင်လာမယ့်အချိန်တွေမှာ ကောင်းမှာပါ။တကယ့် ဘ၀တွေထဲက အသိတွေကို
ကိုယ့်ရဲ့တကယ့်ဘ၀ထဲမှာယူပြီး အသုံးချကြပါစို့။အားနဲချက်တွေကို မေ့ထားပြီး အားသာချက်တို့ကိုသာ
ကြည့်ပြီး ဆက်လက်ရှောက်လှမ်းကြပါစို့.....။ နောက်ပြီး ပြည့်စုံခြင်း မပြည့်စုံခြင်းဆိုတဲ့ ဝေါဟာရကို
မေ့ပြီး တကယ်ဘ၀မှာ ကြေနပ်စရာ အကောင်းဆုံးများနဲ့ ကြိုစားကြပါစို့။ နေရု (ရေခါး)

Wednesday 15 July 2009

ရေရှည်မှာ ............... ရိုးသားမှု့


ရိုးသားမှုဆိုတာ ရှိလာရင် မရိုးသားမှုဆိုတာ ရှိမှာပဲ။နှစ်ခု ရှိတယ်ဆိုရင် တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ခံရတာ
ဓမ္မတာပဲ။နှိုင်းယှဉ်လိုက်တယ်ဆိုရင် အကောင်းနဲ့အဆိုးရှိလာမှာ သဘာဝ။ကြိုက်နှစ်သက်မှု နဲ့ ဆန့်ကျင်ဘက်
ဆိုတာလဲ နောက်ကပါလာမှာသေချာပေါ့။ကိုယ်အမှန်ဆိုတဲ့ အမြင်ရှိလာမှာကိုလဲ မေ့ထားလို့မရ။
ဟုတ်တယ်။ကျုပ်တို့ နေ့စဉ်အလုပ်တွေထဲမှာ ပြန်လည်ဆန်းစစ်ဖို့ ကောင်းတယ်။ ကိုယ့်ရဲ့ ကံသုံးပါ...
ဘယ်လောက်ထိ ရိုးသားမှုရှိလဲ မရှိလဲဆိုတာကိုပါ။
လောက လူ့ရွာရဲ့ သဘောအရ ခဏပန်းအနေနဲ့ အောင်မြင်ကျော်ကြားနေကြတာ ဒုနဲ့ဒေးပါပဲ။
ကိုယ့်ကိုကိုယ်ပြန်လှည့်ပြန်တော့ အဲဒီ ဒု နဲ့ ဒေးထဲကို မပါသေး။ဘ၀တိုင်း ဘ၀တိုင်းမှာ မရိုးသားတဲ့သူ
မဖြစ်ချင်ဘူး။ရိုးသားမှုဆိုတဲ့ အရာလေးကိုပဲ မြတ်နိုး ခုံမင်ပြီး ဖြစ်နေခြင်တယ်။
သေချာ စဉ်းစားလေလေ အဲဒီ ရိုးသားမှုက တန်းဖိုးကြီးလေလေပဲ။ ဘာနဲ့မှ အစားထိုးလို့ မရနိုင်အောင်ကိုပါ။
ဘ၀ခရီးကို ကျုပ်တို့တွေ မသေမချင်း ဆက်ကြရမှာ။ရိုးသားမှုက အတော်လေး အရေးပါလာတယ်။
လူဟာ မရိုးသားဘူးရင် ရိုးသားတက်လာတယ် တဲ့။ ရိုးသားဘူးရင်လဲ မရိုးသားတက်လာပြန်တယ်တဲ့။
မကြိုက်ဘူး။လုံးဝ ခံစားလို့မရဘူး။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။သူများနဲ့ မဆိုင်ပါဘူး။
ကျုပ်တို့ တောသားတွေ တောင်သူလယ်သမားတွေ ဘယ်လောက်ရိုးသားလဲ ဆိုတာ ကျုပ်ပြောဖို့မလိုပါ။
သိချင်ရင် ခင်ဗျားကိုယ်တိုင် သွားပြီး လေ့လာကြည့်ပါ။ အတော်လေး စိတ်ထဲမှာ ဖြစ်နေတာ။
အပြင်လောက ရဲ့ ပြောင်းလဲမှု သူတို့မသိကြဘူး။ တစ်နှစ် နဲ့ တစ်နှစ် ဒီမိုးရွာခြင်း မရွာခြင်းနဲ့ပဲ
ကုန်ကြရတဲ့ ကျုပ်တို့ ရွာနားတစ်ဝိုက် ကိုယ်တိုင်သာ မိုးဖြစ်လိုက်ချင်တယ်။ မကြည့်ရက်လို့ပါ။
ခေတ်ရဲ့ တောင်းဆိုမှု တဲ့ ။ အဲဒီ နည်းပညာတွေ အဲဒီ တိုးတက်မှုတွေ အဲဒီ အချက်လတ်တွေ...
ကျုပ်တို့ တောရွာမှာ တကယ်မလိုအပ်ပါဘူး လို့ပြောရင် ခေတ်မမှီဘူးလို့ ဆိုချင်ဆို။
နောက်ကျလိုက်တာလို့ ထင်ချင်ထင် ။ ကျုပ်တို့ ရွာ ရေရှည်အတွက် ကောင်းဖို့ဆိုရင်
အစွမ်းကုန် ရိုးသားလိုက်ကြစမ်းပါလို့........................။ဒီမြေနဲ့ ဒီလယ် ဒီရွာနဲ့ ဒီတောင်တန်း
ကျုပ်ဖြင့် တစ်ရက်မှ မေ့လို့မရဘူးဗျာ။ နောက်ပြီး ဖြစ်ခြင်ခဲ့တာက တခြား ဖြစ်နေတာက တစ်ဖုံ
ဘယ်လို မျိုး ကိုယ့်ကိုကိုယ်ခံစားရမှန်လဲ မသိဘူး။ တရားမျှတမှု မမျှတမှုကို ကျုပ်မပြောလိုပါဘူး။
လူကြီးတွေကို ကျုပ်အပြစ်ပြောနေတာမဟုတ်ပါဘူး။ အော်.......နောက်ဆုံးတော့ ငါ့မှာလဲ ရေရှည်
အတွက်ဆိုရင် ငါ့ရွာ ငါ့လူမျိုး ငါ့အနာဂတ်ဆိုတဲ့ အတ္တတွေ ရှိနေတာကိုက ငါကိုယ်တိုင်မရိုးသားနေတာလား
လို့မေးကြည့်တယ်။ မဟုတ်ပါဘူး တစ်ခါတစ်ရံ ရိုးသားမှုကို အတ္တက အလှဆင်ပေးနေတက်တယ် ။
အတ္တကိုလည်း ရိုးသားမှုက အလှဆင်ပေးနေတက်ပြန်ရော ဖြစ်တက်တာလေးတွေပါ။
ရိုးသားခြင်း များစွဖြင့် နေရု (ရေခါး )

Sunday 12 July 2009

သူ့အတိုင်းထားလိုက်ကြစို့လား...........


အာရုံများ ဓမ္မဆိုသော အရာများ အားလုံးနှင့်သက်ဆိုင်သောအရာများ ကျုပ်တို့နေ့စဉ်ထိတွေ့ သိမြင်နိုင်သော
အရာများ လောကမှာရှိနေကြသည်။ကျုပ်တို့တွေ သေသွားသည်ပဲထား ။ သူတို့တည်ရှိနေရစ်ကြမည်။
ကျုပ်တို့ ခင်ဗျားတွေမှာတည်ရှိနေတဲ့ စိတ်ကိုပဲ ကြည့်ပါ။သူဖာသာသူ တည်ရှိနေရင် အကောင်း။
လုံးဝအကောင်း။တကယ်ပါ ။အဲဒီစိတ် အာရုံနဲ့တွေ့ကြုံလာတော့ သူလဲ တစ်ကိုယ်တည်းနေလို့မရတော့။
သူအပိုင်းကဏ္ဍမှာ သူဟာအပီပြင် လှုပ်ရှားရပြန်တယ်။ဒါဟာလဲ အာရုံအလိုက်ပါပဲ။ကောင်းတာတွေ့တော့
စိတ်ကတစ်မျိုး မကောင်းတာတွေပြန်ရင် တစ်ဖုံ။စိတ်နောက် လိုက်ကြည့် အလေ့ကျင့်မရှိရင် ရူးသွားမယ်။
စိတ်ကို ရှုမှတ်ခြင်း အနုပညာဟာ သိပ်ပြီးအနုစိပ်လွန်းတယ်။အတွေ့အကြုံနုနယ်သေးရင် လုံးဝမရနိုင်ဘူး။
စိတ်တွေ ကြောင်ကုန်တာ ရူးကုန်တာ သွပ်ချာကုန်တာ အတွေ့အကြုံနုနယ်လွန်းလို့ပဲ။
ဟုတ်တယ်။ ကျုပ်တို့တွေ ကလေးဘ၀ရဲ့ စိတ်အစဉ်ကိုပြန်ကြည့် သိပ်ပြီးစင်ကြယ်သန့်ရှင်းလွန်းတယ်။
အရောင်တွေ တောက်ပလွန်းတယ်။ အရာရာကို မကြောက်မရွံ့ဘဲ။နဲနဲလေး ကြီးလာတော့ လူကြီးတွေက
မဟုတ်တော့ဘူး။ဟိုဟာ နဲ့ခြောက် လှန့် ဒီဟာနဲ့ လှန့် နဲ့ ကလေးဘ၀ ရဲ့ စိတ်အစဉ်ဒီမှာတင် ပျက်စီးစ
ပြုလာတယ်။ အဲဒါကျုပ်တို့ရဲ့ ဘ၀ခရီးမှာ ပထမဆုံးကျူးလွန်ခဲ့ကြတဲ့ မဟာအမှားပဲ။အဲဒီနောက်တော့
မကောင်းတာမှန်သမျှအတုခိုးခြင်လာတက်တဲ့ ဘယ်ကလာတဲ့ဗီဇစိတ်လဲမသိ။ အလိုလို ၀င်ရောက်လာတယ်။
ကြောက်စိတ်နဲ့ ချစ်စိတ် ဒီနှစ်ခုတည်းကပဲ ဘ၀ကို သေသည်ထိ လှုံ့ဆော်ပေးလိုက်တာပဲ။
အဲဒီ ကြောက်စိတ် နဲ့ ချစ်စိတ် နဲနဲ သတိထားကြည့်လေလေ ပိုပြီးကိုယ့်ရဲ့ လိုအပ်ချက်တွေ မြင်လာလေပဲ။
နုညံ့လွန်းလှတဲ့ စိတ်ကို နုညံ့လွန်းတဲ့ စိတ်နဲ့ပဲ ကုသလို့ ရနိုင်တယ်။ ဘာနဲ့မှ တန်းငြှိလို့ မရနိုင်ဘူး။
သဘာဝအရ တည်ရှိနေတဲ့ အလှတရား နုညံ့လွန်းတဲ့ စိတ်ထား သူအတိုင်းသာထားကြစို့လားဗျာ.......။
သိပ်ပြီး လှပ လွန်းလို့ပါ။ နေရု (ရေခါး)

Saturday 11 July 2009

မမေ့နိုင်သော ........ မေ့မရပါသော ........


မရောက်တာကြာပြီဖြစ်လို့ မေ့မယ်ထင်နေလား။ ဝေးသေး......။
မတွေ့တာကြာပြီဖြစ်လို့ ဝေးသွားပြီထင်နေလား။ ပိုဝေးပါ့.......။
ဆရာ ....... ထို့ထက်ပိုပြီးလေးနက်စွာခေါ်လိုက်ချင်ပါသည်။ ဆာယာ .....လို့။
တကယ်ဆိုရင် သက်မဲ့တွေက စကားပြောစရာအကြောင်းမရှိ ။
ပြောလဲ ကျုပ်တို့လို သာမန်ခံစားမှုရှိသူတို့ နားမလည်နိုင်ပါ။တကယ်လို့သာ ပြောပါတယ်။
အဲဒီနေရာကို အဲလိုစိတ်မျိုးနဲ့ စီးဝင်ကြည့်ကြပါစို့.....။ အဲဒီသက်မဲ့တွေဟာ
သင့်ကို အလိုလိုစကားပြောလာပါလိမ့်မယ်။ကျုပ်ပြောချင်တာက နေရာလေးတစ်ခုရယ်ပါ။
အတော်များများ ကိုယ့်ရဲ့မွေးရပ်မြေဆိုရင် ဘယ်လိုအခြေအနေပဲရောက်နေနေ အနဲဆုံး...
သတိတော့ဖြင့် ရကြတာ သဘာဝတစ်ခုလိုဖြစ်နေပါပြီ။
စစ်ကိုင်းတောင် ။ စစ်ကိုင်းတောင်ရိုး ။ကြိုက်သလိုခေါ် နှစ်သက်သလို ပြု။
ကျုပ်အတွက်တော့ဖြင့် မထူးရေးချ မဆန်း ပါပဲ။
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေထဲမှာ မပါမဖြစ်ထည့်ရတဲ့နေရာ
ဖြစ်နေပြီဆိုရင် သေချာပြီ အဲဒါ မမေ့နိုင်သော ... မေ့မရပါသော နေရာလေးဆိုတာပါ။
ရွှေညီအကိုတို့ ပျော်စံရာ ကမ္ဘာလေးက ကျဉ်းကျဉ်းလေးရယ်ပါ။
အမျိုးမျိုး အဖုံဖုံ အစုံစုံ အလင်လင် ကြိုက်နှစ်သက်သလို ခံစားသုံးစွဲခွင့် ပေးထားတဲ့
သဘာဝတရားကိုပဲ သက်သေပြုပါမည်။ အင်အားအကြီးမာဆုံးသော အရာတို့သည်
ရေရှည်တည်တန့် နိုင်ကြကုန်၏ တဲ့။ဟုတ်ကဲ့ တည်မြဲမှု မတည်မြဲမှု သီအိုရီကို မဆွေးနွေးလိုပါ။
နေရာတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ ဆိုသည်မှာ အထောက်အပံ့များစွာ ပန့်ပိုးမှုများစွာ
လိုအပ်နေမည်မှာ သေချာလှပါသည်။
ဒါမှမဟုတ် မမြင်နိုင်စွမ်းသော စွမ်းအားတို့ဖြင့်လည်း ကျေးဇူးပြုနိုင်ပါသည်။
အချင်းချင်း အပြန်ပြန် အလှန်လှန် ကျေးဇူးပြုခြင်းနိယာမတို့ဖြင့်လည်း ပြုကြ၏။
မည်သူမဆို ဘယ်နေရာရောက်ရောက် အလွမ်းပြေ စိတ်အာသာပြေ ဖျော်ဖြေမှုသည်
မရှိမဖြစ်လိုအပ်၏။ ယနေ့ခေတ် ကဏ္ဍတို့ကိုတော့ဖြင့် လိုက်မမှီနိုင်ပါ။
လိုက်လည်း မလိုက်လိုပါ။ကျုပ်ရဲ့ ကဏ္ဍမှ မလွဲသာ မရှောင်သာ အကြောင်းတစ်ခုမှာ
မမေ့နိုင်သော ..... မေ့မရပါသော နေရာတစ်ခုဆိုသည်မှာ စကားပြောတက်သော
ရုပ်ဝတ္ထု တစ်ခုမျှဖြင့် ပြည့်စုံသည် ဆိုငြားအံ့ ။သတ်မှတ်ချက်အရသာ ပြည့်စုံပါလိမ့်။
စိတ်ထဲမှာတော့ဖြင့် ဘယ်တော့မှ မဆုံးနိုင်သော ကိုယ်တိုင်ရေး ၀တ္ထုတစ်ပုဒ်ကို ဖတ်နေရသူ
ကဲ့သို့သာ ဖြစ်ပေလိမ့် ဟု တမ်းတရင်း........မမေ့နိုင်သော ..... မေ့မရပါသော.........
ထိုနေရာ...............။

Friday 10 July 2009

ဝါဆို ၀ါခေါင် ရေတွေကြီးလို့..........


ဟုတ်ကဲ့ အထက်ပါစာသားလေကို မြင်လိုက်မိတဲ့ခဏ ကလေးဘ၀က အော်ခဲ့ဘူးတဲ့ အဖြစ်လေးကို
ပြေးမြင်မိမှာ သေချာပါတယ်။ကျုပ်တို့ အညာမှာဆိုရင် အရင်က ဒီလိုရာသီဆိုရင် ရေတွေကြီးပြီး သပြေသီး
တွေဆိုရှိရင် သိပ်ပြီးပျော်စရာ ကောင်းပါတယ်။ နောက်ပြီး ရွာကဆရာတော်ရဲ့ကျောင်းမှာ သွားပြီး ဆွမ်းပို့ရင်း
ဆရာတော် ရဲ့ ကြီားမားတဲ့ သမာဓိကိုကြည့်ပြီး အမေက လည်း ငယ်ရွယ်စဉ်ကတည်းက ငါ့သားကြီးရင် ဆရာတော်ကြီး လို နေရမယ်နော်တဲ့။ အော် ဘုမသိ ဘမသိ ဟုတ်ကဲ့ပါ အမေရယ်ဆိုတဲ့ လွယ်လွယ်ပေးခဲ့တဲ့
ကလေးဘ၀ရဲ့ ကတိကိုပြန်လည် သတိရမိတယ်။ အော် ငါတကယ်ကြီးလာရင် တကယ်ဆရာတော်ကြီးလုပ်မှာ
လားဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ခုထိ မမေးရဲသေးဘူး။အညာဒေသ စိမ်းလမ်းသာယာရေးဆိုပြီး လုပ်နေကြတာ
ယနေ့ထိပါပဲ။ ကိုယ့်ရပ်ရွာ တိုးတက်သာယာရေးဆိုသည်မှာ အမှန်တကယ်တာဝန်ရှိတာကတော့ ဇာတိရွာမှာ
ချက်ကြွေ ခဲ့တဲ့ မောင်မင်းကြီးသား မယ်မင်းကြီးသားတို့ ရဲ့တာဝန်ပါ။အသက်တွေ ကြီးလာတော့ အတ္တစိတ်
တွေ တနင့်တပိုးနဲ့ ကိုယ့်ကိုကိုယ်သော်မှ အနိုင် နိုင် အများအတွက် ပရဟိတစိတ်ဆိုတာ ဘယ်မှာ သွားရှာတွေ့ နိုင်မလဲ။ ကဲ အမေတို့အညာက တောတွေ တောင်တွေ အမြဲ စိမ်းလမ်းသာယာနေပါစေ လို့။
ဆန်ရေ စပါးတွေ ပေါများပြီး လူအချင်းချင်းလဲ ယုတ်မာမှုဘေး ကောက်ကျစ်မှုဘေးတို့မှ ကင်းဝေးပါစေ။
လူသားတိုင်း လူစိတ်မွေးပြီး တစ်ယောက်အပေါ်တစ်ယောက် ကောင်းကျိုးများသာ အလိုရှိကြပါစေ။

Wednesday 8 July 2009

နေပျော်တဲ့ ..... ဘဝ


ပြီးတော့ ...ည .........ပြီးပြန်တော့ ညဆိုတာပြန်လာတယ်။
အော် မှောင်မိုက်လွန်းတဲ့ ညတွေရယ် များလွန်းပါရဲ့ ။ သဘာဝတရားကြီး အကျည်းတန်သွားပါလိမ့်မယ် လို့သာ
မှောင်မိုက်လွန်းတဲ့ ညတွေမှာ ကျုပ်အော်ငိုပစ်လိုက်ချင်တယ်။ကမ္ဘမြေကို ဗဟိုရ်ပြု ကျုပ်တို့ ဘာကိုမှီနေပါလိမ့်။
အော် မေ့နေလိုက်တာ အဲဒီည အကြောင်း ......အမေ့ကို ဘယ်လိုပြောရပါ့။ကောင်းကင်ကို ကြည့်ပြန်တော့
ကြယ်တစ်စင်း မှမထွက်ကြပါလား။ ပင်လယ်ကို မျှော်ပြန်တော့ သူတို့တွေလဲ ရွက်မလွှင့်ကြ။
လမ်းပေါ်မှာ လဲ ငါ့လိုမျိုး လမ်းသလားနေသူ ဘယ်သူမှမရှိ။ကြားရတဲ့ သီတင်းတွေကဆိုရင် ဆိုးသလား ကောင်းသလားဆိုတာတောင် ပြန်မဆန်းစစ်မိ။ အမေက ပြောတယ် ငါသားရယ်တဲ့ ဒီလိုညမျိုးမှဆိုရင် အမေ သားအပေါ် အမြဲတမ်း မေတ္တာပို့ပါတယ် တဲ့လေ။ကြည့်ပါအုံး ကျုပ်က လည်း ကျုပ်ပါပဲ။
မိုက်တွင်းနက်တယ်ပြောမလား။ခေါင်းမာတယ်ပဲ ပြောမလား။လွယ်လွယ်နဲ့ အရှုံမပေးတက်ဘူးဆိုတာ
အမေနဲ့ ညီမလေး သိတယ်။အော် ပြသနာကို မေ့နေလိုက်တာ။ နေ့တွေ ညတွေမှာ နေပျော်ရဲ့လား တဲ့။
ဒါက ဘယ်ကမှန်းမသိတဲ့ ကောင်မလေးမေးတဲ့ မေးခွန်း ။ကြည့်စမ်း ရင်နှီးလိုက်တာ။နွေးထွေးမှု ရှိလိုက်တာ။
ကျုပ်ဘယ်လိုဖြေရမှန်း မသိဘူး။ တောအုပ် နက်နက်ထဲမှာ ငါရောက်နေလို့ မဖြေနိုင်သေးတာပါ။
ကြယ်တွေစုံတဲ့ ည ရောက်ရင် အဲဒီအဖြေ မင်းကိုယ်တိုင်သိမှာပါ။ ဟုတ်တယ် ကျုပ်လည်း စဉ်းစားမိတာ ကြာပေါ့။ ငါ့ဟာ ငါ နေပျော်တဲ့ဘ၀ပိုင်ရှင်ဖြစ်ပြီလားဆိုတဲ့ မေးခွန်းအတွက် ဖြေဖို့ လုပ်တိုင်း စိတ်ထဲမှာ...
လေး လေး လို့လာတယ်။ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ လူ့ဘ၀ ရောက်တုန်းအခိုက်မှာ
တန်ဘိုးတော့ ထားရမှာပေါ့။ တန်ဘိုးထားပုံတွေက လုံးဝတူညီမှုမရှိနိုင်တော့ တန်းငြှိဖို့လုံးမကြိုးစားခဲ့ဘူး။
အယူအဆတို့ သဘောထားတို့ဆိုတာ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်လေ။ဘယ်သူမှ ထိန်းချုပ်လို့ရတာမှ
မဟုတ်တာ။စက်ရုပ်ဆန်ဆန် လူသားတွေအတွက်တော့ မဆိုလိုပါဘူး။ကျုပ်တို့တွေ နေပျော်တဲ့ ဘ၀ကို ပိုင်ဆိုင်ရမယ်။ဒါမှ မဟုတ်ရင် ကျုပ်တို့ မနေပျော်တဲ့ဘ၀ ဖြစ်မှာ။တရားလွတ် သဘောလွတ်ပြောတယ်ဆို
ရင် တော့ သဘောပါ။စဉ်းစားကြည့်ပေါ့..............။ငါကိုယ်တိုင်ရော နေပျော်တဲ့ဘ၀ကိုရပြီလား
လူဆိုတာလဲ ခက်တော့ ခက်တယ်။ကိုယ့်ကိုကိုယ်ကျတော့ သိပ်ပြီးသက်ညှာလွန်းတယ်။သူများကိုကြတော့
ဘာဖြစ်ဖြစ်ဆိုတာမျိုးတွေ အတော်များများ တွေ့နေရပြီ။နေပျော်တဲ့ ဘ၀ဆိုလို့ သိပ်ပြီး မရှုပ်ထွေးပါဘူး။
ကိုယ်ကိုတိုင် ကိုယ့်ရဲ့ နေ့စဉ် ညစဉ် လက်ရှိဘ၀ နေမှုများနဲ့ လိုက်လျှော ညီထွေဖြစ်တယ်။နောက်ပြီ ကိုယ့်ကိုကိုယ်လည်း ကြေနပ်တယ်ပေါ့။ကျုပ်ရဲ့ နေပျော်တဲ့ ဘ၀ကတော့ ကလေးဘ၀ပုံရိပ်လေးများ
ဒါဟာလဲ သူများနဲ့ယှဉ်လိုက်ရင် သိပ်တော့ အားရလောက်စရာမရှိပါဘူး။ဖြစ်ချင်တာ မဖြစ်ခဲ့ရဘူး
ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ကိုယ့်ဘာသာကို ဖန်တီးခဲ့တာပါ။ဘယ်သူနဲ့မှ လုံးဝကိုမသက်ဆိုင်ပါဘူး။
ကြီးလာတော့ရော............... ဆိုပြန်တော့ ပိုတောင်ဆိုးသေး။အသက်ကြီးလာလေလေ ပိုဆိုးလာလေလေ။
ဘာမှ မသိတာကဘဲ တစ်ခါတစ်ရံ အတော်လေးကောင်းတယ်။တစ်ခုလောက်သိရင် အဲဒီတစ်ခုက အတော်ကို
ဆိုးဝါးစေတယ်။နေရာတိုင်း အရာတိုင်းတော့ မဟုတ်ပါဘူး။
ကဲ ခင်ဗျားတို့ ကျုပ်တို့တွေ နေပျော်တဲ့ဘ၀ တဲ့အကောင်းဆုံးတည်ဆောက်ကြပါစို့။ရောက်တဲ့နေရာမှာ..
ရပ်သင့်တာ ရပ်ပြီး ပြန်လည်တည်ဆောက်ကြပါစို့...။ပြုပြင်လို့မရတဲ့ အမှားဆိုတာ လောကမှာဘာမှမရှိ။
ကဲ..........ဒီတော့ဗျာ တွေဝေမနေပါနဲ့တော့ ။ ရရှိတဲ့ အခြေအနေမှာ လက်ခံစိတ်နဲ့ နေပျော်တဲ့ဘ၀ကို
အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြပါစို့။ နေရု (ရေခါး)

Tuesday 7 July 2009

သတ်မှတ်ချက်များနဲ့ စက်ရုပ်လူသား


အမျိုးမျိုးပါပဲ။လူကို မူးအောင် ဝေအောင် နှလုံးတုန်အောင် ရင်ခုန်အောင် အချင်းချင်းမသင့်မတင့်ဖြစ်အောင်...
စသည်အားဖြင့် ကြားခဲ့ဖူးသော ဝေါဟာရများ နာခဲ့ဖူးသော တရားတော်များ နားရည်တော့ ၀ ခဲ့ပါရဲ့။
နှလုံးရည်မပြည့်ဝခဲ့တာ ငါ့ရဲ့အတိတ်ကံကြမ္မာနဲ့ ဆိုင်လို့လား။ နည်းပညာ စည်းမျဉ်း ၊ သီအိုရီ စည်းမျဉ်း ၊
နိုင်ငံရေး စည်းမျဉ်း ၊ ဘာသာရေး စည်းမျဉ်း ၊ ယဉ်ကျေးမှု စည်းမျဉ်း ၊လူ့စည်းမျဉ်း ၊ လမ်း စည်းမျဉ်း ၊ ဟာ .... ရှုပ်နေတယ် အဲဒါကြောင့်ပြောတာပေါ့ အစကတည်းက အမျိုးမျိုးပါဆို။ လူသားတို့သည် တဖြေးဖြေး စက်ရုပ်
ဆန်လာကြသည်။ကိုယ်ပိုင် အိုင်ဒီယာကို အားကိုးအားထားမပြုချင်ကြတော့ ။ ဘာလုပ်လုပ် ဘယ်သွားသွား
ဘာကြည့်ကြည့် ဘယ်နေနေ စက်ပစ္စည်း ကိုသာလျှင် အားထားလာကြသည်။ ကူးစက်မှုဆိုသည်မှာ အရာရာ
တိုင်းမှာ ရှိနိုင်သည်။ နိယာမတိုင်းမှ တန်ပြန်သက်ရောက်မှုရှိသည်ဆိုလျှင် ရုပ်ဝတ္ထုများမှာလဲ တန်ပြန်သက်ရောက်
မှု ရှိနိုင်သည်။
ဒီနေ့ ၀က်သားသည် နက်ဖန်ဆိုလျှင် အဆိပ်ဖြစ်သွားနိုင်သည်။ လူစားသော ၀က်သားသည် လူအတွက် အဆိပ် ဖြစ်သော်လည်း ခွေး ၊ ၀က် တိရစ္ဆာန်တို့အတွက် အစာ အာဟာရဖြစ်ရပြန်သည်။
ပြောင်းလဲမှု နိယာမရဲ့သဘောတရားပိုင်းဆိုင်ရာ ဖြစ်သည်။ဆိုလိုသည်မှာ ဒီကနေ့ လူယုတ်မာသည် နက်ဖန်
သူတော်ကောင်းဖြစ်ချင် ဖြစ်နိုင်သည်။ထိုနည်းတူစွာ ဒီနေ့ သူတော်ကောင်းသည် နက်ဖန်လူယုတ်မာဖြစ်ချင်
ဖြစ်နိုင်သည်။၂၁ ရာစု ခေတ်သည် နည်းပညာများက သူထက်ငါ အပြိုင်အဆိုင် စိန်ခေါ်နေတဲ့ အခြေအနေမှာ
ရှိသည်။ နည်းပညာတိုင်း၏ သက်မှတ်ချက်သည် ယေဘုယျသဘောအရ ဒီကနေ့ ဒီလိုဖြစ်သော်ငြားလည်း
နက်ဖန်ဒီလိုဖြစ်ချင်မှ ဖြစ်မည်။ အော် ဒီနေ့ ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ ဆိုတာ တောင် မေ့နေ
တယ်။လွန်ခဲတဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဘုရားရှင် ဟောကြာတော်မူခဲ့တဲ့ တရားတော် ပဌမဦးဆုံး
တရားတော် အကြောင်းအရာပိုင်းဆိုင်ရာ အနှစ်သာရပိုင်းဆိုင်ရာ အမှန်တရားပိုင်းဆိုင်ရာ ဒီနေ့ထိမှန်နေတာ။
သိပ်ပြီး တန်ဖိုးထားဖို့ကောင်းတယ်။ မေ့နေလိုက်တာ သတ်မှတ်ချက်များနဲ့ စက်ရုပ်လူသားအဖြစ်က ရုန်းထွက်ဖို့ မေ့လျှော့နေခဲ့တာ ကြာခဲ့ပြီ။နောက်ဆုံးတော့ ပင်လယ်ထဲက ရေသည် ပင်လယ်ထဲသို့ပဲ
ပြန်လည်ရောက်ရှိကြလေကုန်၏။ ဆိုသလိုပါပဲ။ကိုယ့်ကိုကိုယ်ပဲ ကြည့်ပြီး အားမနာတမ်း ဝေဘန်ရမှာပဲ။
ဘ၀သည
် ၁ ။ မွေးဖွားခြင်း
၂ ။ သေဆုံးခြင်း တို့ဖြစ်သည်။
ရှင်သန်ခြင်းသည် ကျယ်ပြန့်လွန်းပါသည်။ ရှုပ်ထွေးလွန်းပါသည်။ လူတွေက မကောင်းဘူး လူတွေက မကောင်းဘူး နေရာတိုင်းလိုလို အချိန်တိုင်းလိုလို ကြားနေရပါသည်။
ကျုပ်တို့တွေ ကြိုက်ရာလမ်းကို ရွေးချယ်နိုင်ပါသည်။ ဖြစ်ချင်တာကို ဖြစ်နိုင်ပါသည်။လုပ်ချင်တာကို လုပ်ပိုင်
ခွင့် ရှိကြပြီးဖြစ်သည်။ ဒါပေသိ ... အခြေ အနေ နဲ့ အချိန်အခါကိုတော့ဖြင့် သတိပြုရ၏။
သတ်မှတ်ချက်များနဲ့ လူသား နည်းပညာများနဲ့ လူသား လူထဲက လူသား မသေချာတဲ့ လူသား
မရေရာတဲ့ လူသား အော် နောက်ဆုံးတော့ ငါလဲ သတ်မှတ်ချက်များတဲ့ လူသားဖြစ်နေပါလား.....။
နေရု ( ရေခါး )

Monday 6 July 2009

နင်လားဟဲ့ .......................................


ဘာကိုကြောက်နေတာလဲ ပြောစမ်း။ ဘာလို့ နောက်ပြန်လှည့်မှာလဲ တက်စမ်း။ဘယ်သူကလဲ ပြောစမ်း။
ဘယ်အရာလဲ ပြစမ်း။ဘယ်အထိလဲ တိုင်းစမ်း။ဘာတဲ့လဲ ပြန်မေးစမ်း။ဟာ သေချာပြန်ကြည့်မှ ဘာမှရေ ရေ
ရာရာ မဟုတ်ဘူးဆိုတာ သိရတယ်။ငါ့နှယ်နော် ညံ့လိုက်တာ အသက် ၃၀ ကျော်ပြီ ဘာမှ ရေရေ ရာရာမရှိဘူး။
ဘာထူးဆန်းတာ ရှိခဲ့လဲ ဆိုတာ ကိုယ့်ကိုကိုယ်တောင် မေ့တေ့တေ့။အကောင်းဆုံးကတော့ ဖြစ်နိုင်ရင်အားလုံး
ကိုမေ့ပစ်ဖို့ပဲ။လွယ်ပါ့မလားမမေးနဲ့။လုပ်စရာရှိတာ မြန်မြန်လုပ်။ထိထိရောက်ရောက် ရှိဖို့တော့ လိုအပ်တယ်။
ကိုယ်စိတ်ကို ပျော်ရွှင်မှုပေးနိုင်သည်မှန်သမျှ အကုန်သာလုပ်။ပြန်ပြီး နောင်တရစေမယ့် အရာတွေတော့ မလုပ်မိစေနဲ့ပေါ့။ကိုယ့်စိတ်ကို နိုင်ခြင်း မနိုင်ခြင်းက အတော်လေး အရေးပါတယ်။ဟောဒီ သိန်းငှတ်ကြီးလို
ရဲရင့်စမ်း။သတ္တိရှိစမ်း။ရှေ့တက်စမ်း။လူ့ဘ၀ တဲ့လား တိရစ္ဆာန် ဘ၀တဲ့လား လာခြင်ရာလာပေါ့။
ရင်ကိုကော့ထား ခေါင်းကို မော့ထား။ကြောက်သွေးပါရင် ဖောက်ထုပ်ပစ်လိုက်။ကြောက်စိတ်ပါရင် ကောက်လိပ်။ အရေးကြီးတာက ဘာလုပ်လုပ် သတ္တိရှိဖို့ပဲ။ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကို လုပ်ပါ။
သူများ ပယောဂဆိုတာ ဘာတစ်ခုမှ ကောင်းတာမဟုတ်။
ကဲ ဘယ်လိုလဲ .......... အတောင်စုံရင် ပြန်ကြစို့ ။ ငါကတော့ ဘယ်ထိအောင် ဆက်ရွက်လွှင့်နေဦးမည်မသိ။
ကမ်းရှိရာ ကပ်လိမ့်မပေါ့။ လမ်းရှိရာ လျှောက်လိမ်မပေါ့။ကိုယ်ပိုင် အိမ် ကိုယ်ပိုင်အခမ်း ဆိုတာ ငါ့အတွက်
သေး သေး လေးရယ်ပါ။ ငါ့ကိုယ်ငါတောင် ငါမပိုင်တဲ့ ဘ၀ ရောက်ချင်ရာ ရောက် ဘယ်တော့မှ ဒူးမထောက်
ဘူးဟေ့ ...................................။နင်လားဟဲ့ ..................................လို့ အော်ပြီ ပျော်ပျော်ကြီးခရီးဆက်မယ်။
နေရု (ရေခါး)

Saturday 4 July 2009

အားလုံးအတွက်ရှိနေတဲ့ အလှတရား.........


ဟုတ်ကဲ့ စဉ်းစားဖြစ်တာ ကြာပါပြီ။အလှတရား မလှတရား ဆိုတဲ့ဝေါဟာရတွေအကြောင်းကိုပေါ့။
ဟိုနေရာမှာပြော ဒီနေရာမှာပြော အလှတရာနဲ့ ပတ်သက်လို့ တော်တော်အပြောများကြပါတယ်။
လူနှစ်ယောက်ယှဉ်သွားမယ်ဆိုရင်တောင်မှ လှတဲ့သူကိုမှ ကြည့်ချင်တဲ့လောက။လှပသူကိုမှ သြဇာ
ပေးချင်တဲ့လောက ကိုယ်တိုင်ကတော့ လောကအပေါ်ဘယ်လိုအလှဆင်ရမယ်ဆို မစဉ်းစားနိုင်။
ကိုယ့်အတွက်လို့ထင်ပြီး ရှိသမျှ တွေ့သမျှ အလှကို ခံစားချင်တဲ့စိတ်ဓါတ် ရုပ်ဝတ္ထုရဲ့တိုးတက်မှုနဲ့
လိုက်လျှောညီထွေ ၀ါးမျိုခံနေရသော ကိုယ်ကျင့်တရားများ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆို
တဲ့ အတ္တ၀ါဒီများ....လူမှုဘ၀ဖြစ်စဉ်ထဲမှာ လုံးဝ မပါဝင်သော အဟိတ်တိရစ္ဆာန်တို့ရဲ့ အသိညာဏ်ကင်းမဲ့ ဖြစ်စဉ်များ လူလောကမှာ မထွန်းကားရေးသည် လူသားများနှင့်သာဆိုင်ပါသည်။တိရစ္ဆာန်များသည် သူတို့မျိုးတူချင်းသေစေနိုင်သော လက်နက်
ဓာတုဗေဓ ဆေးဝါများကိုဘယ်သောအခါကမှ မပြုလုပ်ခဲ့ပါ။လူသည် လူကိုသေစေနိုင်သော
လက်နတ်မျိုးစုံ နျူးကလီယား ဓါတုဗေဓ စသည်တိုကို သူ့ထက်ငါ အပြိုင်အဆိုင်ပြုလုပ်နေကြ၏။
ကျုပ်တို့ဘာကို ဦးတည်နေကြလဲ။ဘာအတွက် ရှင်သန်နေကြလဲ။လူသည် ပရိယာယ်အလွန်များသော သတ္တ၀ါဖြစ်၏။လူ့ပရိယာယ်ကို လူလိုက်သော်မှ မှီနိုင်သည်ရှိသလို
မမှီနိုင်သော အရာများရှိပါ၏။ယနေ့ထိ ကျုပ်တို့သေသွားသည်ထိ အမှန်တကယ်အကျိုးပြုနိုင်သော အလှတရားမှာ တစ်ခုတည်းသာရှိပါသည်။ယင်းတစ်ခုတည်းသော အရာမှာ ပြင်ပလောကမှာရော ကျုပ်တို့ကိုယ်ထဲမှာလဲတွေ့နိုင်ပါသည်။ယင်းမှာ သဘာဝတရားပင်ဖြစ်ပါသည်။ယင်းသဘာဝတရားမှာခွန်အားများစွာပါဝင်ပါသည်။စွမ်းအားအကြီး
မားဆုံးလဲဖြစ်၏။ဘယ်သောအခါမှ ထုပ်ယူသုံးစွဲလို့ မကုန်ခမ်းနိုင်ပါ။ယင်းသဘာဝရဲ့အလှတရားကိုကျုပ်တို့တွေ အသိအမှတ်ပြုပြီး ပိုပြီးလှပလာဖို့
ထိမ်းသိန်းစောင့်ရှောက်ကြပါစို့။ကာကွယ်ကြပါစို့...။ခံစားကြပါစို့........။

Friday 3 July 2009

စိတ်........ ပြီးတော့ ကျန်းမာရေး



အပြောင်းအလဲဆိုသည်မှာ လူတိုင်း လူတိုင်းမလွဲမသွေကြုံကြရမှာ ဖြစ်ပါတယ်။အခြေအနေနဲ့ အချိန်အခါအရ
သိသာထင်ရှားသော အပြောင်းအလဲ မသိသာ မထင်ရှာသော အပြောင်းအလဲ ဒါလောက်သာ ကွာသည်။
ဘ၀မှာ ဘယ်မျှအတိုင်းအတာထိ ပြောင်းလဲပါစေ။တစ်ချို့သည် စိတ်ဓါတ်ခိုင်မာကြသည်။တစ်ချို့ကြပြန်တော့
စိတ်ဓါတ်ပြော့ညံ့ကြပြန်သည်။တုန့်ပြန်ကြပုံချင်း မတူညီကြပါ။သူတို့ရဲ့တုန့်ပြန်မှုအတိုင်းသာ လောကသည်
ပြန်လည်ပေးဆက်ရ၏။အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဘ၀အပေါ်မြင်ပုံကြချင်းလဲ မတူညီကြပါ။စိတ်ဓါတ်
သို့မဟုတ် လူတစ်ယောက်ရဲ့စိတ်ထားသည် သူအတွက်ရော အားလုံးအတွက်ပါ အရေးကြီးပါသည်။စိတ်ဓါတ်မဟုတ်တော့ ရင် ကျန်အရာများစွာလဲ ဘာတစ်ခုမှ သိပ်မဟုတ်တော့ပါ။
မွေးဖွာချိန်မှ သေဆုံးချိန်ထိ အဲဒီစိတ်ဓါတ်တစ်ခုတည်းသာလျှင် စီမံသွားပါသည်။အရေးအကြီးဆုံးမှာတော့
စိတ်ဓါတ်ပြီးပါလျှင် ကျန်းမာရေး ကောင်းမွန်ဖို့သာဖြစ်သည်။ဘာလုပ်ချင်တယ်ပဲပြောပါစေ ကျန်းမာရေး
မကောင်းလျှင် ဘာမှလုပ်မရပါ။ကျန်းမာရေး ကောင်းမွန်ခြင်းသည် ဘ၀မှာအကောင်းဆုံးဆုလာဒ်ဖြစ်သည်။
ကျန်းမာရေး ကောင်းမွန်မှသာလျှင် ကိုယ့်ဘ၀အတွက် နက်ဖန်များစွာအတွက် ကြိုတင်ပြင်ဆင်ချိန်ရနိုင်ပါသည်။စိတ်ဓါတ်ကောင်းမွန်မှုဆိုတာလဲ သိပ်ပြီး အကြီးအကျယ်ကြီးများ တွေးစရာမလိုပါ။ကိုယ့်ကို ကိုယ် ကိုယ့်အတွက် စိတ်ထားကောင်းမွန်ဖို့လိုအပ်သည်။
နောက်ပြီး ကိုယ့်အနီးနား ပတ်ဝန်းကျင် အတွက်ကောင်းမွန်ဖို့ စိတ်ဓါတ်ကောင်းပြဖို့လိုသည်။ကိုယ်သည် အများအတွက် အနှောက်အယှက်မဖြစ်စေရ ကိုယ်တစ်ယောက်တည်းအတွက်ကြောင့် အများမနစ်နာစေရ။
နောက်ပြီး အမှန်တကယ်အများအတွက် အလုပ်လုပ်နေသူတို့ကိုယ်က တက်နိုင်သလောက်အကူညီပေးခြင်း
ဒါမှ မဟုတ် ကိုယ်က တက်နိုင်သလောက် ဖျော်ဖြေရေးပေးခြင်း ပျော်ရွှင်စေခြင်း အများအကျိုးပြု လုပ်ငန်းများကို တွန်းအားပေးရခြင်း ဆိုသောစိတ်ဓါတ်တို့သာဖြစ်၏။ငယ်ရွယ်စဉ်အခါမှာ ပညာရှာဖွေခြင်း
ပြည့်ဝသော နှလုံးသားပိုင်ရှင် ဖြစ်ခြင်းတို့သည်သာ ကောင်းမွန်ပါသည်။
အရာရာမှာ အသေးအမွှားလေးက စပြီးကိုယ်က ဇီဇာကြောင်နေရင် ဘာတစ်ခုမှ အရသာမတွေ့နိုင်ပါ။
ဘာလုပ်လုပ် အရသာရှိရှိလုပ်မှသာလျှင် ကောင်းပါသည်။အာရုံထွေပြားသော အလွန်ရှုပ်ထွေးလွန်သော
ယနေ့ကမ္ဘာမှာစိတ်ဓါတ် နဲ့ ကျန်းမာရေးသည် အလွန်အရေးပါသည်။ထို့ကြောင့် စိတ်ဓါတ်ခွန်အား ဖြစ်စေနိုင်
သော စာပေးများ ဖျော်ဖြေရေးများနောက်ပြီး ကျန်းမာရေး ကောင်းမွန်စေသော စာပေ အနုပညာများရှိသင့်ပါသည်။အရာရာ တိုးတက်နေသော ယနေ့ရုပ်ဝတ္ထု ခေတ်ကြီးထဲမှာ တစ်ဦး တစ်ယောက်တည်း ရပ်တည်နေလို့ တစ်ဦးတစ်ယောက်တည်း ကောင်းနေလို့ မဖြစ်နိုင်တော့ပါ။
အားလုံးကို ကျေးဇူးတင်ပါသည်။ နေရု (ရေခါး)

Wednesday 1 July 2009

ဇာတိချက်ကြွေ မွေးရပ်မြေ......


အများပြောနေကြ အများတမ်းတနေကြ စကားလုံးလေးပါပဲ။သက်ရှိလူသားတိုင်း အသိညာဏ်ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ ကိုယ်စီစိတ်ထဲမှာတော့ အမြဲကိန်းအောင်းနေကြမှာ သေချာပါတယ်။စကားလုံးတွေထဲမှာ မမြင်နိုင်တဲ့ ခွန်အားတွေ ပါတက်ပါတယ်။အဲလေ ပါကိုပါပါတယ်။ဒါပေမယ့် .... စကားလုံးတိုင်းတော့ မဟုတ်ပါဘူး။တချို့စကားလုံးတွေက ခွန်အားတော့ပါပါရဲ့။အများကို ထိခိုက်ရင်လဲ သိပ်မဟန်ပြန်ဘူး။ကျုပ်သိသလောက် စကားလုံးတွေ နဲ့ စာဖတ်သူများကို ခွန်အားဖြစ်စေနိုင်မယ့် စကားလုံးတွေကို
ဒီနေ့ ဇူလိုင်လဆန်း ၁ ရက်နေ့မှာ စွမ်းအားရှိသလောက် ရေးမယ်လို့ စိတ်ကူးထားတယ်။ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်
ကိုယ်ပိုင် အတွေနဲ့ပဲ ရေးမှာပါ။စာရေးဆရာတော့ မဟုတ်ပါဘူး။စာရေးဆရာ သီးသန့်မှသာ စာရေးတာ မဟုတ်ပါဘူး။စာရေးသူတိုင်းသည် စာရေးသူလို့ပဲ ခေါ်ချင်ပါသည်။နောက်ဆက်စကားလုံးဖြစ်တဲ့ ဆရာ တို့ ဘာတို့ ဆိုတာတွေက သိပ်ကြီးအရေးပါလှသည်တော့ဖြင့်မဟုတ်ပါဘူး။ကျုပ်ရဲ့ ဇာတိချက်ကြွေ ကတော့ ကျုပ်တစ်ယောက်တည်းသာလျှင်ဆိုင်တဲ့ နေရာလေးတစ်ခုပါပဲ။ကိုယ်ပိုင် ပုဂ္ဂလိကခံစားမှုကို တင်ပြသည်ဆိုရာမှာလည်း အများနှင့်တော့ဖြင့်ဆိုင်ပါသေးသည်။နှိုင်းယှဉ် ကြည့်တက်မှု နှိုင်းယှဉ်လေ့လာမှု ဆိုသော ဝေါဟာများကို ကမ္ဘာနိုင်ငံအသီးသီးရှိ တက္ကသိုလ်များမှာ ဘာသာရပ်တစ်ခုအနေဖြင့် ရှိနေကြကုန်ပြီးဖြစ်၏။ကျုပ်တို့သိသောအသိသည် အားလုံးပြီးပြည့်စုံသောအသိမဟုတ်သည်မှာ သေချာ၏။ထိုအတွက် သင်ယူ လေ့လာခဲ့သည်မှာလဲ သေထိတိုင်အောင် ပြီးဆုံးနိုင်လိမ့်မည်မထင်ပါ။ပြီးဆုံးခြင်း မပြီးဆုံးခြင်းသည် ကိုယ်နှင့်မပတ်သက်ပါ။ကိုယ်သိသလောက် ပြသခြင်းသည်သာ ကိုယ်နှင့်သက်ဆိုင်ပါ၏။ထို့အတွက်တာများကြောင့် ကိုယ်သိသလောက်ကို တင်ပြခြင်းအတွက် အစပျိုးမိသည်မှာ သည်မျှလောက်ထိ ရှည်လျှားခဲ့သည်ကား မှန်ပါသည်။ဇာတိချက်ကြွေ မွေးရပ် မြေမှ အားလုံးကို ကြိုဆိုပါကြောင်း မိတ်ဆက်ပါရစေ။ နေရု (ရေခါး)